သယံဇာတထုတ်ရောင်းခြင်းကကန့်သတ်မှုရှိခြင်းကြောင့် သမာအာဇီဝနည်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးပြော

623

NP News - စက်တင်ဘာ ၈
သယံဇာတပစ္စည်းများအား ထုတ်လုပ်ရောင်းချခြင်းသည် ကန့်သတ်မှုများရှိသည့်အတွက် မိမိတို့အနေဖြင့် သမာအာဇီဝနည်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း စက်တင်ဘာလ (၇) ရက်က ကျင်းပသည့် အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂ဝ၂၁)တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတစ်နိုင်ငံ၏ မောင်းနှင်အားတွင် စီးပွားရေးမောင်းနှင်အားသည် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသည် လက်ရှိအခြေအနေတွင် စိုက်ပျိုးရးလုပ်ငန်းကိုအခြေခံသည့် စီးပွားရေးသည် အဓိကမောင်းနှင်အားတွင်ပါဝင်နေကြောင်း ၎င်းကပြောသည်။
“ကမ္ဘာပေါ်မှာ လူဦးရေ (၇) ဘီလျံလောက်ရှိတဲ့အတွက် နိုင်ငံတိုင်းမှာ စားသောက်ကုန်တွေအမြဲလိုအပ်ချက်ရှိပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်ကနေ ပြည်ပဝင်ငွေရရှိအောင်ဆောင်ရွက်ဖို့လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက (၁၅) သန်းခန့်၊ နွေစပါးစိုက်ပျိုးဧက (၂) သန်းခန့် စိုက်ပျိုးပြီး မိုးစပါးစိုက်ပျိုးဧ က (၁၅) သန်းတွင် တစ်ဧက တင်း (၁ဝဝ) နှုန်းထွက်ပါက လူဦးရေ သန်း (၁ဝဝ) အတွက် လုံလောက်မှုရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ (၅၅) သန်းခန့်ရှိသဖြင့် လူဦးရေ ၄၅ သန်းစာ ပိုလျှံမှုရှိလာမည်ဖြစ်သော်လည်း တစ်ဧက စပါးအထွက်နှုန်းတင်း (၁ဝဝ) မပြည့်သည့်အတွက် ပြည်ပနိုင်ငံများကို မျှော်မှန်းသကဲ့သို့ တင်ပို့နိုင်မှုမရှိသေးကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#NPNews