ဗဟို၏အခွင့်ကင်းလွတ်ခွင့်ဖြင့် ချက်ခြင်းရောက် ချက်ခြင်းအောက်ဆီဂျင်ထုတ်နိုင်မည့် Plant (၁၀၀)ကျော်ကို အလှူရှင်များက တင်သွင်းခွင့်ရရှိ

693

အေဝိုင်အီး (NP News) - သြဂုတ် ၁၂
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း၌ လိုအပ်ချက်မြင့်မားခဲ့သော အောက်ဆီဂျင် Plant တင်သွင်းမှုကို အောက်ခြေ၌ကြန့်ကြာနေရာမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အကြံပေးအဖွဲ့ ပါဝင်သော ဗဟိုနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်မှုကြောင့် အလုံးရေ(၁၀၀)ထက်မနည်း အခွန်အခကင်းလွတ်စွာဖြင့် ဆက်တိုက်ရောက်လာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လွန်ခဲ့သောတစ်ပတ်ကျော်က ရန်ကုန်ဆိပ်ကမ်း၌ အောက်ဆီဂျင် Plant တင်သွင်းလာမှုကို စည်းမျည်းစည်းကမ်းများဖြင့် လွယ်လွယ်ထုတ်မပေးဘဲ ရှိနေသဖြင့် အလှူရှင်အချို့မှာ အချိန်မီအောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်ရန် အခက်အခဲများ ဖြစ်ခဲ့ဖူးကြောင်း ကြားသိရကာ ယင်းဖြစ်စဉ်ကို ဗဟိုနှင့်တိုက်ရိုက်ချိတ်ဆက်လိုက်ရမှုလည်း ဖြစ်ခဲ့ကြောင်း သိရသည်။ “ ဆိပ်ကမ်းဘက်က ရစ်နေတာပေ့ါဗျာ။ ထုံးစံအတိုင်းပေ့ါ။ အောက်ဆီဂျင် Plant သွင်းလာသူတွေက ဘုန်းကြီးရဟန်းတွေ၊ အလှူရှင် လုပ်ငန်းရှင်တွေချည်းပဲ။ ရောင်းစားဖို့ တစ်ယောက်မှမပါဘူး။ ဒေသအလိုက် ဆေးရုံကြီးတွေကို ပြန်လှူပေးကြမယ့်သူတွေချည်းပဲ။ အဲဒါကို လွယ်လွယ်ထုတ်မပေးဘဲ လုပ်ထုံးလုပ်နည်းစည်းကမ်းအတိုင်း အခွန်သွင်းရမယ့်ကိစ္စတွေပဲ ပြောနေတာ ” ဟု ကိုယ်တိုင် အောက်ဆီဂျင် Plant တစ်ခုကို ဆောက်လုပ်လှူဒါန်းပေးမည့် လုပ်ငန်းရှင်က NP News ကို ပြောသည်။ ဆိပ်ကမ်းဝန်ထမ်းကလည်း အထက်ကညွှန်ကြားထားသောအချက်များကို စေ့ငှစွာနားမလည်သေးဘဲ အခွန်အခကို အစိုးရ၏မူလသတ်မှတ်ချက်အတိုင်း ကောက်ခံရန်ကြိုးစားနေခြင်းမျိုးဖြစ်ပြီး နားလည်မှုပိုင်းလွဲမှားခဲ့ကြခြင်းမျိုးဖြစ်ကြောင်း၊ ယင်းကဲ့သို့ နားလည်မှုလွဲမှားနေခြင်းကို ဗဟိုသို့ရောက်ရှိစေရန် လမ်းကြောင်းတစ်ခုမှနေ၍ ဆက်သွယ်အသိပေးခဲ့ပြီးနောက် လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ရသွားခဲ့ကြောင်း သိရသည်။ “ ဗိုလ်ချုပ်မှူးကြီးရဲ့အကြံပေးအဖွဲ့တွေထဲက ဆရာမကြီးတစ်ယောက်ကို ဆက်သွယ်ပြီးတင်ပြလိုက်တယ်။ သူက ဗိုလ်ချုပ်မှူးကြီးကို ပြောပြလို့ ဗိုလ်ချုပ်မှူးကြီးက အောက်ခြေကို ချက်ခြင်းညွှန်ကြားချက်ပေးလိုက်တယ်။ အဲဒီမှာတင် ကျွန်တော့်အလုံးတင်မဟုတ်ဘူး။ နောက်ထပ် အလုံးပေါင်း(၆၀)ထက်မနည်းလည်း ဘယ်အခွန်မှ ပေးစရာမလိုဘဲ ကင်းလွတ်ခွင့်ရသွားတယ်။ နောက်ထပ်လည်း လာဖို့ရှိသေးတယ် ရာနဲ့ချီပြီး ရောက်လာနိုင်တယ် ” ဟု အဆိုပါလုပ်ငန်းရှင်က ပြောသည်။ ဒေသအသီးသီးရှိ ဆေးရုံများအတွက် အောက်ဆီဂျင် Plant များကို ယခင်မူလဈေးများ၌ တစ်လုံးလျှင် ဒေါ်လာတစ်သိန်းအထက်ရှိနေသော်လည်း မြန်မာလုပ်ငန်းရှင်များထဲမှ တရုတ်တွင် ပေါက်မြောက်သည့်ပုဂ္ဂိုလ်တစ်ဦး၏အဆက်အသွယ်ဖြင့် ဒေါ်လာ(၆၀၀၀၀)ကျော်ဖြင့်သာ ရခဲ့ကြောင်း၊ အဆိုပါ စက်များမှာလည်း အောက်ဆီဂျင်ထုတ်မည့်နေရာကို ရောက်သည်နှင့်ယခင်ကကဲ့သို့ အချိန်ပေး၍တပ်ဆင်စရာမလိုဘဲ ကွန်တိန်နာဖြင့်ဆင်ပြီးသားအသင့်ကို လျှပ်စစ်မီးပေးလိုက်ရုံဖြင့် အောက်ဆီဂျင် နာရီပိုင်းအတွင်း တန်း၍ထွက်လာပြီဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ အဆိုပါ စက်များမှလည်း ၄၀ လီတာအောက်ဆီဂျင်အိုးပေါင်း (၁၅၀)ထက်မနည်းထွက်ရှိသည့် Plant များ ပါဝင်နေကြောင်း ဆိုသည်။ “ ပဲခူးတိုင်းထဲအတွက်ကိုပဲ အလုံး(၂၀)ကျော် မှာထားတယ်။ မြန်မာပြည်အနှံ့ဆေးရုံတွေကို Plant တွေ ထည့်သွားမယ့်သဘောရှိတယ်။ ဒေသအသီးသီးက လုပ်ငန်းရှင်တွေက သူတို့ဒေသအတွက် ဝိုင်းလှူပေးကြတာ ” ဟု လုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။
တင်သွင်းလှူဒါန်းကြသူများအဖြစ် အကြမ်းဖျင်းဥပမာအရ စတားလိုက်မှလုပ်ငန်းရှင်က တစ်ဦးတည်း(၄)လုံး၊ ဂျိုးသိန်းလုပ်ငန်းစုမှ(၆)လုံးဟူ၍ လုပ်ငန်းရှင်ပေါင်းများစွာက အောက်ဆီဂျင် Plant များကို ရန်ကုန်တစ်ခုတည်းအတွက်မဟုတ်တော့ဘဲ ဒေသအလိုက် လိုအပ်မည့်ဆေးရုံများအတွက် အမြန်မှာယူပေး၍ ဆိပ်ကမ်းမှတစ်ဆင့် အခွန်အခကင်းလွတ်စွာ ဝယ်ယူတင်သွင်းလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း လုပ်ငန်းရှင်အများစုမှာ လူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကူညီပေးရန်အတွက် အရေးပေါ်လိုအပ်နေသည့် အောက်ဆီဂျင်ကို မည်သူ့မျက်နှာမှမကြည့်ဘဲ လှူဒါန်းနေသည့်တိုင် ဝိုင်းဝန်းပြစ်တင်ရှုတ်ချသည့်လူတန်းစားတစ်ခုကြောင့် လူသိထင်ရှား အသိမပေးတော့ဘဲ သိုသိုသိပ်သိပ်ဖြင့် လှူစရာရှိသည်ကိုသာ လှူသည့်သဘောမျိုးလုပ်ပေးနေကြကြောင်း ကြားသိရသည်။