အိန္ဒိယမှာ Black Fungus မှိုရောဂါ ဖြစ်ပွားသူ ၄၅၀၀၀ ကျော်အထိ ရှိလာ
782
ရောင်နီ (NP News) - ဇူလိုင် ၂၂
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ကူးစက်ရောဂါကို တိုက်ဖျက်နေရတဲ့ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်လအတွင်း Black Fungus မှိုရောဂါ ကူးစက်ခံရသူ ၄၅၀၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
နိုင်ငံရဲ့အငယ်တန်းကျန်းမာရေးဝန်ကြီး Bharati Pravin Pawar က အဆိုပါမှိုရောဂါ (သိပ္ပံနာမည် mucormycosis) ကြောင့် သေဆုံးသူ ၄၂၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း ဇူလိုင်လ (ဇူလိုင်လ ၂၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ယင်းမှိုရောဂါဖြစ်ပွားမှုကို ယခင်က အလွန်ရှားတယ်လို့ ယူဆခဲ့ကြပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းများအတွင်း ၎င်းဖြစ်ပွားမှုလည်း မြင့်တက်လာခဲ့ကာ အထူးသဖြင့် COVID-19 မှပြန်လည်နာလန်ထ လူနာတွေကို ထိခိုက်စေခဲ့ပါတယ်။ ၎င်းဟာ အလွန်ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ဦးနှောက်ကို ပျံ့နှံ့သွားခြင်းမှ တားဆီးနိုင်ရန်အတွက် ခွဲစိတ်ဆရာဝန်များဟာ လူနာများရဲ့ မျက်စိ၊ နှာခေါင်းနဲ့ မေးရိုးများကို ဖျတ်ထုတ်ပစ်ရပါတယ်။ Black Fungus မှိုရောဂါကြောင့် သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်။ အစိုးရရဲ့ အချက်အလက်များအရ အနောက်ပိုင်း Maharashtra ပြည်နယ်ဟာ မှိုရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး လူနာအရေအတွက် ၉၃၄၈ ယောက်အထိရှိတယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူများကလည်း မကြာသေးမီအချိန်အတွင်း ယင်းမှိုရောဂါ ကူးစက်မှုမြင့်တက်လာခြင်းဟာ COVID-19 ကိုကုသဖို့အတွက် steroids အလွန်အကျွံအသုံးပြုခြင်းကြောင့်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားမှုများမြင့်တက်ခြင်း၊ ဆိုရှယ်မီဒီယာမှာ Black Fungus ကို ကုသဖို့ ဆေးဝါးများတောင်းခံခြင်းတို့ကြောင့် အိန္ဒိယအစိုးရဟာ မေလမှာ ၎င်းကို ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။
အစိုးရမှ ထုတ်ပြန်တဲ့ အချက်အလက်ပြဇယားအရ မေလအတွင်း ရောဂါဖြစ်ပွားမှု သိသိသာ မြင့်တက်ခဲ့ပြီး ဇွန်လမှာတော့ ကျဆင်းသွားတာကို တွေ့ရပါတယ်။ သို့ပေမယ့် Hindustan Times သတင်းစာမှ တနင်္လာနေ့ ဖော်ပြချက်အရ မြောက်ပိုင်း Rajasthan ပြည်နယ်မှာ ကလေးများအကြား Black Fungus မှိုရောဂါ ဖြစ်ပွားမှုများ မြင့်တက်နေတယ်လို့ သိရပါတယ်။