အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံး လူသေဆုံးမှုရှိလာ

 943

ရောင်နီ (NP News) - ဇူလိုင် ၂၂
အိန္ဒိယနိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပြီး နိုင်ငံအတွင်း H5N1 ကြောင့် ပထမဆုံးလူသေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေတဲ့ ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံးနိုင်ငံ အိန္ဒိယအတွက် အန္တရာယ်အသစ်ကို မီးမောင်းထိုးပြနေတာလည်း ဖြစ်လာပါတယ်။ ယင်းသေဆုံးသူ ကလေးငယ်ဟာ H5N1 ဖြစ်နေကြောင်း နယူးဒေလီရှိ အိန္ဒိယဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်များ အင်စတီကျူ့က ဇူလိုင် ၂ ရက်နေ့မှာ အတည်ပြုခဲ့ပြီး အင်္ဂါနေ့မှာတော့ ၎င်းဟာ ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့ဘဲ သေဆုံးသွားခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူနာကိုကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ကလေးရဲ့ မိသားစုကို သီးခြားစီထားရှိပြီး လူနာနဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့သူတွေကို ခြေရာကောက် ရှာဖွေခြင်းများ စတင်ခဲ့ကြောင်း ကြေညာချက်က ဆိုပါတယ်။ သေဆုံးသူကလေးငယ် နေထိုင်ခဲ့ရာ အိန္ဒိယနိုင်ငံမြောက်ပိုင်း Haryana ပြည်နယ်ရှိ တိရိစ္ဆာန်မွေးမြူရေးဌာနက ကြက်၊ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ်တွေ့ရှိချက်များ မရှိကြောင်းနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း အိန္ဒိယနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု ဒါဇင်ဝက်ခန့် ရှိခဲ့ဖူးပေမယ့် ၎င်းတို့အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံအတွင်း လူသားမှာ ကူးစက်ခံရကာ သေဆုံးမှုမျိုးကိုတော့ ယခုအခါမှသာ တွေ့ရှိလာရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.