ထိုင်းမှာ စာသင်ကျောင်း(၆၈)ကျောင်းကို ရှေ့ပြေးစီမံချက်အဖြစ် စတင်ဖွင့်လှစ်

 1101

မိုးတိမ် (NP News) - စက်တင်ဘာ ၇
ကိုဗစ်ကိုအတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီလို့ ယူဆတဲ့အတွက် ထိုင်းမှာ စာသင်ကျောင်း(၆၈)ကျောင်းကို အထူးလုံခြုံစိတ်ချရမှုဇုန်အဖြစ် သတ်မှတ်ပြီး ရှေ့ပြေးစီမံချက်အဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်က ထိုင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနကို ကိုးကားပြီး စက်တင်ဘာ(၇)ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး ကျောင်းအချို့ပြန်လည်ဖွင့်လှစ်တဲ့အစီအစဉ်ကို "Sandbox Safety Zone in School" လို့ အမည်ပေးထားပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်အတွက် သက်ဆိုင်ရာကျောင်းတိုင်းလိုလိုက အချက်သုံးချက်ကို မဖြစ်မနေလိုက်နာရမှာဖြစ်ပြီး ကျောင်းနေကျောင်းစားပုံစံဖြစ်ခြင်း၊ စာသင်ကြားမှုကို လွတ်လပ်ပေ့ါပါးစွာ သတ်မှတ်ထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအာမခံချက်အပြည့်ထားခြင်းတို့ကို ဦးတည်ထားတယ်လို့ ဆိုပါတယ်။ ပြန်လည်ဖွင့်လှစ်မယ့် ကျောင်းတွေထဲမှာ အထူးသင်ကြားရေးဗျုရိုအောက်က ကျောင်း(၂၀) ပါဝင်သလို အစိုးရအခြေခံပညာကျောင်း(၃)ကျောင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ သီးသန့်ပုဂ္ဂလိကကျောင်းတွေလည်း (၄၄)ကျောင်းအထိ ပါဝင်လာခဲ့ပြီး အစိုးရနဲ့ပုဂ္ဂလိကတွဲဘက်ကျောင်းတစ်ကျောင်းလည်း ပါဝင်လာတယ်လို့ ဆိုပါတယ်။ ဒီအတွက် နိုင်ငံတစ်ဝန်းက ကျောင်းပေါင်းများစွာကို သေချာစွာ စာရင်းပြုစုလေ့လာပြီးမှ ကိုဗစ်ကပ်ရောကိုလည်း ပြင်းထန်စွာ မခံစားရတဲ့ဒေသတွေကို ဦးတည်စဉ်းစားပြီး ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရအမျိုးသမီး Kesthip Supawanich က ပြောပါတယ်။

စာသင်ကျောင်း(၆၈)ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးတဲ့အစီအစဉ်က ကနဦးရှေ့ပြေးအစီအစဉ်မျိုးဖြစ်ပြီး အသက်(၁၂)နှစ်အထက် ကျောင်းသားတွေကတော့ သေချာပေါက် ကာကွယ်ဆေးထိုးထားဖို့ လိုတယ်လို့ ပညာရေးဝန်ကြီး Treenuch Thienthong က ထိုင်းသတင်းစာကနေတစ်ဆင့် အသိပေးထားတာ တွေ့ရပါတယ်။

Related news

© 2021. All rights reserved.