စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ကိုဗစ်ကြောင့် (၈)ရက်အတွင်း(၁၉၅ဝ)ကျော်၊ တစ်ရက်ပျမ်းမျှ(၂၄ဝ)ကျော် သေဆုံးရသည့်သဘောဖြစ်နေ
748
မိုးတိမ် (NP News) - ဇူလိုင် ၂၃
ကိုဗစ်ကပ်ရောဂါဖြင့် သေဆုံးထားရသူစာရင်းမှာ ဇူလိုင်(၁၅) ရက်မှ (၂၂)ရက်အထိ (၈) ရက်အတွင်း စုစုပေါင်း(၁၉၅၂)ဦးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ကူးစက်ခံထားသူမှာလည်း(၄၅ဝဝ၇)ဦးအထိ ရှိနေခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်တတိယလှိုင်းကို ဇွန်လကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံက စတင်ခံစားလာရခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအချို့တွင် မေလကတည်းက ဆိုးဝါးစွာထိခိုက်မှုများရှိနေခဲ့ပြီးလည်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရှုပ်အထွေးများကြားမှ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရခြင်းဖြစ်သည့်အတွက် အခြားသောနိုင်ငံများထက် ထိခိုက်နစ်နာမှုပိုမိုကြီးမားသွားနိုင်သည့်သဘောမျိုးလည်း ဖြစ်ပြီး ယင်းအခြေအနေတွင် ကိုဗစ်ကိုကာကွယ်တားဆီးနိုင်ရေးအတွက် စစ်ကောင်စီဘက် ဇူလိုင်လမှစ၍ စတင်လှုပ်ရှားလာခြင်းလည်း ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်လာမှုများ၌ သေဆုံးသူ(၁ဝဝ)အောက်မှ စတင်ခဲ့ခြင်းဖြစ်သော်လည်း သေဆုံးသူနေ့စဉ်(၁ဝဝ)အထက်ကို စတင်ကျော်လွန်လာသည့် ဇူလိုင်လဒုတိယပတ်မှစ၍ ဇူလိုင်လ(၂၂) ရက်အထိတွင် အနည်းဆုံး ၂ဝဝဝ ကျော်လာနေပြီလည်း ဖြစ်သည်။ သို့သော်လည်း ဇူလိုင်လ (၁၅) ရက်မှ ဇူလိုင်လ(၂၂) ရက်အထိ ဆက်တိုက်ထုတ်ပြန်ကြေညာထားချက်အရ သေဆုံးသူ(၁၉၅၂)ဦးနှင့် ကူးစက်ခံရသူ(၄၅ဝဝ၇) ဦးရှိနေသည်ဟု ဆိုသည်။
လူမှုကူညီရေးလုပ်ဆောင်နေသော အသင်းအဖွဲ့များ၏ သတင်းစကားများတွင် နေ့စဉ်သေဆုံးသူဦးရေ(၁ဝဝဝ) ကျော်ကို ရန်ကုန်မြို့ရှိ သုသာန်(၉) ခုသို့ နေ့စဉ်ပို့ဆောင်ပေးနေရကြောင်းလည်း ဆိုသည်။
ဝန်ကြီးဌာန၏ စာရင်းနှင့်အရပ်ဘက် လူမှုကူညီရေးပရဟိတအသင်းများ၏ စာရင်းမှာ များစွာကွာခြားနေခြင်းဖြစ်ပြီး အစိုးရစာရင်းကို အတည်မှတ်ယူလျှင်ပင် အာဆီယံနိုင်ငံများကြား၌ သေဆုံးသူအမြင့်ဆုံးစာရင်းသို့ရောက်နေပြီလည်း ဖြစ်သည်။ အထူးသဖြင့် ကိုဗစ်တတိယလှိုင်း၌ တစ်ရက်လည်း လူ(၁ဝဝ)အထက် သေဆုံးသည့်နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ အာဆီယံကို ကျော်တက်နေပြီဟု ဆိုနိုင်သည့်အချက်လည်း ဖြစ်သည်။ ဌာနဆိုင်ရာထုတ်ပြန်ချက်၏ နောက်ဆုံး(၈)ရက်အတွင်းသေဆုံးရသူစာရင်း(၁၉၅၂)ဦးအရ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူဦးရေ(၂၄၄) ဦး သေဆုံးနေသည့်သဘောမျိုး၊ တစ်နည်းအားဖြင့် သတိထားဖွယ်ကိန်းဂဏန်းမျိုးလည်း ဖြစ်လာသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်ပထမလှိုင်းမှ တတိယလှိုင်းအထိ ကူးစက်ခံရသည့်လူနာစာရင်းမှာ ဇူလိုင်လ(၂၂) ရက် ညပိုင်းအထိ (၂၅၃၃၆၄)ဦး ရှိခဲ့ပြီး သေဆုံးသူ(၆၁၃၃)ဦး ရှိလာပြီဟု သိရသည်။ ယင်းစာရင်းမှာ ကိုဗစ်သံသယဖြင့် ဓါတ်ခွဲအတည်ပြုမှုလူနာပေါင်း (၃ဝ၃၅၆၇၆) ဦးထဲမှ ကိုဗစ်ဖြစ်နေကြောင်း အတည်ပြုထားမှုလည်းဖြစ်ပြီး ကိုဗစ်ကူးစက်ခံရပြီးမှ ပြန်လည်ပျောက်ကင်းသွားသူဦးရေမှာလည်း(၁၇၃၉၂၆) ဦး ရှိခဲ့ကြောင်း သိရသည်။
#NPNews #Covid19