ပေကျင်းမှာ ယခုနှစ်ရဲ့ကြီးမားပြင်းထန်ဆုံးမုန်တိုင်းနဲ့ ရင်ဆိုင်နေရသဖြင့် လေကြောင်းလိုင်းတွေ ဆိုင်းငံ့ထားပြီး စာသင်ကျောင်းတွေ ပိတ်ထားရ
567
ရောင်နီ (NP News) - ဇူလိုင် ၁၂
တရုတ်နိုင်ငံ၊ ပေကျင်းမှာ တနင်္လာနေ့( ဇူလိုင် ၁၂ ရက်နေ့) က ယခုနှစ်အတွင်း အပြင်းထန်ဆုံး မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းများကြောင့် မူကြို၊ သူငယ်တန်းနဲ့ အလယ်တန်း စာသင်ကျောင်းများပိတ်ကာ ခရီးသွားဆိုက်များနဲ့ လေကြောင်းလိုင်းများ ဆိုင်းငံ့လိုက်ရပါတယ်။
မြို့ရှိနေထိုင်သူများအနေနဲ့ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း အပြင်ထွက်သွားလာခြင်းများ မပြုလုပ်ဖို့ မြို့အာဏာပိုင်များက သတိပေးထားပါတယ်။ တစ်ချို့ဒေသတွေမှာ မိုးရေချိန် ၁၀၀ မီလီမီတာထိရှိပြီး လေဆိပ် ၂ ခုကို ပိတ်လိုက်ခြင်းကြောင့် လေကြောင်စခရီးစဉ် ၇၀၀ ခန့် ဆိုင်းငံ့လိုက်ရတယ်လို့ လေကြောင်းထောက်လှမ်းရေး Vari Flight က ပြောကြားပါတယ်။ ပေကျင်းနဲ့ အိမ်နီးချင်းဒေသတွေမှာ တနင်္လာနေ့နှောင်းပိုင်းထိ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်ဖွယ်ရှိကြောင်း သတိပေးနှိုးဆော်ထားပြီး မြို့ရဲ့မြောက်ပိုင်းခရိုင်မှာ မြေပြိုမှုများဖြစ်ပွားနေကာ ကျောက်တုံးများနဲ့ ပိတ်နေတဲ့ လမ်းရဲ့ ပုံရိပ်တွေကို CCTV မှ မှတ်တမ်းတင် ဖော်ပြထားချက်များအရ တွေ့ရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပိတ်ဆို့နေတဲ့ လမ်းတွေကို ဖယ်ရှားရှင်းလင်းဖို့ ကြိုးပမ်းနေပြီး Sichuan နဲ့ Shaanxi အပါအဝင် မြစ်လက်တက် ၁၄ ခုမှာ ရေလွှမ်းမိုးမှုများ ဖြစ်လာနိုင်တယ်လို့ အာဏာပိုင်များက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းကလည်း တရုတ်နိုင်ငံမှာ ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းမများမှာ ရေလျှံခဲ့ကာ သောင်းနဲ့ချီတဲ့ နေထိုင်သူများ နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။