အမျိုးသမီးတွေအတွက် လွတ်လပ်ခွင့်တွေ ပေးမှာဖြစ်သလို အစိုးရထဲကို ပါဝင်ပူးပေါင်းဖို့ တာလီဘန်တွေက အသိပေး

948

မိုးတိမ် (NP News) - သြဂုတ် ၁၇
အမျိုးသမီးတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိမှာဖြစ်သလို အစိုးရအသိုင်းအဝိုင်းထဲကို အရင်အတိုင်း ဝင်ရောက်ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ အာဖဂန် အာဏာသိမ်း တာလီဘန်တွေက အသိပေးလိုက်ပါတယ်။
အမေရိကန်အခြေစိုက် Fox News ရဲ့ဖော်ပြချက်အရ တာလီဘန်တွေဟာ အတိတ်ကာလတုန်းက သတ်မှတ်ခဲ့တဲ့ ရှရီယားဥပဒေအတိုင်း အပြည့်အဝကျင့်သုံးသွားမယ့်ပုံမပေါ်ဘဲ အချို့ကိစ္စတွေမှာ လိုက်လျောညီထွေဖြစ်အောင် အုပ်ချုပ်ရေးကို ပုံဖော်သွားမယ့်သဘောမှာရှိတယ်လို့ တာလီဘန်ယဉ်ကျေးမှုကော်မရှင်နာအဖွဲ့ကို ကိုးကားပြီး ရေးသားထားပါတယ်။ “ အစ္စလာမ်အသိုင်းအဝိုင်းကြီးအနေနဲ့က အမျိုးသမီးတွေကို ဒုက္ခသည်တွေအဖြစ် မမြင်လိုကြပါဘူး။ တာလီဘန်တွေရဲ့အစိုးရတည်ဆောက်ပုံဟာ ရှရီယားဥပဒေကို အခြေခံမှာတော့ သေချာတယ်။ ဒါပေမဲ့ အစိုးရဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်း မပြောသေးသလို အစ္စလာမ်ခေါင်းဆောင်တွေအကုန်လုံးကလည်း အတွေ့အကြုံတစ်ခု ရှိထားပြီးပါပြီ” လို့ တာလီဘန်ယဉ်ကျေးမှုကော်မရှင်နာအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်သူ Enamullah Samangani က ပြောပါတယ်။ တစ်ကမ္ဘာလုံးက စိုးရိမ်နေတာကတော့ တာလီဘန်တွေဟာ အမျိုးသမီးတွေအပေါ်မှာ အခွင့်အရေးလုံးဝမပေးဘဲ ကျွန်သာသာ ဆက်ဆံရေးမျိုးဖော်ဆောင်သွားမှာကိုပါပဲ။ သို့သော်လည်း ခေတ်စနစ်တွေအရ တာလီဘန်တွေဟာလည်း အတိုင်းအတာတစ်ခုအထိ ကမ္ဘာနဲ့ထိတွေ့လာနေပြီဖြစ်တဲ့အတွက် ဆိုးဆိုးဝါးဝါးရမ်းရမ်းကားကား လုပ်ဆောင်မယ့်ပုံတော့ မပေါ်ဘူးလို့ ဆိုကြပါတယ်။ ထူးခြားချက်အဖြစ် တာလီဘန်ခေါင်းဆောင်တစ်ဖွဲ့ ကဘူးလ်မြို့တော်ဆေးရုံကို ဝင်ရောက်ရာမှာ အစပိုင်းက တာဝန်ကျဝန်ထမ်းတွေက ကြောက်လန့်တကြားဖြစ်ခဲ့ကြပေမယ့် တာဝန်ခံတွေကို တာလီဘန်ခေါင်းဆောင်အချို့က အသိပေးစကားပြောဆိုမှုတစ်ခုကြောင့် အဆင်ပြေသွားကြတယ်လို့ ဆိုပါတယ်။
တာလီဘန်ခေါင်းဆောင်က ဆေးရုံဝန်ထမ်းတွေကို ပုံမှန်အတိုင်း ဆက်လက်တာဝန်ထမ်းဆောင်စေလိုပြီး လုပ်ခလစာတွေကိုလည်း ပုံမှန်ပေးချေသွားမှာဖြစ်တယ်လို့ အတိအလင်းပြောကြားခဲ့ကြောင်း ဗီဒီယိုင်ဖိုင်နဲ့တကွ တွစ်တာမှာ ဝိုင်းဝန်းရေးသားဖော်ပြလာကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက တာလီဘန်တွေရဲ့အုပ်ချုပ်ရေးစနစ်ဆိုးကို အလိုမရှိဘူးလို့ ကဘူးလ်မြို့ပေါ်တစ်နေရာမှာ ဆန္ဒပြခဲ့ကြပေမယ့် ဖမ်းဆီးတာမျိုးမလုပ်ဘဲ လွှတ်ပေးထားသလို အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကိုလည်း ကမ္ဘာနဲ့ဆက်ဆံရေးအတွက် တာလီဘန်တွေဘက်က လမ်းဖွင့်ပေးသွားမယ့်သဘောမျိုး ရှိနေတယ်လို့ Fox က ဖော်ပြထားပါတယ်။