သာမန်လူ့အသုံးအဆောင်ပစ္စည်းတွေပေမယ့် ဘာကြောင့်ကမ္ဘာပေါ်မှာဈေးအကြီးဆုံးဖြစ်နေရတာလဲ

 1021

ဝတီ (NP News) - စက်တင်ဘာ ၆
လူတွေ နေ့တိုင်းသုံးနေတဲ့ သာမန်လူ့အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဈေးတွေခေါင်ခိုက်နေတဲ့ အထူးထုတ်အမျိုးအစားတွေလည်း ရှိပါတယ်။ တချို့ကုမ္ပဏီတွေက အဲဒီလိုအထူးထုတ်တွေကို အရေအတွက်အကန့်အသတ်နဲ့ထုတ်ပြီး တချို့ကတော့ တစ်ခုတည်းပဲထုတ်ပါတယ်။ အဲဒီ အထူးထုတ်ပစ္စည်းအများစုရဲ့တန်ဖိုးကတော့သာမန်လူတွေအတွက်ဆိုရင် တစ်ခါဝယ်လိုက်တာနဲ့ ရှိရှိသမျှပြုတ်ပြုတ်ပြုန်းသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီအထူးထုတ်ပစ္စည်းတွေဟာ သူဌေးကြီးတွေအတွက်ပဲ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ `သာမန်အသုံးအဆောင်ပစ္စည်းလေးပဲကို ဘာကြောင့်ဈေးကအဲဒီလောက်တောင်ကြီးရတာလဲ။ ဘယ်လိုမျိုးပစ္စည်းတွေလဲ။ အဲဒီလောက်ဈေးကြီးပေးရတာတန်ကောတန်ရဲ့လား` ဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ တသီတတန်းကြီးပေါ်နေပြီဆိုရင်တော့ အခုတင်ဆက်သွားမယ့် အကြောင်းအရာကို အဆုံးထိ ကြည့်လိုက်ရင် သိသွားပါလိမ့်မယ်။

သွားတိုက်ဆေး (Toothpaste)
Theodent (သီအိုဒန့်) ဆိုတဲ့ သွားတိုက်ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကအထူးထုတ် သွားတိုက်ဆေးထုတ်ပြီး တစ်ဘူးကို (၉၉ ဒသမ ၉၉) ဒေါ်လာနဲ့ရောင်းပါတယ်။ သွားတိုက်ဆေးလေးကိုများ ဘာကြောင့်အဲဒီလောက်တောင်ဈေးကြီး နေရတာလဲဆိုရင်တော့ အဲဒီအထူးထုတ်သွားတိုက်ဆေးက သွားဂျိုးတွေကို ပိုထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပြီး သွားတွေကိုလည်း သာမန်သွားတိုက်ဆေးတွေထက် ပိုသန်မာစေနိုင်လို့ပါပဲ။ ပြီးတော့ ဖလိုရိုက်ဒ် ( Flouride ) မပါဘဲနဲ့ အဲဒီလိုလုပ်ပေးနိုင်တာပါ။ ဖလိုရိုက်ဒ်ဟာ သွားတွေကို သန်မာစေလို့သွားတိုက်ဆေးတိုင်းလိုလိုမှာ ဖလိုရိုက်ဒ် ပါပါတယ်။ ဖလိုရိုက်ဒ်က သွားအတွက်ကောင်းပေမယ့် ကျန်းမာရေးဆိုးကျိုးတချို့လည်း ဖြစ်စေနိုင်ပါတယ်။ ဒီအထူးထုတ်သွားတိုက်ဆေးကတော့ ဖလိုရိုက်ဒ် မပါဘဲနဲ့ သွားတွေကို ပိုသန်မာစေမှာဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်ဆေးဆိုပေမယ့် သူက အရမ်းဈေးကြီးနေတာဖြစ်ပါသတဲ့။

စာရွက်တွေကို တွဲချုပ်တဲ့နေရာမှာသုံးတဲ့ချုပ်အပ် (Staples)
ကိုယ်က ကျိကျိတက်ချမ်းသာနေပြီး ပိုက်ဆံကို ထူးခြားတဲ့နည်းနဲ့သုံးချင်တယ်ဆိုရင်တော့ ဒီပစ္စည်းကအဆင်အပြေဆုံးဖြစ်မှာပါ။ ဒီချုပ်အပ်ကိုရွှေအစစ်နဲ့ လုပ်ထားတာဖြစ်ပါတယ်။ ချုပ်အပ်ပေါင်း (၂၄) ခုကို ရွှေ (၁၄) ကာရက်နဲ့လုပ်ထားတာဖြစ်ပြီး တန်ဖိုးက (၇၁) ဒေါ်လာကျော်ဖြစ်ပါတယ်။ ထူးခြားတာကစတာပလာလို့ခေါ်တဲ့ ဘယ်စာရွက်ချုပ်စက်ထဲမှာမဆို ဒါကို အလွယ်တကူထည့်သုံးလို့ရတော့ ဒီရွှေချုပ်အပ်တွေအတွက် စတာပလာ သီးသန့်မလိုတော့ဘူးပေါ့။

သိုးမွှေးခြေစွပ် (Woollen Socks)
ဒါကတော့ ရိုးရိုးသိုးမွှေးခြေစွပ်ပဲဖြစ်ပြီး ဘာစိန်တွေ၊ ရွှေတွေနဲ့မှအလှဆင်မထားပါဘူး။ ဒါပေမဲ့ ဒီခြေစွပ်က အရှားပါးဆုံး၊ အဖိုးအတန်ဆုံးသိုးမွှေးတစ်မျိုးနဲ့ လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ဒီခြေစွပ်တစ်စုံကို (၁၁၈၈) ဒေါ်လာ ကျပါတယ်။

လက်ဖက်ရည်အိုး (Teapot )
ဒီလက်ဖက်ရည်အိုးကိုတော့ စိန်၊ ရွှေ၊ ပတ္တမြားအစစ်တွေနဲ့ချည်းပဲအပြည့် အလှဆင်ထားပါတယ်။ လက်ဖက် ရည်အိုး လက်ကိုင်ကိုလည်းမျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ အမွှေးရှည်ဆင်ကြီးတမျိုးရဲ့ အစွယ်နဲ့ လုပ်ထားတာပါ။ ဟုတ်ပါတယ်။ လက်ကိုင်ကို ရေခဲခေတ်က ကျန်ရစ်ခဲ့တဲ့ အရှားတကာ့ အရှားပါးဆုံး ဆင်စွယ်နဲ့ လုပ်ထားတာပါ။ ဒီဆင်ကရတဲ့ ဆင်စွယ်နဲ့ရေနွေးကရားလက်ကိုင်လုပ်ဖို့ဆိုတာ အင်မတန့် အင်မတန်ကိုမှခဲယဉ်းပေမယ့် ရအောင်လုပ်ထားပါတယ်။ ဒါတွေကြောင့်လည်း ဒီအိုးတန်ဖိုးဟာ ဒေါ်လာ (၃) သန်း ဖြစ်နေတာပါ။

အာကာသ ဘလိတ်ဒါး (Razor fro Space)
ဒီဘလိတ်ဒါးဟာ ဒေါ်လာ ၁ဝဝဝဝဝ (တစ်သိန်း) တန်ပါသတဲ့။ ဒီလောက်အထိ ဈေးခေါင်ခိုက်နေရတဲ့အကြောင်း ရင်းကတော့ အဲဒီဘလိတ်ဒါးကို အာကာသကကျလာတဲ့ အပျက်အစီးအကြွင်းအကျန်တွေနဲ့လုပ်ထားတာကြောင့်မို့ပါပဲ။ ဟုတ်ပါတယ်။ အဲဒီသတ္ထုကို ဥက္ကာခဲအကြွင်းအကျန်တွေထဲမှာပဲ တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဘလိတ်ဒါးပေါင်း (၉၉) ခုပဲ ထုတ်ထားပါတယ်။

ခဲတံ (Pencil)
ဒီနေ့ခေတ်မှာ ခဲတံကိုတောင် စိန်တွေ၊ ရွှေတွေနဲ့လုပ်ပါတယ်။ တန်ဖိုး ဒေါ်လာ (၁၂၈ဝဝ) ရှိတဲ့ ဒီခဲတံကို ၂ဝဝ၁ ခုနှစ်ကထုတ်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးခဲတံဆိုတဲ့ ဂုဏ်ပုဒ်ကို ရသွားပါတယ်။ ခဲတံကို နှစ်ပေါင်း (၂၄ဝ) သက်တမ်းရှိတဲ့ သံလွင်သားနဲ့ လုပ်ထားပါတယ်။ ခဲတံထိပ်က အဖုံးလေးကိုတော့ ရွှေဖြူ (၂၄) ကာရက်နဲ့ လုပ်ထားပါတယ်။အဲဒီအဖုံးရဲ့ ထိပ်ကိုမှ စိန်သုံးပွင့်နဲ့ အလှဆင်ထားပြန်တာပါ။ကုမ္ပဏီက ဒီလိုခဲတံမျိုး (၁ဝ) ချောင်းပဲ ထုတ်ခဲ့ပါတယ်။

ဖုန်စုပ်စက် (Vacuum cleaner)
မော်တာ၊ ဘီးနဲ့ ဖုန်ထည့်ဖို့ အမှိုက်အိတ်လေးက လွဲလို့ဒီဖုန်စုပ်စက်တစ်ခုလုံးကို ရွှေပြားနဲ့ အုပ်ထားတာပါ။ ဒါကြောင့် ဒါကကမ္ဘာ့ဈေးအကြီးဆုံး ဖုန်စုပ်စက်ပါ။ ကုမ္ပဏီက တစ်ခု ဒေါ်လာ (၁) သန်းတန်ဒီလို ရွှေဖုန်စုပ်စက်ပေါင်း အခု (၁ဝဝ) ထုတ်လုပ်ခဲ့ပါတယ်။

အိမ်သာသုံးတစ်သျှူးစက္ကူ (Toilet Paper)
ဒီစာရင်းမှာ ဒီပစ္စည်းမှမပါရင် ဘယ်လိုမှမပြည့်စုံနိုင်ပါဘူး။ သြစတြေးလျကုမ္ပဏီကြီးတစ်ခုက တစ်လိပ်ကို ဒေါ် လာ (၁ ဒသမ ၅) သန်းတန်တဲ့ အိမ်သာသုံး တစ်သျှူးစက္ကူလိပ် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဘာကြောင့် ဒီလောက်အထိ မတန်တဆဈေးကြီးနေရတာပါလဲ။ အဖြေကတော့ဒီတစ်သျှူးစက္ကူကို ရွှေ (၂၄) ကာရက်နဲ့ လုပ်ထားတာကြောင့်ပါပဲ။ ဒါကြောင့် ဒါဟာ ကမ္ဘာပေါ်မှာဈေးအကြီးဆုံး အိမ်သာသုံးစက္ကူလိပ်ဖြစ်သွားတော့တာပါ။ ဒီတစ်သျှူးလိပ်ကို ဝယ်သူဆီရှန်ပိန် တစ်ပုလင်းနဲ့တွဲပြီး ပို့ပေးခဲ့တယ်လို့ကုမ္ပဏီကဆိုပါတယ်။

ထီး (Umbrella)
ဒီထီးက ဘာကြောင့် တမူထူးခြားနေရသလဲ၊ ဈေးသိပ်ကြီးနေရသလဲဆိုရင်တော့ ထီးကို မိကျောင်းသားရေအစစ်နဲ့ လုပ်ထားတာကြောင့်မို့လို့ လို့ ဖြေရမှာပါပဲ။ ရေစိုဒဏ်ခံနိုင်တဲ့ အရည်အသွေးမြင့် ဒီထီတစ်လက်ကိုဒေါ်လာ ၅ဝဝဝဝ ( ငါးသောင်း ) ပေးရပါတယ်။ အမျိုးသားသုံးဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ အီတလီနာမည်ကြီး အမှတ်တံဆိပ်တစ်ခုက ဒီထီးကို ရောင်းချတာဖြစ်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.