ဒေသအလိုက် PDF များကို လက်နက်၊ အစားအသောက်ထောက်ပံ့ပေးခြင်းမရှိသည့်ကိစ္စ NUG ဘက်က အသေးစိတ်မဖြေနိုင်သေးဟု ဆို

 1665

Iris (NP News) - သြဂုတ် ၂၇
နယ်မြေဒေသအသီးသီးတွင် ဖွဲ့စည်းထားသောအဖွဲ့များအတွက် လက်နက်၊ အစားအသောက်နှင့် လိုအပ်သော အထောက်အပံ့များ NUG ဘက်က မပေးသည့်ကိစ္စကို မီဒီယာများတစ်ခုက မေးမြန်းခဲ့ပြီး အသေးစိတ်မပြောနိုင် သေးကြောင်းနှင့် ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း NUG တာဝန်ရှိသူများက ပြောကြားလိုက်သည်။

သြဂုတ်လ(၂၄)ရက်က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဒေသခံ၊ ရွာခံ၊ နယ်ခံ PDF များကို NUG ဘက်က အထောက်အပံ့များပေးခြင်းမရှိကြောင်း အသံထွက်လာနေသည့်အတွက် မီဒီယာတစ်ခုက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။ “ အားလုံးလွှမ်းခြုံတဲ့ အနေအထားမျိုးနဲ့ ပြင်ဆင်နေရတာဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေရတာဖြစ်တဲ့အတွက် လတ်တလောအနေနဲ့ ကျွန်တော့်အနေနဲ့ ဒီလောက်ပဲ ဖြေနိုင်ပါတယ်။ အသေးစိတ်မပြောနိုင်တာကို နားလည်ပေးပါ ” ဟု NUG မှ ဦးမိုးဇော်ဦးက ပြောသည်။

NUG အဖွဲ့ဝင် ဖဒိုမန်းမန်းက အဆိုပါမေးခွန်းကို ကြားဖြတ်၍ဝင်လာကာ ယင်းကိစ္စအတွက် ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း ပြောလိုသည်ဟု ဆိုသည်။ “ NUG အနေနဲ့က ဘယ်လောက်ပဲ ထောက်ပံ့နိုင်သည်ဖြစ်စေ၊ မထောက်ပံ့နိုင်သည်ဖြစ်စေ PDF တွေဘက်ကလည်း ကိုယ့်ဒေသကိုယ့်နယ်မြေမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားဆောင်ရွက်သွားဖို့ လိုပါတယ် ” ဟု ဖဒိုမန်းမန်းက ပြောသည်။

အထူးသဖြင့် ထောက်ပံ့ရေးလုပ်ငန်းစဉ်များမှာ အကန့်အသတ်ဖြင့်သာ ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး စစ်ဘေးရှောင်ရမည့်ပြည်သူများအတွက်လည်း တတ်နိုင်သမျှ ဝိုင်းဝန်းစဉ်းစားလုပ်ဆောင်နေရကြောင်း ဆိုသည်။ အဆိုပါမေးခွန်းနှင့်ပတ်သက်၍လည်း ဒေါက်တာ ဇော်ဝေစိုးက ကြားဖြတ်၍ ထပ်မံဖြည့်စွက်ဖြေကြားမှုလုပ်ဆောင်ခဲ့ပြီး ပြည်သူများက မိမိတို့ဘာသာမိမိတို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည့်အတွက် တတ်နိုင်သမျှ ရသည့်ပုံစံဖြင့်သာ တော်လှန်သွားကြရန်လိုအပ်သည်ဟု ဆိုသည်။

“ တကယ်သာ တော်လှန်ချင်တဲ့သူတိုင်းကို လက်နက်တပ်ဆင်ရမယ်ဆိုရင် လက်နက်သန်း(၅၀)ကျော်ကို တပ်ဆင်ရမှာ ဖြစ်တယ် ” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောကြားလိုက်ပြီး ပြည်သူတိုင်းအတွက် လက်နက်တပ်ဆင်ပေးရန် အခက်အခဲရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။
#NPNews

Related news

© 2021. All rights reserved.