သြဂုတ်အတွင်း ကိုဗစ်ကူးစက်သေဆုံးနှုန်း ထက်ဝက်အထိလျော့ကျသွားရန်လုပ်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ညွှန်ကြား

 632

အေဝိုင်အီး (NP News) - သြဂုတ် ၃
သြဂုတ်လအတွင်း၌ ကိုဗစ်ကူးစက်သေဆုံးနှုန်း ထက်ဝက်အထိလျော့ကျသွားစေရန် ရည်မှန်းကြိုးစား လုပ်ဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ကောင်စီအဖွဲ့ဝင်များကို အသိပေးပြောကြားလိုက်သည်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ(၆)ကြိမ်မြောက် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ခြင်းဖြစ်ပြီး ကူးစက်မှုနှုန်းကျဆင်းရေးအတွက် ဇူလိုင်လကတည်းက စတင်ကြိုးပမ်းခဲ့မှုမှာ အတိုင်းအတာတစ်ခုအထိ အရာထင်လာခဲ့ပြီဖြစ်ကြောင်းလည်း ဆိုသည်။ “ ပြီးခဲ့တဲ့ ဇူလိုင်လကနေစပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ထိန်းလိုက်တဲ့အခါမှာ စဖြစ်တုန်းကနဲ့ယှဉ်ရင် တဖြည်းဖြည်းနဲ့ ကျလာတာ (၃၀)ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်။ ကျဆင်းသွားတယ်ဆိုပြီး ကျေနပ်နေလို့မရဘူး။ ဒီထက်ပိုပြီး ထိန်းနိုင်အောင် လုပ်ဖို့လိုတယ် ” ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။ ကိုဗစ်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်ကို ထပ်ဆင့်ကြေညာခဲ့သော ဇူလိုင်လဒုတိယပတ်မှစ၍ ကိုဗစ်ကူးစက်မှုနှုန်းက ကျဆင်းသွားသည်ဟုဆိုရာတွင် ပြည်သူများက အသွားအလာအနေအထိုင်များ ဆင်ခြင်လာကြောင့်လည်းဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း ပိုမိုသတိထား၍ စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။ “ ကျွန်တော့်အနေနဲ့ကတော့ ဒီသြဂုတ်လအတွင်းမှာ သိသိသာသာကြီးကို၊ ရှင်းရှင်းပြောရရင် ခေါက်ချိုး(ထက်ဝက်)လောက်ကို ကျသွားအောင် လုပ်ချင်ပါတယ်။ လက်ရှိဖြစ်နေတဲ့အခြေအနေကနေ ခေါက်ချိုးလောက်ကျသွားအောင် သြဂုတ်လအတွင်းမှာ ရအောင်ကြိုးစားရမယ်။ လုံးလုံးလျားလျား ကျဖို့ဆိုတာကတော့ တော်တော်ခဲယဉ်းပါလိမ့်မယ်။ ဒီရောဂါက ဘယ်လိုမှလည်း ကင်းစင်သွားမယ့်ရောဂါမဟုတ်ဘူးလို့လည်း နိုင်ငံတကာဆေးဝါးကျွမ်းကျင်သူတွေအားလုံးက လက်ခံထားတဲ့ကိစ္စဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ပြည်သူများ၏ သတိထားနေထိုင်ခြင်းဖြင့်သာ ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

အထူးသဖြင့် ပြည်သူများကသာ ဝိုင်းဝန်းသတိထားပါဝင်လာပါက ယခုဖြစ်ပေါ်နေသော ကိုဗစ်ကူးစက်သေဆုံးမှုနှုန်း၏ထက်ဝက်ခန့် ကျဆင်းသွားလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောကြားသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူနှုန်းမှာ အစိုးရစာရင်း၌ တစ်ရက်လျှင်ပျမ်းမျှ(၃၀၀)ကျော်ရှိပြီး အရပ်ဘက်စာရင်းတွင် တစ်ရက်လျှင်(၁၀၀၀)ကျော် ရှိနေကြောင်းလည်း သိရကာ ကွာဟနေသည့်အချက်သည် ဆေးရုံများ၏သေဆုံးရောဂါအတည်ပြုမှုလက်မှတ်ကြောင့်သာ ဖြစ်ကြောင်းလည်း ကြားသိရသည်။

Related news

© 2021. All rights reserved.