ကိုဗစ်ကာကွယ်ဆေးသန်း(၂၀၀)ကို လာမယ့်နှစ်အတွက် ထိုင်းအာဏာပိုင်တွေ ကြိုတင်ပြင်ဆင်

998

မိုးတိမ် (NP News) - စက်တင်ဘာ ၈
ထိုင်းအမျိုးသားကာကွယ်ဆေးသုတေသနဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထိုင်းပြည်သူတွေအတွက် ကာကွယ်ဆေးသန်း(၂၀၀)ကို လာမယ့်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားတော့မယ်လို့ ကြေညာလိုက်ပါ တယ်။ ကိုဗစ်ကပ်ရောဂါဟာ လုံးဝကင်းစင်သွားမယ့်ရောဂါမျိုးမဟုတ်တဲ့အတွက် ကာကွယ်ဆေးထုတ် လုပ်ခြင်း သို့မဟုတ် ဝယ်ယူခြင်းများကို မဖြစ်မနေကြိုတင်ပြင်ဆင်ထားရမယ်လို့ ထိုင်းအစိုးရအာဏာပိုင် တွေက အတိအလင်းအသိပေးလိုက်တာလည်းဖြစ်ပါတယ်။
ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထား ချက် အရ ကျန်းမာရေးဒုဝန်ကြီး Sathit Pitutecha ဦးဆောင် တဲ့အဖွဲ့ကနေ လွှတ်တော်မှာရော လူထုကြား မှာပါ ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်စေဖို့ အသိပေးတာ တွေ၊ ကြိုတင်လှုပ်ရှားပြင်ဆင်တာတွေ လုပ်သွား မယ်လို့ ဆိုထားပါတယ်။
အထူးသဖြင့် ကာကွယ်ဆေးအမျိုးအစားတွေများစွာထဲကမှ AstraZeneca ၊ Pfizer နဲ့ Sputnik V တို့ကို သက်ဆိုင်ရာနိုင်ငံတွေဆီကနေ မှာယူသွားဖို့ပြင်ဆင်ထားသလို ဒီနှစ်ထဲမှာလည်း ကာကွယ်ဆေးပေါင်း ၁၂၄ သန်းကို ပြည့်မီအောင် ထိုးနှံသွားမယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ ထိုးနှံပေးသွားမယ့်ကာကွယ် ဆေးပေါင်း ၁၂၄ သန်းမှာ ၄၃ သန်းကျော်ဟာ AstraZeneca အမျိုးအစားဖြစ်ပြီး Pfizer အမျိုးအစားက သန်း(၃၀)ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
“ ထိုင်းမှာ ကာကွယ်ဆေးအလုံအလောက်ရရှိစေဖို့နဲ့ လူထုဆီကို မြန်မြန်ဆန်ဆန်ထိုးပေးနိုင်ဖို့ကို ကြိုးစား လုပ်ဆောင်နေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ကလည်း ကာကွယ်ဆေးပြတ်လပ်မှု မရှိစေဖို့နဲ့ မြန်မြန် ဆန်ဆန်ရစေဖို့အတွက် ထုတ်လုပ်တဲ့နိုင်ငံက ကုမ္ပဏီတွေဆီကို တိုက်ရိုက်ချဉ်းကပ်လုပ်ဆောင်နေပါတယ် ” လို့ ထိုင်း ကျန်းမာရေးဒုဝန်ကြီး Sathit Pitutecha က ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ လာမယ့်အောက်တိုဘာမှာတော့ ပထမအဆင့်အဖြစ် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုး ပေးရေးလုပ်ငန်းစဉ်တွေ ပြီးပြတ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ကာကွယ်ဆေးထိုးပေး ရေးလုပ်ငန်းစဉ်မှာလည်း အသက်(၁၈)နှစ်အထက်ကနေ စတင်ပြီး နိုင်ငံတွင်းက ဘယ်သူ့ကိုမဆို ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းစဉ် သတ်မှတ်ချက်နဲ့ညီရင် အားလုံးထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ထိုင်းမှာ ကာကွယ်ဆေးထိုးဖို့ စာရွက်စာတမ်းကိုင်ဆောင်ပြီးစောင့်ဆိုင်းနေတဲ့လူအုပ် ကြီးကို နေရာအစုံမှာ မြင်တွေ့နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။
#NPNews