မည်သည့်ဘဏ်မှ ဒေဝါလီခံမည့်အခြေအနေမရှိဟု ဗဟိုဘဏ်ပြော

783

NP News - သြဂုတ် ၁၃
ဘဏ်သုံးဘဏ်ဒေဝါလီခံတော့မည်ဆိုသည့် သတင်းများလူမှုကွန်ရက်များတွင် ရေပန်းစားလျက်ရှိပြီး အဆိုပါကိစ္စသည် ကောလာဟလသတင်းသာဖြစ်ပြီး မည်သည့်ဘဏ်မှ ဒေဝါလီခံမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က NP News ကို ပြောသည်။
လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ လာမည့် သြဂုတ်လ ၁၆ ရက်မှ ၂ဝ ရက်အထိ အများ ပြည်သူအလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကာ ဘဏ်များအားလုံးပိတ်ထားမည်ဆိုသည့်သတင်းထွက်ပြီးနောက် ယခုကဲ့ သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။
“ဘဏ်သုံးဘဏ်ဒေဝါလီခံမယ်ဆိုတဲ့ကိစ္စကတော့ အထူးအထွေပြောစရာမရှိပါဘူး။ ကောလာဟလသတင်းပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေက ဒီလိုမဟုတ်မမှန်ကောလာဟလထုတ်ပြန်ခြင်းအပေါ်မှာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဘယ်ဘဏ်ကိုမှ လည်း အရေးယူပိတ်သိမ်းဖို့မရှိသလို၊ ဘယ်ဘဏ်မှလည်း ဒေဝါလီခံမယ့် အခြေအနေမရှိဘူးလို့ပြောချင်ပါတယ်”ဟု ဦးဝင်းသော်က ပြောသည်။
အစိုးရရုံးပိတ်ရက် ထပ်မံတိုးမြှင့်ခြင်းတွင် ဘဏ်များပါဝင်ခြင်းသည် COVID-19 ရောဂါကူးစက်ပျံံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဦးဝင်းသော်က “ဘဏ်တွေပိတ်လိုက်တာက ဗဟိုဘဏ်အပါအဝင် ဘဏ်အားလုံးက အများပြည်သူရုံးပိတ်ရက်မှာ ရုံးတက် နေရတယ်။ သုံးပတ်ရှိသွားပြီဖြစ်တဲ့အတွက် လေးပတ်မြောက်မှာတော့ ဗဟိုဘဏ်အပါအ ဝင် ဘဏ်တွေလည်း အများပြည်သူနည်းတူ ဒီရောဂါကူးစက်ပျံ့ပွားမှုတွေထိန်းချုပ်ဖို့အတွက် ထည့်ပိတ်ပေးတာဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါပိတ်ရက်တွင် ဘဏ်ဖွင့်ပြီး သုံးစွဲသူနှင့်တိုက်ရိုက်လုပ်ဆောင်ခြင်းများမရှိသော်လည်း ယခင်ပိတ်ရက်များအတိုင်း digital banking စနစ်၊ ATM စက်ကလည်း ပုံမှန်အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
#NPNews