ကိုဗစ်နှင့်ယှဉ်တွဲနေထိုင်ရတော့မည့် ပြည်သူများအတွက် ကိုယ်ခံအားကြံ့ခိုင်စေမည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးမည်ဟု အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပြော

1286

အေဝိုင်အီး (NP News) - သြဂုတ် ၁၁
ကိုဗစ်သည် ရှင်းရှင်းလင်းလင်းပျောက်သွားမည့်ရောဂါမျိုးမဟုတ်သည့်အတွက် ပြည်သူများအား ကိုယ်ခံအားစနစ်ကောင်းမွန်စေရန် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ(၉)ရက်က ကျင်းပခဲ့သည့်ကိုဗစ်ဆိုင်ရာအစည်းအဝေးတွင် ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်ပြီး ပြည်သူများအတွက် ကျန်းမာရေးနှင့်စနစ်နှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်းဖြစ်ရေးကိုလည်း အစိုးရကိုယ်တိုင် ဝင်ငွေကောင်းအောင် ဖန်တီး၍လုပ်ဆောင်သွားရမည်ဖြစ်သည်ဟု ပြောသည်။
“ ဒီရောဂါသည် စောစောက ကျွန်တော်ပြောသလိုပဲ ဘယ်လိုမှ အရှင်းပျောက်မယ့် အခြေအနေမဟုတ်ဘူး။ အရှင်းပျောက်မယ့် အခြေအနေ မဟုတ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးဖို့လိုတယ်။ ဥပမာအားဖြင့် - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုစရိုက်တွေ၊ လူနေမှုစနစ်တွေ ဒါတွေကို ကျွန်တော်တို့က လုပ်ပေးဖို့လိုတယ်။ ဒါကျတော့လည်း လူတွေရဲ့ အသိပညာ၊ အတတ်ပညာ၊ နောက်တစ်ခါ လူမှုအဆင့်အတန်း ဆိုတာဟာလည်း ဝင်ငွေတို့၊ ဘာတို့လည်း စကားပြောတယ်၊ စီးပွားရေးကောင်းဖို့လည်းလိုတယ်။ နိုင်ငံတော် အစိုးရကလည်း ဝင်ငွေကောင်းနေဖို့လိုတယ်။ ပြည်သူကလည်း ဝင်ငွေကောင်းနေဖို့ လိုတယ်။ အစိုးရကလည်း ဝင်ငွေရှိမှသာ အစိုးရတာဝန်ယူရတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို၊ ဥပမာ-ပန်းဥယျာဉ်တွေ ဖော်ထုတ်ပေးတာတို့၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပေးတာတို့၊ ဒါကျတော့ အစိုးရဝင်ငွေရှိမှ လုပ်လို့ရတာတွေရှိတယ်။ ပတ်ဝန်းကျင်ကောင်းတွေပေါ့ ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေးတွင် ပြည်သူများကိုယ်တိုင် ကိုယ်ခံစွမ်းအားစနစ်ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် အားကစားနှင့် အစားအသောက်ကို ချိန်ဆ၍ ဖြည့်တင်းသွားရန်လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
“ တစ်ဦးချင်းကျတော့လည်း သူတို့အိမ်တွေကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်နဲ့ လေလုံမိုးလုံနဲ့ ဒီလိုလုပ်နိုင်တဲ့ အခြေအနေမျိုး ပတ်ဝန်းကျင်ကောင်းတွေ ကျွန်တော်တို့ ဖန်တီးဖို့လိုပါတယ်။ နံပတ်တစ်အချက် အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမယ်။ ပြည်သူရော၊ အစိုးရရော လုပ်ရမယ့် သဘောရှိတာပေါ့။ ဒုတိယကဘာလဲဆိုတော့ ကိုယ်ခံစွမ်းအားတွေကောင်းအောင်၊ တစ်ဦးချင်းရဲ့ ကိုယ်ခံစွမ်းအားတွေကောင်းအောင်၊ ကျန်းမာကြံ့ခိုင်အောင် ကျွန်တော်တို့က လုပ်ရမယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့က အားကစားတွေ ဘာတွေအားပေးရမယ်။ လူတွေ ကိုယ်ခံစွမ်းအားကောင်းအောင် ကျွန်တော်တို့က လုပ်ပေးရမယ်။ အဲဒါနဲ့ ဆက်စပ်တာက ဘာလဲဆိုတော့၊ စားနပ်ရိက္ခာတွေ ဖူလုံပေါများရေးပေါ့။ တတိယအချက်က ဖူလုံပေါများရေးပေါ့။ စားနေမှလည်း သူက အားရှိမှာ။ အားရှိမှလည်း ကိုယ်ခံစွမ်းအား ဆိုတာလည်း ရှိမှာ။ အားမရှိဘဲနဲ့ ကိုယ်ခံစွမ်းအား ဘယ်လိုမှကောင်းစရာ မရှိဘူး။ ကြံ့ခိုင်ဖို့ဆိုတာကလည်း လေ့ကျင့်မှပေါ့။ လေ့ကျင့်မှသာ ကိုယ်ခံစွမ်းအားဆိုတာကလည်း ကောင်းလာမှာပေါ့။ ဒီလိုဖြစ်အောင် ကျွန်တော်တို့က လုပ်ရမယ်။ အဲဒီတော့ ကျွန်တော်တို့က စားနိုင်အောင် လုပ်ပေးရမယ်။ စားနိုင်အောင် လုပ်ပေးဆိုတော့၊ စောစောက ကျွန်တော်ပြောသလို ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ စားရေရိက္ခာမပေါစရာ မပြည့်စုံစရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့လုပ်ဖို့ပဲလိုတယ်။ ကျွန်တော်တို့က စားရေးရိက္ခာပေါများအောင်လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်၊ ကျွန်တော်တို့ ပေါပေါများများစားရမယ်ဆိုလို့ ရှိရင် လူတွေရဲ့ကျန်းမာရေးမှာ များစွာအထောက်အကူ ရလာလိမ့်မယ်။ ဒါကိုမှ တစ်ခါ ပတ်ဝန်းကျင်ကောင်းနဲ့ပေါင်းစပ်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင်၊ နောက် ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးမှာတော့ များစွာအကျိုးရှိမယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလိုတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် ဇွန်၊ ဇူလိုင်လများထက်ပို၍ ကူးစက်ဖြစ်ပွားမှုနှုန်းလျော့ကျသွားသည်ဆိုပြီး ပေါ့ဆစွာ မလုပ်ဆောင်ကျစေလိုကြောင်း လူ့အသက်များစွာဖြင့် ရင်းပြီးရခဲ့သည့်သင်ခန်းစာများ၊ အတွေ့အကြုံများ ဖြစ်သဖြင့် မေ့လျော့မသွားကြစေလိုဘဲ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများကို သတိပေးမှာကြားခဲ့သည်ဟု သိရသည်။
#NPNews