ကဘူးလ်လေဆိပ်ကို အသေခံဗုံးခွဲတိုက်ခိုက်ရန် ရည်ရွယ်ထားသည့်ကားကို အမေရိကန်စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်ဖယ်ရှား

607

ရောင်နီ (NP News) - သြဂုတ် ၃ဝ
တနင်္ဂနွေနေ့ (သြဂုတ်လ ၂၉ ရက်)က အမေရိကန်တပ်ဖွဲ့များသည် ကဘူးလ်လေဆိပ်ကိုဗုံးခွဲရန် ပြင်ဆင်နေသည်ဟု သံသယရှိထားသည့် မော်တော်ကားကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကာဖယ်ရှားခဲ့ကြောင်း အမေရိကန်အရာရှိများကပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုသည် ကြာသပတေးနေ့က အမေရိကန် စစ်သား (၁၃) ဦးနှင့် အာဖဂန်မှ ထွက်ခွာလိုသော လူပေါင်းများစွာ သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုပြီးနောက် ဒုတိယအကြိမ် ဖောက်ခွဲမှုဖြစ်နိုင်ချေရှိကြောင်းသိရသည်။ တနင်္ဂနွေနေ့က နောက်ဆက်တွဲ ပေါက်ကွဲမှု ဖြစ်လာနိုင်သည့် ပေါက်ကွဲစေသော ပစ္စည်းအမြောက်အများ တင် ဆောင်လာနေသည့် မော်တော်ယာဉ်ကို မောင်းသူမဲ့လေယာဉ်တစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိ တစ်ဦးကဖော်ပြခဲ့သည်။
မျက်မြင်သက်သေများက ဟာမစ်ကာဇိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မြောက်ဘက်ရပ်ကွက်တစ်ခုတွင် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ရုပ်သံမှတ်တမ်းများအရကောင်းကင်တွင် အနက်ရောင် မီးခိုးလုံးများ တက်လာခြင်းကို တွေ့ရကြောင်းပြောသည်။ အမေရိကန် ဗဟိုကွပ်ကဲမှု စစ်ဌာနချုပ်က အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး အ ရပ်သားထိခိုက်သေဆုံးမှုများ ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ကဘူးလ်မြေပြင်အခြေအနေသည် အလွန်အန္တရာယ်များနေဆဲဖြစ်ကြောင်း နှင့် လာမည့် (၂၄-၃၆) နာရီအတွင်း နောက်ထပ်စစ်သွေးကြွ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရာရှိကြောင်း ပြောဆိုခဲ့ပြီး အထူးသဖြင့် ဒုံးကျည်များနှင့် ယာဉ်များပေါက်ကွဲစေနိုင်သည့် ခြိမ်းခြောက်မှုများ၊ မကြာသေးမီက လေဆိပ်ကို တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
#NPNews