အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့BJP ပါတီ ကက်ရှ်မီးယားလူငယ်ခေါင်းဆောင်တစ်ဦးကို နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပေါ်

 2241

မိုးတိမ် (NP News) - သြဂုတ် ၁၉
ဝန်ကြီးချုပ် မိုဒီရဲ့BJP ပါတီ ပြည်နယ်ဒေသခေါင်းဆောင်တစ်ဦးကို အမည်မသိသေနတ်သမားတစ်ဦးက အိမ်နားအထိလာပြီး ပစ်သတ်သွားတဲ့ဖြစ်စဉ်မျိုး အိန္ဒိယနိုင်ငံရေးလောကမှာ စတင်ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

အိန္ဒိယရဲ့နိုင်ငံရေးလောကမှာ မကြိုက်တဲ့ပါတီတစ်ခုခုက နာမည်ရလာတဲ့ခေါင်းဆောင်တစ်ဦးဦးကို အမည်မသိဖြစ်သွားတဲ့လူပုဂ္ဂိုလ်တွေက ပစ်ခတ်သတ်ဖြတ်လုပ်ကြံတဲ့ဖြစ်စဉ်တွေဟာ မကြာခဏဖြစ်လေ့ရှိသလို ဒီလိုမှသာ အိန္ဒိယအတွက် နိုင်ငံရေးလုပ်ဆောင်တာလို့လည်း ခံယူသူတွေ ရှိနေကြပါတယ်။ ဒီတစ်ကြိမ်ကတော့ ကက်ရှ်မီးယားဒေသ ကူလ်ဂန်ခရိုင် ဘရာဇူးဂျာဂါရွာမှာနေထိုင်တဲ့ ဂျာဗစ်အာမက်ဒါဆိုသူကို အမည်မသိသေနတ်သမားတွေက သြဂုတ်လ(၁၇)ရက်မှာပဲ နေအိမ်ရှေ့အထိ လာရောက်ပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျာဗစ် အာမက်ဒါဟာ ကက်ရှ်မီးယားဒေသမှာ BJP ပါတီအတွက် ဒေသခံခေါင်းဆောင်တွေထဲက ထင်ရှားလာသူ လူငယ်တစ်ဦးလည်းဖြစ်သလို ကက်ရှ်မီးယားအတွက် အားကိုးရမယ့်မျိုးဆက်သစ်လည်းဖြစ်တယ်လို့ နာမည်ထွက်နေသူဖြစ်ပါတယ်။

“ အိမ်ရှေ့မြေလွတ်နေရာပေါ်မှာပဲ သူ့ကို အကြမ်းဖက်သမားတွေက လာပစ်သတ်သွားတာပါ။ သူ့ကို အနီးစပ်ဆုံးဆေးရုံဆီ အမြန်ပို့ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆေးရုံမရောက်ခင် လမ်းမှာပဲ သေဆုံးသွားတာပါ ” လို့ ကူလ်ဂန်ခရိုင် ရဲအရာရှိတစ်ဦးက မီဒီယာတွေကိုပြောပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ကတော့ အကြမ်းဖက်ပစ်ခတ်သူတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် အပူတပြင်းစုံစမ်းနေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။ သို့သော်လည်း အိန္ဒိယရဲတွေရဲ့ထုံးစံအတိုင်း တစ်နေရာမှာ ဇာတ်လမ်းဆုံးသွားနိုင်တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြကြပါတယ်။

အိန္ဒိယနိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ထူးမခြားနားဖြစ်စဉ်တွေက မကြာခဏဖြစ်နေသလို အုပ်ချုပ်မှုအပိုင်း ခက်ခက်ခဲခဲဖော်ဆောင်နေရတဲ့ ကက်ရှ်မီးယားလိုနေရာမှာတော့ အစိုးရမဲ့နေသလိုမျိုး အကြမ်းဖက်တွေအားကောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း အာနန်နက်ခ်ခရိုင်ထဲက ရွာတစ်ခုမှာ ဒေသပါတီ BJP ခေါင်းဆောင်ငယ်တစ်ဦးဟာ ဇနီးသည်နဲ့အတူ အကြမ်းဖက်သမားတွေရဲ့ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.