အင်ဒိုနီးရှားသည် အာရှ၏ COVID-19 ကူးစက်မှုဗဟိုချက်သစ်နှင့် ကမ္ဘာ့ကူးစက်မှုအမြန်ဆုံးနိုင်ငံဖြစ်လာ

659

Htay Oung (NP News) - ဇူလိုင် ၁၇
လွန်ခဲ့သောရက်သတ္တပတ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများ၌ နေ့စဉ်ကူးစက်သေဆုံးမှုများမှာ ကြုံစဖူးများပြားလာသည်။ ဧပြီလတွင် ထိုင်းနိုင်ငံသည် နေ့စဉ်ကူးစက်မှုအသစ်တွေ့ရှိမှု ပျမ်းမျှ ၇ ရက်ကြာတိုင်း ၈ ဆတိုးခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ကူးစက်မှုသစ်များ တွေ့ရှိလာရသည်မှာ ပို၍ဆိုးရွားသည်။ မေ ၁ ရက်မှ ဇူလိုင် ၁၁ ရက်နေ့အထိ မလေးရှားတွင် ပျမ်းမျှ ၇ ရက်ကြားတိုင်း လူ ၁ သန်းလျှင် အသစ်ထပ်မံတွေ့ ရှိမှု ၂ ဆကျော်ခဲ့သည်။ အဆိုပါ ကာလအတွင်း မလေးရှား၏ လူဦးရေ၏ ဆယ်ဆနီးပါးရှိသည့် အင်ဒိုနီးရှား၌ လူ ၁ သန်းလျှင် ၇ ဆနီးပါး တိုးလာခဲ့သည်ဟု Channel News Asia က ယနေ့ ရေးသားသည်။
ဇူလိုင်လ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ COVID-19 ဖြစ်ပွားမှုအသစ် ၅၄၅၁၇ ဦး ထပ်မံတွေ့ရှိခြင်းဖြင့် ယခင်နေ့စဉ်အရေအတွက်ကို ရက်အနည်းအနည်းငယ်နှင့် အပြတ်အသတ် ကျော်လွန်သွားသည်။ အင်ဒိုနီးရှားသည် အိန္ဒိယကိုပင် ကျော်တက်လျှက် အာရှ၏ COVID-19 ကူးစက်မှု ဗဟိုချက်အသစ်ဖြစ်လာနေသည်။ ကူးစက်မှုပြင်းထန်စဉ်ကာလ လူဦးရေတစ်သန်းလျှင် ရောဂါဖြစ်ပွားမှုနှုန်းအရ ကြည့်လျှင် အင်ဒိုနီးရှားမှာ အိန္ဒိယထက် စစ်ဆေးပေးနိုင်မှုတွင် နိမ့်ကျသည်။ များပြားလာသော ကူးစက်မှုအရေအတွက်နောက်တွင် ကပ်လိုက်လာသည်မှာ သေဆုံးသူ ဦးရေ ဖြစ်သည်။ ယမန်နေ့ Bloomberg သတင်းအရဆိုလျှင် နေ့စဉ် Covid-19 ကူးစက်မှုအရေအတွက် ထပ်မံတွေ့ရှိရာတွင် အင်ဒိုနီးရှားမှာ ဘရာဇီးကို ကျော်တက်သွားပြီး ကမ္ဘာ့ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အမြန်ဆုံးနိုင်ငံဖြစ်လာကြောင်း တွေ့ရှိရသည်။
အရှေ့တောင်အာရှရှိနိုင်ငံများစွာတို့တွင် ဗီဇပြောင်းမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်သစ်အား ပျံ့နှံ့စေသည့် အကြောင်းရင်း နှစ်ခုမှာ လူအများသွားလာလှုပ်ရှားမှုတို့နှင့် ပြုမူပုံတို့ဖြစ်သည်။
ဧပြီလ ထိုင်းနိုင်ငံ၌ မတ်လတွင် အလုပ်ခွင်များအတွင်း သွားလာလှုပ်ရှားမှု ပိုမိုများပြားခဲ့ပြီး ဧပြီလတွင် COVID-19 ဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာခဲ့သည်။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် လူအများစုတို့က အိဒ်ပွဲတော်ကို မေလ၌ ကျင်းပခဲ့သည်။ အစိုးရ၏ ကန့်သတ်ချက်များ ရှိနေသော်လည်း လူအမြောက်အများတို့မှာ ပွဲတော်ရက် နေရပ်ပြန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုအချက်မှာ လက်ရှိ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမြင့်တက်နေရခြင်းနှင့် များစွာဆက်စပ်သည်။ ထို့အပြင် ၂၀၂၀ ခုနှစ်တွင် ကျဆင်းခဲ့ရသမျှ စီးပွားရေးကို ပြန်လည်နာလန်ထူလာစေရန် အစိုးရတို့၏ ကြိုးပမ်းမှုများမှာလည်း ရောဂါဖြစ်ပွားမှုတိုးပွားလာရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။
SARS-CoV-2 ဗီဇပြောင်းမျိုးကွဲများသစ်တို့၏ သိသာချက်များမှာ ကူးစက်မှုဖြစ်ပွားရာတွင် မကြုံစဖူးထူးခြားကြောင်း ရှင်းလင်းစွာ ပြသလျှက်ရှိသည်။ အထူးသဖြင့် ဒဲလ်တာမျိုးကွဲ၏ ကူးစက်စေနိုင်သော စွမ်းရည်နှင့် ကိုရိုနာဗိုင်းရပ်စ်တို့တွင် တစ်ခါမျှ မရှိခဲ့ဖူးသော လူ့ကိုယ်ခံအားအပေါ် ရှောင်ရှားနိုင်ပုံကို မြင်တွေ့ရသည်။ ဆိုလိုသည်မှာ ဒဲလ်တာမျိုးကွဲသည် ကျန်းမာရေးကောင်းမွန်သူ၏ ကိုယ်ခံအားစနစ်ကို ပျက်စီးစေနိုင်သည့် အန္တရာယ်မြင့်မားသည်။ အိန္ဒိယတွင် ဖြစ်ပွားခဲ့သည်တို့မှာ အထင်ရှားဆုံး လက္ခဏာဖြစ်သည်။ အရှေ့တောင်အာရှ၌ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ နှင့် ဒဲလ်တာဟူ၍ ဗီဇပြောင်းမျိုးကွဲ ၄ ခု အားလုံးကို အထူးသဖြင့် မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် တွေ့ရှိရသည်။ ရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းနောက်တွင် သေဆုံးသူအရေအတွက် သိသိသာသာတိုးမြင့်လာသည်။ ရက်သတ္တ ၂ ပတ်အတွင်း လူ ၁ သန်းလျှင် သေဆုံးနှုန်းမှာ ၂၄ ဆမှ အဆ ၁၀၀ ကျော် ခုန်တက်ခဲ့သည်။
ကပ်ရောဂါကို ရပ်တန့်စေရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမှာ အထိရောက်ဆုံး နည်းဗျူဟာဖြစ်ကြောင်း ဗြိတိန်နှင့် အမေရိကန်တို့က ပြသခဲ့သည်။ နှစ်နိုင်ငံစလုံး၌ ဒဲလ်တာဗီဇပြောင်းမျိုးကွဲ ပျံ့နှံ့ခြင်းနှင့်အတူ လောလောဆယ်ရောဂါ ဖြစ်ပွားမှုများရှိနေလင့်ကစား ကာကွယ်လွှမ်းခြုံမှုနည်းပါးသည့် အရှေ့တောင်အာရှနိုင်ငံများကဲ့သို့ ဆေးရုံတင်ရ၊ သေဆုံးရခြင်းများ တိုးပွားလာမှု မျိုးကို မတွေ့ရချေ။ ဤနေရာတွင် တရုတ်ကာကွယ်ဆေးအပေါ် ဗီယက်နမ်၏ သဘောထားမှာ အတော်ပင် ကောင်းမွန်သည်။ အနောက်နိုင်ငံထုတ် ကာကွယ်ဆေးများကို အားထားပြီး တရုတ်အပေါ် မနှစ်မြို့သူ များပြားသည့် တိုင်းပြည်တွင် ကာကွယ်ဆေး ၂ မျိုးလုံးကို အတူသုံးစွဲခြင်းဖြင့် ပထဝီအနေအထားအရရော နိုင်ငံရေးအရပါ ဆီလျော်စေခြင်းမျိုးဖြစ်သည်။ တရုတ်က လှူဒါန်းသည့် Sinopharm ကာကွယ်ဆေး ၅၀၀၀၀၀ ကို အခမ်းအနားဖြင့် လက်ခံရယူခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် Sinopharm အား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအဖြစ် အတည်ပြုသည်။ Astra Zeneca၊ ရုရှားလုပ် Sputnik နှင့် အနာဂတ်တွင် ပေါ်ပေါက်လာသည့် ဗီယက်နမ်ကာကွယ်ဆေးများကိုလည်း ထိရောက်မှုနှင့် ဘေးအန္တရာယ်ကင်းရေးအရ အားထားမည်ဖြစ်သည်။
ဤအချက်မှာ အာဆီယံနိုင်ငံကြီးများတွင် ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက် အကြပ်အတည်းများ ဆက်လက်ကြုံတွေ့နေရသည့် မြန်မာထက် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု တွင် ဗီယက်နမ်အား ဒုတိယနေရာသို့ ပို့ပေးလိုက်သည်။