ဦးနိုင်ငံလင်း၏ ဇနီးအပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်နှင့် ဆက်စပ်သူများကို ဆက်တိုက်ဖမ်းဆီးရမိထားကြောင်း သတင်းထုတ်ပြန်လာ

2921

Iris (NP News) - သြဂုတ် ၂၆
ရန်ကုန်မြို့တွင်း အကြမ်းဖက်ဖောက်ခွဲမှု လုပ်ငန်းစဉ်များနှင့် CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ရေး လုပ်ငန်းစဉ်တို့ကို လုပ်ကိုင်သည်ဆိုသော သတင်းကွင်းဆက်များဖြင့် ဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းအပါအဝင် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များ နှင့် ဆက်စပ်အဖွဲ့ဝင်များစွာကို ဆက်တိုက်ဖမ်းဆီးရမိကြောင်း အိမ်စောင့်အစိုးရ သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်သည်။
ကနဦးအဖြစ် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိနေအိမ်တစ်ခုသို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ခင်မြတ်သူ(NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) အပါအဝင် ထိန်ဝင်း၊ အေးမင်းစိုး၊ အေးသူဇာ၊ ဇော်လင်းတို့ ၅ ဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေးပစ္စည်းများနှင့်အတူ သြဂုတ်လ(၂၁)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများထဲမှ ထိန်ဝင်းဆိုသူ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၂ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၃၃၀/ခ) တိုက်ခန်းသို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ်အသံမိုင်း ၃၅ လုံး၊ လက်လုပ်မီးခိုးမိုင်း ၂၈ လုံး၊ လက်လုပ်ယမ်းလုံး(အသေး) ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော အခြားဆက်စပ်ပစ္စည်းများ၊ လက်ပံတန်း ဂျီတီအိုင် ကျောင်းသားများသပိတ်စစ်ကြောင်း စာသားပါ ဗီနိုင်းတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ယင်းအပြင် ဆက်စပ်သူများဖြစ်သည့် စံပယ်(မင်္ဂလာဒုံ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆေးဘက်ဆိုင်ရာတာဝန်ခံ)ကို ဩဂုတ်လ ၂၂ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အမှတ်(၁၂၇)၌လည်းကောင်း၊ ဩဂုတ်လ ၂၃ ရက်တွင် ထွန်းထွန်းကို ထောက်ကြန့်မြို့၊ လမ်းဆုံရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၅၃)၌လည်းကောင်း၊ ဥမ္မာခင်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်၊ ထွန်းသီရိ (၁)လမ်း၊ အမှတ်(၅၂၄/က)၌လည်းကောင်း၊ အေးငြိမ်းမိုးနှင့် အောင်သူထက်တို့ကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အမှတ်(၃၂၆)တွင်လည်းကောင်း၊ ဩဂုတ်လ ၂၅ ရက်တွင် ခင်စန္ဒာဝင်း(နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးဟောင်း၏ဇနီး)ကို အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်းထောင် (အင်းစိန်)အနီးတွင်လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။ ဖမ်းဆီးရမိသူ ခင်မြတ်သူ(NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း)သည် ဒေါ်ဖြူဖြူသင်း(CRPH အဖွဲ့ဝင်၊ ၂၀၁၅ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ၏စေခိုင်းချက်အရ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအများစုဖြင့်ဖွဲ့စည်းထားသော CDM Supporting အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံအဖြစ် ပါဝင်ခဲ့ကြောင်း၊ CDM ဝန်ထမ်းများ၏ အချက်အလက်များအား ဒေါ်နီနီမေမြင့် (NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)မှတစ်ဆင့် ဒေါ်ဖြူဖြူသင်းထံ ပေးပို့ခဲ့သဖြင့် မတ်လတွင် CDM ဝန်ထမ်းတစ်ဦးလျှင် ၁၅၀၀၀၀ ကျပ်၊ နေ့စားဝန်ထမ်း တစ်ဦးလျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် ဝန်ထမ်း ၄၀၀ ဦးအတွက် လည်းကောင်း၊ မေလမှစတင်၍ တစ်ဦးလျှင် ၅၀၀၀၀ ကျပ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ CDM ဝန်ထမ်း ၁၀၀၀ ဦးအတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ၎င်းငွေများကို ဒေါ်ဖြူဖြူသင်းက ပေးပို့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ ယင်းအပြင် ဒေါ် ဖြူဖြူသင်း က PDF များအတွက် ထောက်ပံ့ရန် ဖြူဖြူခိုင် (နှင်းဆီအပ်ချုပ်ဆိုင်၊ မုဒိတာအိမ်ရာ၊ သမိုင်း)အား ၁၅၀၀၀၀၀ ကျပ်၊ ခင်စိုးစိုးကြည်(NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)က ကျော့မေအောင် ထံ ၃၀၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။
ဖမ်းဆီးရမိသူ ထိန်ဝင်း(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေး အဖွဲ့ဝင်ဟောင်း)သည် ဝေဖြိုးဟန် (ရန်ကုန်တိုင်းဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း) က မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့အားဖွဲ့စည်းရန် တာဝန်ပေးသဖြင့် မင်္ဂလာဒုံပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ကြီး၊ လှည်းကူး၊ သန်လျင်မြို့တို့တွင် PDF သင်တန်းများ ဖွင့်လှစ်ခဲ့သော ညီညီမင်း နှင့် မင်းမင်း(ခ)ဘစိုင်းတို့ထံ လက်နက်ဝယ်ယူရန်နှင့် PDF များအတွက် ၆၅၀၀၀၀၀ ကျပ်ကို ထောက်ပံ့ခဲ့ကြောင်း၊ တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိ နေအိမ်တွင် PDF သင်တန်းများဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိသူ အေးမင်းစိုး(မင်္ဂလာဒုံမြို့နယ်၊ PDF ရိက္ခာတာဝန်ခံ၊ မင်္ဂလာဒုံ မြို့နယ်၊ NLD အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း)သည် ဝေဖြိုးဟန်(ရန်ကုန်တိုင်းဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၏ စေခိုင်းမှုအရ PDF များအတွက် ရိက္ခာတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း၊ မတ်လခန့်မှ စတင်၍ ခင်စန္ဒာဝင်း(နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးဟောင်း၏ ဇနီး)က လစဉ် ဆန်နှင့် ဆီများအား PDF အဖွဲ့များအတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ညီညီမင်း၏ စေခိုင်း မှုကြောင့် သန်လျင်၊ လှည်းကူး၊ တိုက်ကြီးမြို့တို့ရှိ PDF သင်တန်းများသို့ ရိက္ခာပစ္စည်းများပေးပို့ခဲ့ကြောင်း၊ တရားခံ ထွန်းထွန်းသည်လည်း KNU နယ်မြေတွင် ရောက်ရှိနေသော PDF များအတွက် ၁၀၃၀၀၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း ဆိုသည်။
ယင်းအတွက်ကြောင့် NUG နှင့် ဆက်သွယ်၍ CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ခြင်းနှင့် PDF အဖွဲ့များထံ ငွေကြေး၊ ရိက္ခာ၊ လက်နက်ခဲယမ်း ထောက်ပံ့ခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အခြားဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက လျို့ဝှက်သတင်းပေးနိုင်ကြောင်းလည်း အိမ်စောင့်အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။