ဘင်္ဂလားဒေ့ရှ်ရှိ စားသောက်ကုန်စက်ရုံတစ်ရုံ ပြင်းထန်စွာမီးလောင်မှုဖြစ်ပြီး ရုပ်အလောင်း(၅၀)ကျော် တွေ့

420

Htay Oung (NP News) - ဇူလိုင် ၉
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒါကာမြို့အနီးရှိ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတစ်ရုံ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အပျက်အစီးများကြားမှ ရုပ်အလောင်း ၅၂ လောင်းကျော်ထက်မနည်းကို တွေ့ရှိကြရပြီး ပြင်းထန်စွာမီးလောင်နေဆဲဖြစ်သောကြောင့် လူအများအပြားပျောက်ဆုံးမည်မှာ စိုးရိမ်ဖွယ်ဖြစ်သည်ဟု Russia Today က ယနေ့ ရေးသားသည်။
ကြာသပတေးနေ့ညတွင် ဒါကာမြို့မှ ၁၂ မိုင်ခန့်အကွာတွင်တည်ရှိသည့် စက်မှုဇုန်၌တည်ရှိသော “ ဟာရှင် စားသောက်ကုန်နှင့် အဖျော်ယမကာ “ လုပ်ငန်းပိုင် ခေါက်ဆွဲနှင့် အချိုရည်ထုတ်လုပ်ရေး အထပ်မြင့်အဆောက်အအုံ၏ မြေညီထပ်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးတောက်လောင်မှုမှာ ပြင်းထန်လွန်းသည့်အတွက် သောကြာနေ့ နံနက်ပိုင်း ရောက်သည့်တိုင် ဆက်လက်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်သမားများက ဒေသခံမီဒီယာများအား ပြောပြသည်။ အပျက်အစီးများကြားမှ ရုပ်အလောင်း ၅၂ လောင်းကို ရှာဖွေကယ်ဆယ်ရေးအရာရှိများက တွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းလျှက်ရှိသော အဆောက်အဦး အတွင်း၌ လူအများအပြားပိတ်မိနေနိုင်သောကြောင့် ဆက်လက်ရှာဖွေနေကြောင်း ဒေသခံမီဒီယာများ၏ နောက်ဆုံးသတင်းအရ သိရှိရသည်။ ဒေသခံတာဝန်ရှိသူများက ပြောဆိုရာတွင် မီးလောင်ကျွမ်းခြင်းနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို စုဆောင်းနေကြဆဲဖြစ်ပြီး မီးစတင်လောင်ကျွမ်းရခြင်းနှင့် ပိတ်မိနေသော အလုပ်သမားမည်မျှရှိသည်ကို မသိရှိရသေးကြောင်း ပြန်ကြားသည်ဟု Reuters သတင်းအေဂျင်စီက ဖော်ပြသည်။
မီးတောက်များမှလွတ်မြောက်ရန်မျှော်လင့်လျက် အပေါ်ထပ်မှ ခုန်ချကြသဖြင့် အများအပြား ဒဏ်ရာရရှိကြောင်း စိတ်ထိခိုက်ဖွယ်ကြားသိရပြီး ခေါင်မိုးပေါ်မှ လူ နှစ်ဒါဇင်ခန့်ကို မီးသတ်သမားများက ကယ်တင်ခဲ့သည်။ ယခုကဲ့သို့ အသက်ဆုံးရှုံးမှုများ ဖြစ်စေသည့် မတော်တဆမှုများမှာ ဘင်္ဂလားဒေ့ရှ်တွင် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၃ ခုနှစ်တွင် အထည်ချုပ်စက်ရုံတစ်ရုံတည်ရှိရာ ရီနာပလာဇာ အဆောက်အအုံ ပြိုကျခဲ့သဖြင့် လူပေါင်း ၁၁၀၀ ကျော်သေဆုံးခြင်းမှာ နိုင်ငံ့သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည်။ ထို့နောက်ပိုင်း တာဝန်ရှိသူများအနေဖြင့် အလုပ်သမားများ၏ ဘဝအခြေအနေနှင့် ဘေးအန္တရာယ်လုံခြုံရေးတွင် တိုးတက်စေရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဘင်္ဂလားဒေ့ရ်ှ၌ လုံခြုံရေးနှင့် ဘေးအန္တရာယ်မကင်းသည့် အဆောက်အအုံများတွင် ဆက်လက်ရှင်သန်နေရသူ အလုပ်သမားတို့မှာ သန်းပေါင်းများစွာရှိနေပြီး စက်ရုံများစွာတို့၏ လုံခြုံရေးစည်းမျဉ်းများမှာ ညံ့ဖျင်းကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ယနေ့မီးလောင်ကျွမ်းမှုမှာ ၂၀၁၂ ခုနှစ်တွင် အနည်းဆုံး ၁၁၇ ဦး သေဆုံးခဲ့ရသည့် စက်ရုံမီးလောင်မှုနောက်ပိုင်း လူ့အသက်ဆုံးရှုံးရမှုအများဆုံးဖြစ်သည်။ ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ပြင်းထန်လာပြီး သေဆုံးသူပေါင်း ၁၅၀၀၀ ကျော်ဖြစ်လာခြင်းကြောင့် စစ်ဘက်မှကြီးကြပ်သည့် လော့ဒေါင်း တားဆီးပိတ်ဆို့ ခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့တိုင်အောင် ပြဋ္ဌာန်းထားသည်။