မလေးရှားနိုင်ငံတွင် တရားမဝင် Bitcoin တူးယူသည့်ကွန်ပျူတာများ ဖျက်ဆီးခံရ

634

စွန်နက် (NP News) - ဇူလိုင် ၁၈
မလေးရှားနိုင်ငံ Miri မြို့က လူ(၈)ဦးခန့်ဟာ ကွန်ပျူတာပေါင်း ၁၀၉၆ ခုနဲ့ Bitcoin တူးဖို့အတွက် လျှပ်စစ်ဓာတ်အားတွေကို တရားမဝင်ခိုးယူသုံးစွဲခဲ့တဲ့အတွက် အရေးယူခြင်းခံခဲ့ရတယ်လို့ မလေးရှားသတင်းဌာန The Star အဆိုအရ သိရပါတယ်။
မကြာသေးခင်က မလေးရှားနိုင်ငံမှာ လျှပ်စစ်ဓာတ်အားခိုးယူပြီး တရားမဝင် Bitcoin တူးသူတွေကို ဖမ်းဆီးမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ အခု သိမ်းဆည်းရမိတဲ့ ကွန်ပျူတာတွေဟာ ဆာရာဝတ်ပြည်နယ် လေဆိပ်တစ်ခုအနီးက စီးနင်းမှု(၆)ခုအတွင်း ရရှိခဲ့တဲ့ PC တွေဖြစ်ပါတယ်။ အဆိုပါစီးနင်းမှုတွေကို မလေးရှားအာဏာပိုင်တွေနဲ့ Sarawak Energy Barhad (SEB) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ Bitcoin Mining လုပ်တဲ့ ကွန်ပျူတာတွေဟာ လွန်ခဲ့တဲ့(၃)လအတွင်း ဒေါ်လာ(၃)သန်းဖိုးလောက်တန်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ခိုးယူခဲ့တယ်ဆိုတာကို တွေ့ရှိရပါတယ်။ တရားမဝင် Bitcoin တူးယူမှုတွေဟာ မလေးရှားအတွက် အသစ်အဆန်းမဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့မတ်လတုန်းက လူတစ်ယောက်ဟာ Tenaga Nasional Berhad စွမ်းအင်ကုမ္မဏီကနေ ဒေါ်လာ၂ ဒသမ ၂သန်းတန်ကြေးရှိတဲ့ လျှပ်စစ်ဓါတ်အားတွေကို ခိုးယူခဲ့ပါတယ်။ သူဟာလက်ရှိအချိန်အထိ ထွက်ပြေးနေပြီး ရဲတပ်ဖွဲ့က အလိုရှိနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် တရားဝင် Bitcoin တူးယူနိုင်ဖို့ရာ အဏုမြူစွမ်းအင်ကရရှိတဲ့ လျှပ်စစ်ဓာတ်အားကိုသာ မှီခိုရပါတော့မယ်။ Bitcoin လို Cryptocurrency တွေကို ကွန်ပျူတာအများကြီးနဲ့ တူးယူခြင်းဟာ စွမ်းအင်လိုအပ်ချက်အလွန်တရာကြီးမားပြီး ကမ္ဘာတစ်ဝန်းမှာ လျှပ်စစ်ဓာတ်အားခိုးယူမှုတွေ အများအပြားဖြစ်ပေါ်လျက်ရှိပါတယ်။ " Bitcoin တူးယူဖို့အတွက် လျှပ်စစ်ဓာတ်အား ခိုးယူမှု
တွေကြောင့် ၂၀၂၁ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ မကြာခဏ
ဖြစ်ပေါ်ခဲ့ပြီး နေအိမ်(၃)လုံးဟာ တရားမဝင်လျှပ်စစ်သွယ်တန်းမှုတွေကြောင့် ပျက်စီးခဲ့တယ် " လို့ Miri မြို့ရဲ့ ရဲအရာရှိ ACP Hakemi Hawari က The Star ကိုပြောပါတယ်။
လက်ရှိမှာ Miri ရဲတပ်ဖွဲ့အနေဖြင့် Bitcoin တူးယူသူတွေရဲ့ တရားမဝင် လျှပ်စစ် သွယ်တန်းမှုတွေကို တိုးမြှင့်စုံစမ်းလျက်ရှိနေပါတယ်။ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုအတွက် မလေးရှားနိုင်ငံမှာ လူ(၆)ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ ဒဏ်ကြေး ရင်းဂစ် (၈၀၀၀)နဲ့ ထောင်ဒဏ်(၈)လအထိ ချမှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။