မြောက်ကိုရီးယားမှာ နုူလက်နက်လျော့ချ ဖျက်သိမ်းရေးကိစ္စတွေ ဖြစ်လာစေဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ထပ်မံဆွေးနွေးလာ

 690

မိုးတိမ် (NP News) - ဇူလိုင် ၂၃
မြောက်ကိုရီးယားမှာ နုူကလီးယားလက်နက်ဖျက်သိမ်းလျော့ချရေးလုပ်ငန်းစဉ်ဖော်ဆောင်လာရေးအတွက် အပြုသဘောဆောင်ခြင်း၊ ကြိုတင်ပြင်ဆင်မှုနဲ့ ယုံကြည်စိတ်ချရမှုရှိခြင်းတွေ ဖြစ်လာစေဖို့ မျှော်မှန်းထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဒုဝန်ကြီး ဝမ်ဒီရှာမန်ရဲ့ဒုတိယအကြိမ်မြောက် တောင်ကိုရီးယားခရီးစဉ်အတွင်း တောင်ကိုရီးယား နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ တွေ့ဆုံမှုအပြီးမှာ မီဒီယာတွေကို ထုတ်ဖော်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံမှာ နုူလက်နက်ရှိနေခြင်းကို ဖယ်ရှားသွားနိုင်ဖို့အတွက် အမေရိကန်ဘက်က နှစ်ရှည်လများ ကြိုးစားနေခဲ့တာဖြစ်သလို အခြားတစ်ဖက်မှာတော့ ဂျပန်၊တောင်ကိုရီးယားတို့နဲ့ ပေါင်းစပ်ပြီး ဖိအားပေးတာတွေလည်း လုပ်ဆောင်နေခဲ့တာပါ။ အိုဘားမားလက်ထက်မတိုင်မီကတည်းက စတင်ကြိုးပမ်းလာခဲ့တဲ့ ဒီလုပ်ငန်းစဉ်ဟာ ဒေါ်နယ်ထရမ့်လက်ထက်မှာ အကောင်းဘက်ကို ရောက်လာခဲ့သေးပေမယ့် ဘိုင်ဒန်လက်ထက်မှာတော့ မူဝါဒရေးရာပိုင်းမှာ ပြန်လည်ချိန်ညှိရတာတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ “ ကျွန်မတို့ဘက်ကတော့ မြောက်ကိုရီးယားနဲ့ အပြုသဘောဆောင်တဲ့တည်ဆောက်မှုမျိုး၊ ယုံကြည်စိတ်ချရပြီး ကြိုတင်ပြင်ဆင်ပေါင်းစပ်လုပ်ဆောင်နိုင်တာမျိုး ဖြစ်စေဖို့ပဲ ကြိုးစားနေပါတယ်။ ဒီနေရာမှာလည်း ကဏ္ဍအလိုက် ကွဲပြားခြားနားတာတွေ ရှိနေသလို ဘယ်အပိုင်းကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်လို့ရမလဲဆိုတာ ကြည့်ရမှာပါ။ ပိုကောင်းတဲ့ နုူလက်နက်ကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ်တစ်ခု ဖြစ်လာစေဖို့အတွက် အတူတကွတွေးခေါ်စဉ်းစားလုပ်ဆောင်သွားကြဖို့ပဲ လိုပါတယ် ” ဟု အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီး ဝမ်ဒီရှာမန်က ပြောပါတယ်။ သို့သော်လည်း မြောက်ကိုရီးယားအရေးမှာ တရုတ်နိုင်ငံရဲ့ပါဝင်စွက်ဖက်မှုကို ထည့်စဉ်းစားရတဲ့ကိစ္စဖြစ်လာသလို လတ်တလောမြောက်ကိုရီးယားမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်ပြသနာမျိုးမှာလည်း မြောက်ကိုရီးယားပြည်သူတွေအတွက် လုံလောက်တဲ့ခံစားခွင့်မျိုး အပြည့်အဝရရှိဖို့လိုနေတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေး ဒုဝန်ကြီး Choi Jong-kun နဲ့ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးတို့ဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးရေးလမ်းကြောင်း ပြန်လည်စတင်နိုင်ဖို့ ဘယ်လိုစတင်ရမလဲဆိုတာကို ဦးတည်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာတော့ ဒေါ်နယ်ထရမ့်လက်ထက်မှာ မြောက်ကိုရီးယားနဲ့ခေါင်းဆောင်ချင်း တွေ့ဆုံဆွေးနွေးကြတဲ့အထိ ကမ္ဘာ့အထူးခြားဆုံးဖြစ်ရပ်တွေထဲက တစ်ခုကို ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားသမ္မတဟောင်း အကူအညီနဲ့ လုပ်ဆောင်နိုင်ခဲ့ဖူးပါတယ်။

Related news

© 2021. All rights reserved.