ဆိုက်ဘေးရီးယား မြေအောက်ရေခဲလွှာမှာတွေ့တဲ့ ခြင်္သေ့ရုပ်ကြွင်းက နှစ်ပေါင်း ၂၈၀၀၀ ခန့်သက်တမ်းရှိတယ်လို့ ပညာရှင်တွေ အတည်ပြု

 915

ရောင်နီ (NP News) - သြဂုတ် ၁၄
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား မြေအောက်ရေခဲလွှာမှာ တွေ့ရှိခဲ့တဲ့ Sparta အမည်ရှိ ခြင်္သေ့ငယ်ရုပ်ကြွင်းဟာ နှစ်ပေါင်း ၂၈၀၀၀ ခန့်ထိ ရှိနေပြီဖြစ်ပြီး ၎င်းရဲ့ခန္ဓာကိုယ်မှာ မိခင်ဖြစ်သူရဲ့ နို့ရည်အပိုင်းအစများပင် တွေ့ရှိရတယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။

၂၀၁၈ ခုနှစ်က ရုရှားနိုင်ငံ Yapkutia ဒေသရှိ Semyuelyakh မြစ်အနီးမှာ Sparta အမည်ရှိ ဂူခြင်္သေ့ပေါက်ငယ် ရုပ်ကြွင်းကို တွေ့ရှိခဲ့ပြီးနောက် မနှစ်ကလည်း Boris လို့ခေါ်တဲ့ ခြင်္သေ့ငယ်ရဲ့ ရုပ်ကြွင်းကို တွေ့ရှိခဲ့ကြောင်း Quaternary ဂျာနယ်က ဖော်ပြခဲ့ပါတယ်။ ရုပ်ကြွင်း နှစ်ခုလုံးကို တစ်ခုနဲ့တစ်ခု ၁၅ မီတာအကွာမှာ တွေ့ရှိခဲ့ပေမယ့် ၎င်းတို့ဟာ ခေတ်တစ်ခုတည်း မှာ ရှင်သန်ခဲ့ကြသူတွေ မဟုတ်ဘဲ Boris ရုပ်ကြွင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃၄၄၈၀ ဝန်းကျင်က နေထိုင်ခဲ့တဲ့ သက်ရှိဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။ အသက် ၁ လမှ ၂လအရွယ် ယင်းရုပ်ကြွင်း ၂ ခုကို mammoth ဆင်စွယ် စုဆောင်းသူများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်းကလည်း Uyan နဲ့ Dina အမည်ရှိ အခြားခြင်္သေ့ပေါက် ၂ ကောင်ရဲ့ ရုပ်ကြွင်းတွေကို ယင်းဒေသမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဂူခြင်္သေ့များဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက မျိုးတုန်း ပျောက်ကွယ် သွားကြတာ ဖြစ်ပါတယ်။

လေ့လာမှုရဲ့ စာရေးသားသူ Valery Plotnikov က Sparta ရုပ်ကြွင်းကို ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ၎င်းရဲ့ အမွေးအမှင်များ၊ ကိုယ်တွင်းအင်င်္ဂါများနဲ့ အရိုးစုများ ယနေ့ထိ ကျန်ရှိနေဆဲ ဖြစ်ကြောင်း၊ နို့ရည်အချို့ကို တွေ့ရှိတာကြောင့် ၎င်းမှတစ်ဆင့် မိခင်ခြင်္သေ့စားသုံးခဲ့တဲ့ အစားအသောက်တွေကို သိရှိနိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။

Related news

© 2021. All rights reserved.