ကိုဗစ်တတိယလှိုင်းကြောင့် မြန်မာကို ဝင်ရောက်ခဲ့ဖူးသူများအားလုံးကိုပါ မည်သည့်ဖြတ်သန်းခွင့်မှ ပြုမည်မဟုတ်ကြောင်း စင်ကာပူ ကြေညာ
854
Htay Oung (NP News) - ဇူလိုင် ၁၄
စင်္ကာပူနိုင်ငံသို့ ရက်တိုနှင့် ရက်ရှည်လာရောက်လည်ပတ်မည့်သူများ၌ လွန်ခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားရောက်ခဲ့ဖူးကြောင်း ရာဇဝင်ရှိခဲ့လျှင် ပြည်ဝင်ခွင့် သို့မဟုတ် နိုင်ငံအား ယာယီဖြတ်သန်းခွင့် Transit ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၄ ရက်) တွင် ကြေညာလိုက်သည်။
ဇူလိုင် ၁၅ ရက်နေ့ညသန်းခေါင်ယံ ၁၂ နာရီအချိန်ခန့်မှစတင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်မပြန်မချင်း အတည်ဖြစ်သည့် အဆိုပါပြဋ္ဌာန်းချက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအခြေအနေ ပိုမိုဆိုးရွားလာ၍ဖြစ်ကြောင်း ဖော်ပြသည်။ ပြဋ္ဌာန်းချက်သည် လွန်ခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင်ငံအား ယာယီဖြတ်သန်းခဲ့ဖူးပြီး စင်္ကာပူသို့ ဝင်ရောက်ရန် ကြိုတင်ခွင့်ပြုချက်ရယူထားသော ခရီးသွားများနှင့်လည်း သက်ဆိုင်သည်ဆို၏။ မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးကြောင်း ရာဇဝင်ရှိသည့် ခရီးသွားများအားလုံးတို့အနေဖြင့် တင်းကျပ်သောအစီအမံများကို လိုက်နာကြရမည်ဖြစ်ပြီး ဆိုက်ရောက်ချိန်တွင် antigen rapid test ဖြင့် အမြန်စစ်ဆေးမှုကို ခံယူကြရမည်ဖြစ်ကြောင်း MOH က ပြောဆိုသည်။ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး ၁၄ ကြာ နေအိမ်အတွင်း၌သာ Stay-home နေထိုင်ရန် သတိပေးချက်အတိုင်း ပြီးစီးခြင်း မရှိသေးသူများအနေဖြင့် ဖြစ်ပေါ်လာသည့် လိုအပ်ချက်များအတိုင်း ဆက်လက်လိုက်နာကြရမည်။ Stay-home နေထိုင်သူတို့သည် ဆိုက်ရောက်ပြီး ၃ - ၇- ၁၁ နှင့် ၁၄ ရက်တို့တွင် ညွှန်ကြားထားသော အဆောက်အအုံ၌ COVID-19 ရောဂါစစ်ဆေးမှုကို ခံယူကြမည်ဖြစ်ကြောင်း ကြေညာသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုမှာ မကြာသေးမီရက်များအတွင်း ကပ်ရောဂါကာလတလျှောက် အများဆုံးအရေအတွက်ကို တွေ့ရှိခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်များအရ တစ်ရက်အတွင်း ပိုးတွေ့သူဦးရေ ၅၀၁၄ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး နောက်တစ်ရက် အင်္ဂါနေ့တွင် ကူးစက်ခြင်းခံရသူ ၄၀၄၇ ဦး ထပ်မံတွေ့ရှိရကြောင်း သိရှိရသည်။
ယမန်နေ့ ညပိုင်း တရားဝင်ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံး၌ COVID-19 ဖြစ်ပွားမှု ၂၀၁၂၇၄ ခု ရှိခဲ့ပြီး ၄၀၃၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။