လုံခြုံရေးအခြေအနေဟာ အမေရိကန်ကြောင့် ပိုမိုဆိုးရွားသွားပြီလို့ အာဖဂန်နစ္စတန် သမ္မတ အပြစ်တင်

 1093

ရောင်နီ (NP News) - သြဂုတ် ၃
အမေရိကန်က ၎င်းရဲ့တပ်များ ရုတ်တရက်ဆုတ်ခွာဖို့ဆုံးဖြတ်ချက်ချလိုက်ခြင်းကြောင့် အာဖဂန်နစတန်ရဲ့ လုံခြုံရေးအခြေအနေဟာ ရုတ်တရက်ကျဆင်းသွားရကြောင်း အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani က အပြစ်ဆိုခဲ့ပြီး အာဖဂန်အစိုးရအနေနဲ့ ခြောက်လအတွင်း ယင်းအခြေအနေတွေကို ထိန်းချုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်တပ်များ စက်တင်ဘာနောက်ဆုံးမှာ အပြီးသတ်ဆုတ်ခွာသွားဖို့ စီစဉ်ထားပြီးနောက် တာလီဘန် သူပုန်တပ်များဟာ နိုင်ငံအနှံ့လျှင်မြန်စွာ ကျူးကျော်ဝင်ရောက်နေပြီး ရက်အနည်းငယ်အတွင်း ပြည်နယ် ၃ ခုထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။Ghani က အာဖဂန်လွှတ်တော် မိန့်ခွန်းတစ်ခုမှာ လက်ရှိအခြေအနေဟာ နိုင်ငံတကာတပ်များ ရုတ်တရက်ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ဆိုးရွားလာကြောင်း၊ ၃ လအတွင်း မမျှော်မှန်းထားတဲ့ အခြေအနေတစ်ခု ကြုံလာခဲ့ရကြောင်း၊ သို့သော်လည်း အာဖဂန်အစိုးရဟာ ခြောက်လအတွင်း အခြေအနေကို ထိန်းချုပ်ဖို့ လုံခြုံရေးအစီအစဉ်ရှိပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ယင်းအစီအစဉ်ကို ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ တာလီဘန်တွေက ငြိမ်းချမ်းရေးဆီကို ဦးတည်မှာမဟုတ်ဘူးလို့ Ghani က ဆိုပါတယ်။ အာဖဂန်အစိုးရနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယမန်နှစ်က ကာတာနိုင်ငံ၊ မြို့တော်ဒိုဟာမှာ ပြုလုပ်ခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့ တိုးတက်မှုတစ်စုံတရာမှ မရရှိခဲ့ပါဘူး။ သို့ပေမယ့် နှစ်ဘက်စလုံးက ဆွေးနွေးပွဲကို အရှိန်မြှင့်ဖို့ ကတိပြုခဲ့ကြပြီး မကြာသေးခင်က ဒိုဟာမြို့မှာ အဆင့်မြင့် အာဖဂန်နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တာလီဘန်တို့တွေ့ဆုံခဲ့ကြပါတယ်။Ghani က စစ်သွေးကြွများဟာ အကြမ်းဖက်အဖွဲ့များနဲ့ ဆက်အသွယ်ဖြတ်ထားခြင်း မရှိကြောင်း၊ အမျိုးသမီးများနဲ့ အရပ်ဘက် လူမှုတက်ကြွလှုပ်ရှားသူများကို အရှိန်မြှင့်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တာလီဘန်တို့ကတော့ Ghani ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး "စစ်ပွဲကြေငြာချက်များ၊ စွပ်စွဲချက်များနဲ့ လိမ်လည်မှုများဟာ Ghani အစိုးရကို သက်ဆိုးရှည်စေမှာ မဟုတ်ဘူးလို့ လှုပ်ရှားမှုရဲ့ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က Twitter မှာ ပြောကြားခဲ့ပါတယ်။

Related news

© 2021. All rights reserved.