အမေရိကန် ကက်ပီတိုလွှတ်တော်ကို ဖောက်ခွဲမှုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့သူက အံ့အားသင့်ဖွယ်အဖြစ် ကိုယ်တိုင် အဖမ်းခံ

 1315

မိုးတိမ် (NP News) - သြဂုတ် ၂၀
အမေရိကန် ကက်ပီတိုလွှတ်တော်အဆောက်အအုံကို ဗုံးခွဲမယ်လို့ သြဂုတ်လ(၁၉)ရက်က ခြိမ်းခြောက်ခဲ့သူတစ်ဦးဟာ ရဲတပ်ဖွဲ့ဆီကို အံ့အားသင့်ဖွယ်ကောင်းအောင်ပဲ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တယ်လို့ နိုင်ငံတကာသတင်းများက ဖော်ပြလိုက်ပါတယ်။

လွှတ်တော်အဆောက်အအုံနားမှာ ဒီနှစ်အစောပိုင်း ဇန်နဝါရီလအတွင်းကလည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေဘက်က အကြမ်းဖက်ဖောက်ခွဲမှုလုပ်ဖို့အထိ ကြိုးစားခဲ့တဲ့ဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးတဲ့အတွက် ဒီတစ်ကြိမ်မှာလည်း ရဲတပ်ဖွဲ့ဟာ ခြိမ်းခြောက်ခံရမှုသတင်းရရချင်းပဲ လုံခြုံရေးတင်းကြပ်မှုတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း မြောက်ကယ်ရိုလိုင်းနားမှာ နေထိုင်တယ်ဆိုသူ အသက်(၄၉)နှစ်အရွယ် Floyd Roy Roseberry ဟာ ကိုယ်တိုင်ပဲခြိမ်းခြောက်ခဲ့သလို ကိုယ်တိုင်ပဲ လာရောက်အဖမ်းခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မစ္စတာ ဖလွိုက်ဟာ ကက်ပီတိုလွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ စာကြည့်တိုက်ရှေ့က ကားရပ်နားရာနေရာမှာ အချိန်ကြာကြာ ရှိနေခဲ့ပြီး ကားထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိတယ်လို့ ရဲတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ ရဲတပ်ဖွဲ့ဟာ ချက်ခြင်းရောက်သွားပြီးတော့ မစ္စတာ ဖလွိုက်နဲ့ ဆက်သွယ်စကားပြောဖို့ ကြိုးစားခဲ့ကြပါတယ်။ အထူးသဖြင့် ဖောက်ခွဲရေးမလုပ်ဘဲ အေးဆေးစွာ ဖမ်းဆီးခံဖို့ အသိပေးတိုက်တွန်းခဲ့သလို ဆက်သွယ်မှုမှာလည်း ဖုန်းလိုင်းက ပြတ်တောက်နေတဲ့အတွက် White Board တစ်ခုပေါ်မှာ စာရေးပြီး လှမ်းထောင်ပြပြီး ဆက်သွယ်တာမျိုးလုပ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီမတိုင်ခင်မှာတော့ ရဲတပ်ဖွဲ့က အနီးနားမှာရှိတဲ့သူတွေကို နေရာပြောင်းရွှေ့ပေးတာတွေကို အရင်ဆုံးလုပ်ခဲ့ကြရတယ်လို့ သိရပါတယ်။ “ သူက ကားထဲကနေ အေးဆေးစွာ ထွက်လာပြီး အဖမ်းခံပါတယ်။ ယူနစ်အဖွဲ့တွေကတော့ သူ့အနားကို ဖြည်းဖြည်းချင်းကပ်သွားပြီး ဘယ်သူမှထိခိုက်မှု မရှိခင်မှာပဲ ဖမ်းဆီးထားနိုင်ခဲ့ပါတယ် ” လို့ ကက်ပီတယ်လွှတ်တော်အထူးရဲတပ်ဖွဲ့က အကြီးအကဲတစ်ဦးဖြစ်သူ Manger က ပြောပါတယ်။ ဖမ်းဆီးခံခဲ့သူ မစ္စတာ ဖလွိုက်ဟာ လောလောလတ်လတ်မှာပဲ မိသားစုကို ဆုံးရှုံးထားလို့ စိတ်ဒဏ်ရာရနေပုံ ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိခင်ဖြစ်သူလည်း ဆုံးပါးထားသလို မိသားစုကလည်း ကင်းကွာနေတယ်လို့ ရဲတပ်ဖွဲ့ဘက်က အသိပေးပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ကတော့ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေ မဖြစ်ခင်မှာပဲ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မစ္စတာ ဖလွိုက်ပြောသလိုပဲ ကားထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ထားသလားဆိုတာကို အသေးစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Related news

© 2021. All rights reserved.