အင်ဒိုနီးရှားမှာ Delta ကိုဗစ်မျိုးကွဲ ကူးစက်မှုများကြောင့် ကာကွယ်ဆေးထိုးနှံမှုများ အလျှင်လိုစွာ ပြုလုပ်နေရ

624

ရောင်နီ (NP News) - သြဂုတ် ၇
အင်ဒိုနီးရှားနိုင်ငံရဲ့အဓိကကျွန်းတစ်ခုဖြစ်တဲ့ ဂျာဗားကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ သက်သာစပြုလာပေမယ့် အခြားပြည်နယ်တွေမှာတော့ ကူးစက်မှုနူန်းများ မြန်ဆန်လာခြင်းကြောင့် အကန့်အသတ်နဲ့ရှိနေတဲ့ ကာကွယ်ဆေးတွေကို အလျှင်လိုစွာ ထိုးနှံလာကြတယ်လို့ Straits times သတင်းဌာနက ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ နေ့စဉ် Covid-19 သေဆုံးမှု ထိပ်တန်းနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ယခုအခါ နေ့စဉ်ပိုးကူးစက် လူနာသစ်ရဲ့ထက်ဝက်နီးပါးခန့်ဟာ ဂျာဗားကျွန်းပြင်ပမှ ပေါ်ထွက်လာနေပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်များနဲ့ ကာကွယ်ဆေးထိုးမှုနိမ့်ကျတဲ့ ဒေသများမှာ ကူးစက်ပြန့်ပွားမှုများ အရှိန်မြင့်တက်လာနေပါတယ်။ မြို့တော်ဂျကာတာမှ လူဦးရေ ၇၈ ရာခိုင်နှုန်းခန့်ဟာ ပထမအကြိမ် ကာကွယ်ဆေးထိုးထားပြီးဖြစ်လာသည်နဲ့အမျှ အိမ်ပြင်ထွက်သွားလာရာမှာ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာပြဖို့ လိုအပ်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ အရှေ့ Kalimantan ကျွန်းမှ နေ့စဉ်ကူးစက်မှုနှုန်းများဟာ ဂျာဗားရဲ့ကူးစက်မှု စံချိန်တွေကိုပင် မီလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ Kalimantan အရှေ့နဲ့ တောင်ပိုင်းမှာ ကာကွယ်ဆေး ပြတ်လပ်မှုများကြောင့် ကာကွယ်ဆေးထိုးမှု ရပ်ဆိုင်းလိုက်ရတဲ့အခါ ဒေသခံရာပေါင်းများစွာဟာ မြောက်စူမားတြားမြို့ Medan ကို သွားရောက်ထိုးနှံဖို့ ကြိုးပမ်းလာကြပါတယ်။ အစိုးရအနေနဲ့လည်း ဒီအခြေအနေမှာ ခက်ခဲတဲ့စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပြီး သေဆုံးမှုမြင့်တက်နေတဲ့ ဒေသများရှိ သက်ကြီးရွယ်အိုများနဲ့ ရောဂါအခံရှိသူတွေကို ဦးစားပေးကာကွယ်ဆေး ထိုးနှံဖို့ ဒေသခံခေါင်းဆောင်များအား တောင်းဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား လူဦးရေသန်း ၂၇၀ အနက် ၈ ရာခိုင်နှုန်းခန့်ဟာ ကာကွယ်ဆေး ၂ ကြိမ်ပြည့်ရရှိထားပြီးဖြစ်ပြီး ယခုလနဲ့ လာမည့်လမှာ ကာကွယ်ဆေးများထပ်မံရရှိဖို့ မျှော်မှန်းထားကာ ဒီဇင်ဘာလအထိမှာတော့ ကာကွယ်ဆေးစုစုပေါင်း သန်း ၃၀၀ အထိရရှိဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ဇူလိုင်လက ကောက်ယူခဲ့တဲ့ အစိုးရစစ်တမ်းတစ်ခုအရ အင်ဒိုနီးရှားနိုင်ငံသား အများစုဟာလည်း Covid-19 ကာကွယ်ဆေး ထိုးလိုကြတယ်လို့ သိရပါတယ်။