ထိုင်းမှာ ရဟန်းသံဃာတော်တွေလည်း PPE တွေဝတ်ဆင်ပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေရ

 780

ရောင်နီ (NP News) - သြဂုတ် ၁
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ သံဃာတော် ရဟန်းအချို့ဟာလည်း PPE ဝတ်စုံများ ဝတ်ဆင်ကာ အောက်ဆီဂျင်ဘူးများပေးပို့ခြင်း၊ ဗိုင်းရပ်စ် စမ်းသပ်မှုများကိုကူညီရန် နှာခေါင်းတို့ဖက် နမူနာများယူခြင်းနဲ့ သေဆုံးသူများတွေကို မီးသဂြိုလ်ရာမှာ ကူညီခြင်းတို့ကို စေတနာ့ဝန်ထမ်းအဖြစ် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ အလွန် ကူးစက်တတ်တဲ့ နောက်ဆုံးပေါ် delta ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတာနဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များလည်း ယိုင်နဲ့လာကာ စီးပွားရေး ပျက်စီးဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံမြို့တော်ရှိ Suthi Wararam စေတီတော်မှ လက်ထောက်ဆရာတော်တစ်ပါးက လူထုကျန်းမာရေးစနစ်ပျက်ယွင်းလာခြင်းနဲ့အတူ ဗိုင်းရပ်စ်ကူးစက်ခံထားရပေမယ့် ကူညီမှုမရသေးတဲ့ လူနာတွေများစွာရှိနေသေးကြောင်း၊ တွေ့သမျှအကူအညီ လိုအပ်သူတိုင်းကို ကူညီသွားမည်ဖြစ်ကြောင်း AFP ကို ပြောကြားခဲ့ပါတယ်။ အဆိုပါ ဆရာတော်ဟာ ဇူလိုင်လ ၂၁ ရက်ကတည်းက ဘန်ကောက်ရှိ ဆင်းရဲတဲ့ရပ်ကွက်များမှာ အောက်ဆီဂျင်ဘူးများ ထောက်ပံ့ပေးခြင်း၊ အစားအစာများနဲ့ ဆေးဝါးအထောက်အပံ့များပေးခြင်း၊ ဗိုင်းရပ်စ်စမ်းသပ်ရန် နှာခေါင်းတို့ဖက် နမူနာယူခြင်းတို့ကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၉၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၈၀၀ ကျော်ထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.