ရုရှားအရေးပေါ် ကယ်ဆယ်ရေးဝန်ကြီး လေ့ကျင့်ရေးမှာ အခြားလူအသက်ကို ကယ်ဆယ်ရင်း သေဆုံး

 1183

ရောင်နီ (NP News) - စက်တင်ဘာ ၈
ရုရှားအရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီး Yevgeny Zinichev ဟာ အာတိတ်ဒေသ Norilsk မှာ လေ့ကျင့်ရေးဆင်းနေစဉ် လူတစ်ဦးရဲ့အသက်ကို ကယ်တင်ရန် ကြိုးပမ်းနေရင်း သေဆုံးခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Zinichev ဟာ အာတိတ်ဒေသ Norilsk ရှိ မီးသတ်စခန်းအသစ် တည်ဆောက်မှုနဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့လေ့ကျင့်ရေးတွေကို ကြီးကြပ်ခဲ့ကြောင်း၊ အရေးပေါ်အခြေအနေများမှ ကာကွယ်နိုင်ရေး interdepartmental exercises လေ့ကျင့်ရေး စခန်းအတွင်း လူတစ်ဦးရဲ့အသက်ကိုကယ်တင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံပိုင် RT သတင်းရုပ်သံ အယ်ဒီတာချုပ် Margarita Simonyan ရဲ့ ပြောကြားချက်အရ Zinichev ဟာ ရေထဲချော်ကျခဲ့တဲ့ Cameraman ကို ကယ်ဆယ်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ မျက်မြင်သက်သေတွေ အများကြီးရှိတယ်၊ ဒါပေမယ့် Zinichev တစ်ယောက် ရေထဲခုန်ချပြီး ရေနစ်နေသူကို ကယ်တင်ခဲ့ပြီးနောက် သူ့ကိုပြန် ဆွဲတင်ဖို့ ဘယ်သူမှ အချိန်မရလိုက်ဘူး” လို့ Simonyan က ၎င်းရဲ့ တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

Zinichev ဟာ ၂၀၁၈ ခုနှစ်မှစတင်ပြီး အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနရဲ့ အကြီးအကဲဖြစ်လာပြီး သမ္မတပူတင်ရဲ့လုံခြုံရေးမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.