ချင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ မြန်မာ(၁၇၀၀)ထက်မနည်း အိန္ဒိယ မီဇိုရမ်ဘက် ထွက်ပြေး

 1259

မိုးတိမ် (NP News) - စက်တင်ဘာ ၁၆
ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မီဇိုရမ်ပြည်နယ်ထဲကို မြန်မာနိုင်ငံသား(၁၇၀၀)ကျော်က ထွက်ပြေးတိမ်ရှောင်လာခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေက ရေးသားဖော်ပြလိုက်ပါတယ်။

ချင်းပြည်နယ်ထဲက Lungler ကျေးရွာဘက်မှာ CDF နဲ့ မြန်မာတပ်မတော်တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေဟာ အသက်ဘေးလုံခြုံရေးအတွက် စိုးရိမ်စိတ်ဖြစ်ပေါ်လာပြီး အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာခြင်းမျိုးဖြစ်တယ်လို့ Times of India က စက်တင်ဘာ(၁၅)ရက်မှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ် ဟန့်သီရယ်ခရိုင်ထဲကို စက်တင်ဘာ(၁၂)ရက်လောက်ကတည်းက စတင်ခိုးဝင်လာနေကြတာဖြစ်ပြီး အဓိကအားဖြင့် စစ်ဘေးရှောင်တဲ့သဘောမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ တပ်မတော်နဲ့ ဆန့်ကျင်တော်လှန်သူတွေအကြား နေရာအနှံ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေပေမယ့် အိန္ဒိယနယ်စပ်ဘက်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမှာတော့ ဒေသခံတွေက ထွက်ပြေးစရာနယ်မြေအဖြစ် အိန္ဒိယမှတစ်ပါး ရွေးချယ်စရာမရှိတဲ့သဘောမျိုးလည်း ဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်ထဲက သင်းဂ်ဆိုင်ကျေးရွာရဲ့ကောင်စီအကြီးအကဲဖြစ်သူ ရမ့်ကွန်ဂါက အိန္ဒိယသတင်းဌာနကို ပြောကြားထားချက်မှာတော့ မြန်မာ(၇၂၃)ဦးဟာ မြန်မာပိုင်နက် လွန်ဂလာဘက်ကနေ အိန္ဒိယနိုင်ငံထဲကို စက်တင်ဘာ(၁၃) ရက် ညပိုင်းမှာ ဝင်လာခဲ့တဲ့အတွက် ကျေးရွာက ယာယီကူညီပေးထားရတယ်လို့ သိရပါတယ်။

“ ဝင်လာတဲ့သူတွေထဲမှာ ကလေးငယ်(၁၂၆)ဦးလည်း ပါလာခဲ့ပါတယ်။ သူတို့က နယ်စပ် တီးရူမြစ်ကိုဖြတ်သန်းပြီး ဝင်လာခဲ့ကြတာပါ ” လို့ ကျေးရွာအကြီးအကဲ ရမ့်ကွန်ဂါက ပြောပါတယ်။ မီဇိုရမ်တစ်ပြည်နယ်လုံးကိုတော့ ဝင်ရောက်ခဲ့သူပေါင်းဟာ(၁၇၀၀) အထက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယတာဝန်ရှိသူတွေဘက်က ခန့်မှန်းထားတာကတော့ တားမြစ်ထားတဲ့ကြားကနေ မြန်မာနိုင်ငံသားတွေ နောက်ထပ် ရာဂဏန်းထက်မနည်း ထပ်မံဝင်ရောက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မကြာခင်ရက်ပိုင်းအတွင်း ဆက်တိုက်ဝင်လာနိုင်တဲ့သဘောမျိုးဖြစ်တယ်လို့ တွက်ဆထားကြတာပါ။

Related news

© 2021. All rights reserved.