ဗီယက်နမ်သူဌေးကြီးရဲ့ Vinfast က ဗီယက်နမ်ထုတ်လျှပ်စစ်ကားနှစ်မျိုးကို အမေရိကန်နဲ့ ဥရောပဈေးကွက်မှ မကြာခင် စတင်ရောင်းချတော့မယ်
1721
မိုးတိမ် (NP News) - ဇူလိုင် ၁၂
ဗီယက်နမ်ရဲ့ပထမဆုံးသောနိုင်ငံသားပိုင် ကားထုတ်လုပ်ရေးကုမ္ပဏီဟာ လျှပ်စစ်ကားအမျိုးအစားနှစ်မျိုးကို အမေရိကန်နဲ့ဥရောပဈေးကွက်ထဲမှာ လာမယ့်နှစ်အတွင်း စတင်ရောင်းချသွားတော့မယ်လို့ ကုမ္ပဏီက အသိပေးကြေညာလိုက်ပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ်ပွဲတွေနဲ့အတူ ဆင်းရဲတွင်းထဲမှာ ရုန်းကန်ခဲ့ရဖူးတဲ့ ဗီယက်နမ်ဟာ စနစ်ဝါဒကောင်းမွန်မှုနဲ့အတူ လျှပ်စစ်ကားတွေကိုပါ အမေရိကန်ဈေးကွက်ထဲအထိ တင်သွင်းရောင်းချနိုင်တော့မယ့် ပထမဆုံးသော အာဆီယံကားကုမ္ပဏီဖြစ်လာတာပါ။ ကုမ္ပဏီက ဇူလိုင်လ(၁၂)ရက်မှာ မီဒီယာတွေကို အသိပေးကြေညာလိုက်တာကတော့ လျှပ်စစ်ကားသစ်နှစ်မျိုးဖြစ်တဲ့ VF e35 နဲ့ VF e36 ကို ၂၀၂၂ ခုနှစ် မတ်လမှာ မြောက်အမေရိကတိုက်ဈေးကွက်ထဲသို့ ပို့ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်အမေရိကတိုက်ထဲက အမေရိကန်နဲ့ ကနေဒါမှာ ရုံးခန်းတွေ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဥရောပတိုက်ထဲက ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်တို့မှာလည်း အဓိကဈေးကွက်တွေအဖြစ် ရုံးခန်းဆက်ဖွင့်သွားမယ်လို့ ဆိုပါတယ်။ လျှပ်စစ်ကားဒီဇိုင်းသစ်နှစ်မျိုးလုံးကို ဗီယက်နမ်နိုင်ငံသားပိုင် Vinfast က ပိုင်ဆိုင်တာဖြစ်ပြီး ဗီယက်နမ်ထုတ်ကားတွေအဖြစ်လည်း မှတ်ပုံတင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Vinfast အနေနဲ့က ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်ရဲ့ တက်စ်လာကားကို ယှဉ်ပြိုင်သွားရမှာဖြစ်သလို ကမ္ဘာကျော်တံဆိပ်တွေဖြစ်တဲ့ BMW နဲ့ တိုယိုတာတို့ကိုပါ တစ်ပြိုင်တည်းယှဉ်ပြိုင်ရတော့မလို ဖြစ်နေပါတယ်။ သို့သော်လည်း ဈေးကွက်ထဲမှာ Vinfast က ရောင်းအားကောင်းတဲ့ကုမ္ပဏီအဖြစ် ရှိနေပြီး ယမန်နှစ်က ဆီဒင်နဲ့ SUV အမျိုးအစား ကားစီးရေ(၃၀၀၀၀)ကျော် ရောင်းချထားရသလို လျှပ်စစ်ကားအဖြစ် VF e34 ကို ဒေါ်လာ ၂၉၀၀၀ နဲ့ ဈေးကွက်တင်ရောင်းချထားဖူးတယ်လို့ သိရပါတယ်။
Vinfast ကားထုတ်လုပ်ရေးလုပ်ငန်းဟာ ဗီယက်နမ်ရဲ့အချမ်းသာဆုံးလုပ်ငန်းစုကြီးဖြစ်တဲ့ Vingroup ရဲ့လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Vingroup ရဲ့စီအီးအိုဖြစ်သူ Pham Nhat Vuong ဟာ ဒေါ်လာ(၇)ဘီလျံအထက် ချမ်းသာသူဖြစ်ပြီး မစ္စတာ ဖန်းဟာ ယူကရိန်းနိုင်ငံမှာ ခေါက်ဆွဲခြောက်ရောင်းချခြင်းလုပ်ငန်းကနေ စတင်ကြီးပွားချမ်းသာလာသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။