မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့အခြေအနေကို စိုးရိမ်မိကြောင်း ကုလကိုယ်စားလှယ် ဆို
918
ဂျန်ဇက် (NP News) - ဇူလိုင် ၂၀
မြန်မာနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတွေ ရင်ဆိုင်နေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီအပေါ် လက်နက်တင်သွင်းမှု ပိတ်ပင်မှု၊ စီးပွားရေးပိတ်ဆို့မှုတွေအပါအဝင် စစ်အာဏသိမ်းမှုကို ပြင်းထန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂလူအခွင့်ရေးအကြီးတန်းအရာရှိက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံမှာ လူအခွင့်ရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့အကြမ်းဖက်မှုမျိုးတွေ တွေ့မြင်နေရကြောင်းဆိုပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့စစ်ကောင်စီက ပုဒ်မ၅၀၅(က)နဲ့ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့အတွက် ပုန်းအောင်းနေရကြောင်း၊ စစ်ကောင်စီရဲ့လုံခြုံရေးအဖွဲ့တွေဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့အိမ်တွေကို ဝင်ရောက်စီးနင်းတာမျိုးတွေ၊ ပိုင်ဆိုင်မှုတွေ သိမ်းယူတာမျိုးတွေရှိနေတဲ့အပြင် မိသားစုဝင်တွေကိုခြိမ်းခြောက်တာတွေလည်း ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဆိုပါတယ်။ ဖမ်းဝရမ်းထုတ်ခံရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူအများစုဟာ ထွက်မပြေးနိုင်တဲ့အတွက် ရက်စက်စွာဖမ်းဆီးခံရပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေ၊ ကျောင်းသားအခွင့်အရေးလှုပ်ရှားသူတွေလည်း ဖမ်းဆီးခံရတာမျိုးတွေရှိနေကြောင်း ၎င်းကပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် TomAndrews က " လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုကောင်းမွန်စေဖို့နှစ်ပေါင်းများစွာကြာ လုပ်ကိုင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ အာဏသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေဟာ ပုန်းနေရတာမျိုး ဒါမှမဟုတ် ကျေးလက်ဒေသတွေမှာ သွားရောက်နေထိုင်ရတာမျိုးလုပ်နေရတယ်။ စစ်ကောင်စီက အဲဒီ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားနေတာမျိုးတွေ ရှိနေတယ် " လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဏသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ ဆန္ဒပြပွဲတွေနဲ့ CDM လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ရာ မြန်မာနိုင်ငံရှိ အမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့အခြေအနေတွေကို အထူးသဖြင့် စိုးရိမ်နေရကြောင်း Tom Andrews က ဆိုပါတယ်။
၎င်းက " အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ အကျဉ်းထောင်တွေထဲကို မပို့ခင်ရိုက်နှက်ကန်ကြောက်ခံရတာမျိုးတွေ ရှိနေတယ်။ အမျိုးသမီးတွေဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဆန့်ကျင့်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ခဲ့တယ်။ အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ ဆေးဝါးကုသမှုမရဘဲ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရတာမျိုးတွေလည်း ရှိနေတယ် " လို့ပြောပါတယ်။