အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ(၁၆)ဦးထက်မနည်း သေဆုံး

 697

ရောင်နီ (NP News) - သြဂုတ် ၄
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ မုတ်သုန်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံးလူ(၁၆)ဦး သေဆုံးပြီး ဒေသခံလူဦးရေ လေးပုံတစ်ပုံခန့် ၎င်းတို့ရဲ့ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့ (သြဂုတ် ၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဇွန်လမှ စက်တင်ဘာလအထိအတွင်း အိန္ဒိယမုတ်သုံရာသီဟာ ရေကြီးခြင်းနဲ့ မြေပြိုခြင်းများအဖြစ်များခဲ့ပြီး နေရာအနှံ့အပြားကို ပျက်စီးစေခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် နှစ်စဉ်မိုးရွာသွန်းမှုဟာ ပိုမိုဆိုးရွားလာခဲ့ကြောင်း ပညာရှင်များက ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းက မြစ်ကမ်းပါးနှစ်ခု ကျိုးပေါက်ခဲ့ခြင်းကြောင့် အနောက်ဘန်ဂေါရှိ ခရိုင် ၆ ခုမှ အနည်းဆုံး လူဦးရေတစ်သန်းခွဲခန့် ရေလွှမ်းမိုးမှု အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီး Javed Ahmed Khan က AFP ကို ပြောကြားခဲ့ပါတယ်။ သေဆုံးသူ လူ ၁၆ ဦးအနက် ငါးဦးဟာ ရေစီးနဲ့ မျောပါ သေဆုံးခဲ့ပြီး ကျန်လူများကတော့၎င်းတို့ရဲ့ နေအိမ်များ ပြိုကျခြင်းကြောင့် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။ ရုတ်တရက် ရေကြီးလာခြင်းကြောင့် နေထိုင်သူများ မြေမြင့်ရာနေရာများကို ထွက်ပြေးခဲ့ရပြီး စစ်ရဟတ်ယာဉ်များနဲ့ အဆောက်အဦး ခေါင်မိုးများပေါ်မှ ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ခဲ့ရပါတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ဖို့အတွက် အာဏာပိုင်များက ရေလွှမ်းမိုးမှု ကျရောက်ခဲ့တဲ့ ခရိုင်များမှာ ကယ်ဆယ်ရေးစင်တာ ၄၀ ကျော်ကို တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ယခုနှစ် မုတ်သုံရာသီဟာ အစောပိုင်းက အနာက်ဘက်ကမ်းရိုးတန်းကို ရေကြီးစေခဲ့ပြီး သေဆုံးသူ ၂၅၀ ကျော်ထိ မြင့်တက်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အနောက်ဘက် Maharashtra ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး Uttarakhand နဲ့ Himachal Pradesh အပါအဝင် ဟိမဝန္တာ မြောက်ဘက်ပြည်နယ်များမှာလည်း ပြင်းထန်တဲ့ ရာသီဥတုကြောင့် လူများစွာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.