ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ဖြစ်ပွားမှု ဇွန်လထက် ဇူလိုင်တွင် ၃ ဆတိုးလာခဲ့ပြီး တစ်ရက်တည်း ၂၀၀ ကျော်သေဆုံး
799
Htay Oung (NP News) - ဇူလိုင် ၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ကူးစက်သေဆုံးသူဦးရေမှာ ပြီးခဲ့သည့် ဇွန်လနှင့်နှိုင်းယှဉ်လျှင် ယခုဇူလိုင်လတွင် အရေအတွက် ၃ ဆတိုးလာခဲ့ကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြလာသည်။
ဇူလိုင်လ ပထမ ရက်ပေါင်း ၂၀ အထိပင်လျှင် ကူးစက်ခြင်းခံရသူ ၂၁၅၆၃၁ ဦးနှင့် အသက်ဆုံးရှုံးရသူ ၃၈၈၂ ဦး ရှိခဲ့ရာ ယင်းအချက်သည် ဇွန်လ၌ ကူးစက် ၁၁၇၁၈ ဦး၊ သေဆုံး ၁၈၈၄ ဦးနှင့်နှိုင်းယှဉ်လျှင် (၃)ဆမျှ တိုးလာသည်ကို တွေ့ရှိရကြောင်း၊ ဇွန်လတွင် ပျမ်းမျှ ၆၃ ဦး သေဆုံးရာမှ ဇူလိုင်လတွင် ၁၉၄ ဦးသေဆုံးကြောင်း၊ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာအထွေထွေ ဦးစီးဋ္ဌာန DGHS ၏ စာရင်းဇယားများအရ သိရှိရသည်ဟု Dhaka Tribune ကလည်း ယမန်နေ့ ရေးသားသည်။ COVID-19 ရောဂါအခြေအနေဆိုးရွားနေချိန်တွင် အစိုးရက တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံမှုကို ဇူလိုင်လ ၈ ရက်နေ့၌ ပြန်လည်စတင်ခဲ့ကြောင်း၊ အားလပ်ရက်ကာလအတွင်း နေအိမ်သို့ အလုအယက်ပြန်လာကြသူများမှာ ကျန်းမာရေးလမ်းညွှန်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြသဖြင့် အီးဒွလ်အသွာဟာ ပွဲတော်အပြီး ကြာသပတေးနေ့မှစ၍ ကူးစက်သေဆုံးအရေအတွက် ပိုမိုတိုးမြင့်လာနိုင်သည်ကို စိုးရိမ်မိကြောင်း DGHS ၏ Covid-19 ရောဂါ စီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်
ဆေးရုံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါလူနာများ စုပြုံနေခြင်းကို ဖြေရှင်းရန်ရုန်းကန်နေရချိန်တွင် ရောဂါဖြစ်ပွားမှုတိုးမြင့်လာခြင်းမှာ ကျန်းမာရေးဝန်ဆောင်ပေးနိုင်မှုကို ပိုမိုဖိစီးလာမည်ဖြစ်ကြောင်း၊ ဒေသခံကျန်းမာရေးအာဏာပိုင်များအနေဖြင့် Covid-19 ကုသမှုဆေးရုံများကို တတ်နိုင်သလောက် တိုးမြှင့်ပေးရန် လွန်ခဲ့သည့် ရက်သတ္တပတ်တည်းက တိုက်တွန်းခဲ့ကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့်နှစ်၌ အစိုးရ၏အားထုတ်ပုံအရဆိုလျှင် တိုးလာရန်အခွင့်အလမ်း အလွန်နည်းပါးကြောင်း DGHS က ပြောဆိုသည်။ အိဒ်ပွဲတော်မတိုင်မီ တစ်ရက်အလို ယမန်နေ့နံနက် ၈ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် လူ ၂၀၀ ကျော် သေဆုံးပြီး ကူးစက်ခံရသူ ၁၁၅၇၉ ဦးကို ထပ်မံတွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံးတွင် ထိုအချိန်ထိ သေဆုံးသူပေါင်းမှာ ၁၈၃၂၅ ဦးနှင့် ကူးစက်ခံရသူပေါင်း ၁ ဒသမ ၁ သန်းကျော် (၁၁၂၈၈၈၉ ဦး) ဖြစ်လာခဲ့ကြောင်း သိရသည်။၂၄ နာရီအတွင်း ပိုးတွေ့လူနာပမာဏမှာ စစ်ဆေးမှု၏ ၂၉ ဒသမ ၃၁ ရာခိုင်နှုန်းရှိနေကြောင်း၊ အားလုံးပျမ်းမျှဆိုလျှင် ယမန်နေ့အထိ စစ်ဆေးမှု အားလုံး၏ ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိပြီး၊ သေဆုံးမှု ၁ ဒသမ ၆၂ ရာခိုင်နှုန်းရှိကြောင်း Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်က ဖော်ကြသည်။
Covid-19 ကူးစက်ရောဂါဖြစ်ပွားမှုများအကြားမှ ဘင်္ဂလားဒေ့ရ်ှသည် ဒုတိယအကြိမ် အိဒ်ပွဲတော်ကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန်စီစဉ်ခဲ့သည်။ ရောဂါပျံ့ပွားမှုထိန်းချုပ်ရေး ကန့်သတ်ချက်များကို ဇူလိုင် ၁၅ မှ ၂၃ အထိ ရုတ်သိမ်းကြောင်း ရှိတ်ဟာစီနာအစိုးရက ကြေညာခဲ့ပြီးနောက် အားလပ်ရက် အိဒ်ပွဲတော်ကျင်းပရန်နှင့် မွေးရပ်ဇာတိမြေမှ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရေးအတွက် လူအများအပြားတို့မှာ ဒါကာမှ ထွက်ခွာရန် သယ်ယူပို့ဆောင်ရေး နည်းလမ်းမှန်သမျှတို့ကို အသုံးချခဲ့ကြသည်။ မီးရထားဘူတာများနှင့် ကူးတို့ဆိပ်များ၌ တိုးဝှေ့နေသော လူအုပ်ကြီးများကို တွေ့မြင်ရပြီး၊ အဝေးပြေးလမ်းမကြီးများပေါ်၌ ဆိုးရွားသော ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့နံနက်အထိ ဘင်္ဂလားဒေ့ရှ်တွင် Oxford-Astrazeneca ကာကွယ်ဆေးကို ၂ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၂၉၈ သန်းနီးပါးရှိပြီး ၁ ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၅၂၂ သန်းကျော်ရှိသည်။
တစ်ချိန်တည်းမှာပင် တရုတ်လုပ် Sinopharm ကို လူပေါင်း ၁ သန်းကျော်အား ထိုးနှံပေးရန်စီစဉ်ခဲ့ရာ လွန်ခဲ့သည့် အင်္ဂါနေ့အထိ ၁ ကြိမ်ထိုးနှံပြီးသူ ၁၂၉၈၉၃ ဦးနှင့် ၂ ကြိမ်ပြီးစီးသူ ၃၃၁၉ ဦး ရှိခဲ့သည်။