မန္တလေးတွင် လျှပ်စစ်ရုံးပေါက်ကွဲမှုကြောင့် မီတာလာဆောင်သူ အသက်(၇ဝ)အရွယ်အဘိုးတစ်ဦး ထိခိုက်ဒဏ်ရာရ

1392

NP News - စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် စက်တင်ဘာလ (၂၆)ရက်က လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှုကြောင့် မီတာလာဆောင်သူ အသက်(၇ဝ)အရွယ်အဘိုးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
ပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းတစ်ဦးနှင့်မီတာလာဆောင်သူတစ်ဦး စုစုပေါင်း (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် မီတာဆောင်သူတစ်ဦးသာ ထိခိုက်မိကြောင်း ဖော်ပြထားသည်။
ချမ်းမြသာစည်မြို့နယ်၊ ဃ-၂ ရပ်ကွက်၊ (၅၉) လမ်း၊ (၁၁၁) လမ်းနှင့် (၁၁၂) လမ်းကြားရှိ လျှပ်စစ်ရုံး ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနီးကို ဆိုင်ကယ်တစ်စီး နှင့် အမျိုး သားနှစ်ဦးရောက်လာပြီး ပလပ်စတစ်လက်ပစ်ဗုံးတစ်လုံး ပစ်ပေါက်ခဲ့သည့်အတွက် ရုံးခြံစည်းရိုး တံခါးအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဃ-၂ ရပ် ကွက်၊ ချမ်းမြသာစည်တွင် နေထိုင်သည့် မီတာလာဆောင်သူ ဦးအောင်ကြီးမြင့်၏ ယာခြေကျင်းဝတ်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ ဖြစ်စဉ်နေရာသို့ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ပလပ်စတစ်လက်ပစ်ဗုံး၏ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုပေးလျက်ရှိကြောင်းနှင့် တရားခံများအား ဖမ်းဆီးရမိရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#NPNews