အိန္ဒိယသား ၃ ပုံ ၂ ပုံလောက်ဟာ ကိုဗစ်ကိုဆန့်ကျင်နိုင်တဲ့ antibodies တွေ ဖြစ်လာနေတယ်လို့ ဆို
1368
ရောင်နီ (NP News) - ဇူလိုင် ၂၁
အိန္ဒိယနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဆန့်ကျင်ခုခံနိုင်တဲ့ antibodies များ ဖြစ်လာတယ်လို့ ဇွန်လနဲ့ ဇူလိုင်လအတွင်းက နိုင်ငံတစ်ဝန်းလူပေါင်း ၂၉၀၀၀ ကို စစ်တမ်းကောက်ယူချက်အရ အင်္ဂါနေ့မှာ သိရပါတယ်။
Serum survey လို့ လူသိများတဲ့ antibodies စစ်ဆေးရေး စတုတ္တမြောက် အမျိုးသားသွေးရည်ကြည် စစ်တမ်းမှာ အသက် ၆ နှစ်မှ ၁၇ နှစ်ကြား ကလေး ၈၆၉၁ ဦးပါဝင်ခဲ့ပြီး ၎င်းတို့ထဲမှ ထက်ဝက်ခန့်ဟာ seropositive ဖြစ်ခဲ့ပါတယ်။ လေ့လာမှုအရ အရွယ်ရောက်ပြီးသူ ၆၇ ဒသမ ၆ ရာခိုင်နှုန်းဟာ seropositive ရှိခဲ့ပေမယ့်လည်း ၎င်းတို့ထဲမှ ၆၂ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး မရရှိထားသေးဘူးလို့ သိရပါတယ်။ နိုင်ငံမှာ ဇူလိုင်လထိအတွင်း ကာကွယ်ဆေး ၂ ကြိမ်ထိ ရရှိပြီးသူ ၈ ရာခိုင်နှုန်းသာ ရှိပါတယ်။အန္ဒိယနိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၄ ဘီလီယံအနက် သန်း ၄၀၀ ခန့်မှာတော့ antibody မရှိနိုင်ဘူးလို့ စစ်တမ်းက ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထိခိုက်စေနိုင်တဲ့ ဒုတိယလိူင်းကူးစက်မှု အရှိန်လျော့သွားပြီးနောက် အိန္ဒိယဟာ ၄ လခန့် နေ့စဉ်ကူးစက်မှုနူန်းတွေ ကျဆင်းလာခဲ့ပါတယ်။ သို့ပေမယ့် မြို့ကြီးတွေမှာ အလောတကြီး ပြန်လည်ဖွင့်လှစ်မှုတွေအတွက် ကျွမ်းကျင်သူများက အာဏာပိုင်များကို သတိပေးထားပြီး ခရီးသွားနေရာများမှာ လူဦးရေထူထပ်လာမှုအတွက်လည်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ ဒုတိယလိူင်းက ရှိနေသေးတာမလို့ ရောဂါဖြစ်ပွားမှု အန္တရာယ် အလွန်များနေတယ်။ သင်နေထိုင်တဲ့ နေရာ ၃ နေရာအနက် ၁ နေရာဟာ အားနည်းချက် ရှိနေနိုင်သေးတာကြောင့် ရောဂါကူးစက်မှု မပြီးဆုံးသေးပါ ” လို့ အစိုးရထိပ်တန်းအကြံပေး Vinod Kumar Paul က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လေ့လာမှုမှာ ကျန်းမာရေးဝန်ထမ်း ၇၂၅၂ ဦး ကို စစ်တမ်းကောက်ယူခဲ့ပြီး ၎င်းတို့ထဲမှ ၈၅ ရာခိုင်နှုန်းဟာ antibody များရှိနေပြီး ကာကွယ်ဆေး မထိုးရသေးသူ ၁၀ ယောက်မှ ၁ ယောက်မှာ တွေ့ရခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဒေတာအချက်အလက်များအရ အိန္ဒိယဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းမှ အသက် ၁၈ နှစ်အောက် ကလေးတွေကို လေ့လာရာမှာ ထက်ဝက်ခန့်ဟာ covid-19 နဲ့ ထိတွေ့ခဲ့ပေမယ့် ခုခံဆန့်ကျင်နိုင်တဲ့ antibody ဖြစ်လာတာ တွေ့ရတယ်လို့ သိရပါတယ်။
တတိယလှိုင်းဟာ ကလေးတွေကို ထိခိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေ သတိပေးထားတာကြောင့် မွန်ဘိုင်းဟာ အခြားမြို့များနဲ့ ပူးပေါင်းကာ ကြိုတင်ကာကွယ်မှုအတွက် ကလေးသူငယ်ရောဂါဆိုင်ရာ ဆေးပညာကုသမှုအဝန်းအဝိုင်းများ တည်ဆောက်နေတယ်လို့ သိရပါတယ်။