မြောက်ကိုရီးယားဘက်က တောင်းဆိုချက်ကို စဉ်းစားနိုင်ဖို့အတွက် အမေရိကန်က အထူးသံတမန်တစ်ဦးနဲ့ဆွေးနွေးဖို့ စတင်မယ်လို့ ပြော
519
မိုးတိမ် (NP News) - သြဂုတ် ၆
မြောက်ကိုရီးယားနိုင်ငံဘက်က တောင်းဆိုလာတဲ့ကိစ္စအတွက် အမေရိကန်ထိပ်တန်းသံတမန်အရာရှိတစ်ဦးက သုံးပွင့်ဆိုင်သဘောမျိုး တောင်ကိုရီးယားနဲ့ပါ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်သွားတော့မယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဘက်က တောင်းဆိုထားတဲ့အချက်ဟာ အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးပြီး လောင်စာဆီ၊ သတ္တူနဲ့ စားသုံးကုန်တွေ တင်သွင်းမှုလွယ်ကူစေခဲ့မယ်ဆိုရင် နျူလက်နက်လျော့ချရေးကိုလည်း စတင်လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီသတင်းစကားကို တောင်ကိုရီးယားအရာရှိတွေက သယ်ဆောင်ပေးခဲ့တာဖြစ်ပြီး အမေရိကန်ဘက်ကလည်း စတင်စဉ်းစားလာပြီဖြစ်တယ်လို့ US News က ဖော်ပြပါတယ်။ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့သြဂုတ်လ(၅)ရက်က ဆွေးနွေးပြီးတဲ့နောက်မှာ မြောက်ကိုရီးယားဘက်က တောင်းဆိုချက်ကို စတင်စဉ်းစားဖို့အတွက် ထိပ်တန်းသံတမန်တစ်ဦးကို ညွှန်ကြားချက်ပေးလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ “ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးရဲ့ဆွေးနွေးမှုအပြီးမှာတော့ မြောက်ကိုရီးယားကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွင်းကုန်ကိစ္စတွေကို ကူညီပေးဖို့နဲ့ ဖြေလျော့ပေးဖို့ စဉ်းစားလာပြီဖြစ်သလို ကိုရီးယားကျွန်းဆွယ်ရဲ့အဓိကခြိမ်းခြောက်မှုကြီးကိုလည်း ငြိမ်းချမ်းစွာဖယ်ရှားသွားနိုင်စေဖို့အတွက် ဆွေးနွေးသွားဖို့ ဆန္ဒရှိနေကြပါတယ် ” လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သို့သော်လည်း အမေရိကန်ဘက်က ထိပ်တန်းသံတမန်အရာရှိကိုတော့ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြောမထားသလို ဘယ်အချိန်မှာ ညှိနှိုင်းမှုစတင်မလဲဆိုတာကိုပါ အသေးစိတ်ဖြေကြားခြင်း မရှိသေးပါဘူး။
အမေရိကန်သံတမန်အနေနဲ့ မြောက်ကိုရီးယားနဲ့ဆွေးနွေးသွားမယ့်ကိစ္စမှာ တောင်ကိုရီးယားကိုယ်စားလှယ်တစ်ဦးကိုပါ ကြားခံအဖြစ် ထားရှိဆွေးနွေးသွားမယ့်သဘောမှာရှိနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဒီဆွေးနွေးပွဲဟာ အရပ်စကားဆန်ဆန်နဲ့ဆိုရင် စားသောက်စရာတွေ ပို့ပေးမယ်၊ နျူလက်နက်ကိုတော့ ဖြုတ်သိမ်းပေးပါ ဆိုတဲ့ တိုက်ရိုက်အပေးအယူဆန်တဲ့ဆွေးနွေးမှုမျိုးဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။