မိခင်က ကိုဗစ်နဲ့သေဆုံးပြီး ၇ နှစ်နဲ့ ၉ နှစ်အရွယ်ကလေးငယ်နှစ်ဦးက ကိုဗစ်ကူးစက်ခံထားရမှု ထိုင်းမှာဖြစ်ပွား
770
ရောင်နီ (NP News) - ဇူလိုင် ၂၇
တနင်္လာနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ Bang Phli ခရိုင်မှာ အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ်ကလေးငယ် ၂ ဦးရဲ့ မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပြီး ၎င်းတို့ ၂ ဦးဟာလည်း စစ်ဆေးချက်အရ Covid-19 Positive ဖြစ်နေကြောင်း သိရပါတယ်။
ကလေးတို့ရဲ့ မိခင်ဟာ ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ခဲ့ရပြီး သူမဟာ coronavirus ကူးစက်မှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ရဲများက ယုံကြည်ထားပါတယ်။ Bang Phli ခရိုင်ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိရဲမှူးကြီး Patthanapol Ratchatatarakan က တနင်္လာနေ့ နံနက် ၁၀ နာရီခွဲခန့်မှာ အသက် ၄၄ နှစ်အရွယ်ရှိ Apaporn Suntarachon အမျိုးသမီးအလောင်းကို အိမ်ရဲ့အခန်းကြမ်းပြင်မှာ သေဆုံးနေတာ တွေ့ရပြီး သူမဟာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုလက္ခဏာများ မရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ငါးနာရီခန့်က သေဆုံးခဲ့တယ်လို့ ထင်ရကြောင်း ဆိုပါတယ်။ အလောင်းကို ဇစ်အိတ်ထဲထည့်ပြီး သေဆုံးမှုရဲ့ အကြောင်းအရင်းကို ဖော်ထုတ်ရန်အတွက် ခွဲစိတ်စစ်ဆေးဖို့ ရာမာဆမ်ပရာတန်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သူမမှာ အတူနေထိုင်တဲ့ အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ်သမီးမိန်းကလေးနှစ်ယောက်လည်းရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမဟာ ချောင်းဆိုးခြင်း၊ ရင်ဘတ်နဲ့နောက်ကျော နာကျင်ကိုက်ခဲခြင်း၊ အန်ခြင်းနဲ့ အသက်ရှူကျပ်ခြင်း လက္ခဏာများ ရှိခဲ့ကြောင်း၊ တနင်္ဂနွေနေ့မှာ အိမ်နီးချင်းများက သူမကို ဆရာဝန်ပြဖို့ ကူညီပေးခဲ့ပြီး ကလေး ၂ ဦးဟာလည်း သူမနဲ့ တစ်ညလုံး အတူအိပ်ခဲ့ကြောင်း သိရပါတယ်။ တနင်္လာနေ့မွန်းလွဲပိုင်း ၎င်းတို့ အိပ်ရာထိချိန်မှာတော့ အမေဖြစ်သူဟာ သေဆုံးနေပြီ ဖြစ်ပါတယ်။ Ruam Katanyu ဖောင်ဒေးရှင်းက ယင်းမိန်းကလေးနှစ် ဦး ကို Covid စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ ၂ ယောက်လုံးဟာ Positive ဖြစ်နေခဲ့ပါတယ်။ ယင်းကြောင့် သေဆုံးသူ အမျိုးသမီးဟာ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားတာ ဖြစ်နိုင်မယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာလည်း နေ့စဉ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေ သောင်းချီထပ်တိုးနေပြီး ကာကွယ်ဆေး ထိုးနှံမှုများ၊ ဗိုင်းရပ်စ်ကန့်သတ်ချက်များနဲ့အတူ ကိုဗစ်ကို တိုက်ဖျတ်ဖို့ ကြိုးပမ်းနေပါတယ်။ အင်္ဂါနေ့မှာဆိုရင် ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ၁၄၁၅၀ ဦး၊ သေဆုံးသူ ၁၁၈ ဦးထိ ထပ်တိုးလာတယ်လို့ သိရပါတယ်။