နိုင်ငံတကာခေါင်းဆောင်တို့၏ သိုဝှက်ထားသော ချမ်းသာကြွယ်ဝမှုများကို ပန်ဒိုရာပေပါက ဖွင့်ချ

 1028

Htay Oung (NP News) - အောက်တိုဘာ ၄
အခွန်ကင်းလွတ်ရာနယ်မြေများ၌ ငွေပေးချေမှုအစီအစဉ်များတွင် ရုရှားသမ္မတဗလာဒီမာပူတင်၊ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ အခြားထိပ်တန်းပုဂ္ဂိုလ်များအပါအဝင် ကမ္ဘာ့ခေါင်းဆောင် အများအပြားတို့ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲထားသည့် စာတမ်းသစ် တစ်စောင်ကို စူးစမ်းဖော်ထုတ်သူ ဂျာနယ်လစ် ၆၀၀ ပါ အုပ်စုက ဖွင့်ချလိုက်သည်ဟု နိုင်ငံတကာ မီဒီယာများက ဖော်ပြကြသည်။

မကြုံစဖူး ထူးခြားလှသည့် ပေါက်ကြားမှုတွင် ကမ္ဘာတစ်လွှား နိုင်ငံနှင့်နယ်မြေပေါင်းပေါင်း ၉၁ ခုတို့၌ လက်ရှိနှင့် ယခင်ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး၊ နိုင်ငံရေးသမားနှင့် ပြည်သူ့ဝန်ထမ်း ၃၃၀ ကျော်တို့၏ ဘဏ္ဍာရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ဖော်ပြထားကြောင်း စမ်းဖော်ထုတ်သူ ဂျာနယ်လစ် ၆၀၀ ၏ နိုင်ငံတကာထောက်လှမ်းဖော်ထုတ်ရေးဂျာနယ်လစ်များပူးပေါင်းအဖွဲ့ ICIJ ၏ အဆိုအရသိရသည်။ အမေရိကန်အခြေစိုက် အကျိုးအမြတ်ဦးတည်ခြင်း မရှိသောအုပ်စုတစ်ခုဖြစ်သည့် ICIJ သည် သတင်းထောက်များနှင့် မီဒီယာအဖွဲ့အစည်းတို့ ပါဝင်သည့် နိုင်ငံတကာကွန်ယက်တစ်ခုဖြစ်ပြီး နိုင်ငံနှင့်နယ်မြေပေါင်း ၁၀၀ ကျော်တို့၌ စူးစမ်းဖော်ထုတ်မှှုများ ပါဝင်သည်။ အကြီးမားဆုံးသော ပုဂ္ဂလိကဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှု မှတ်တမ်းများကို Pandora Papers (ပန်ဒိုရာပေပါ)အဖြစ် စုဝေးဖော်ပြထားသည်။ ၎င်းတို့မှာ ကမ္ဘာ့နေရာအသီးသီးတွင် ပေါက်ကြားချက်ပေါင်း ၁၁ ဒသမ ၉ သန်းကို နိုင်ငံပေါင်း ၁၁၇ နိုင်ငံရှိ ဂျာနယ်လစ်ပေါင်း ၆၀၀ ကျော်က စူးစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ယခု ပန်ဒိုရာပေပါ စာတမ်းသစ်များသည် လွန်ခဲ့သည့် ၅ နှစ်တွင် ပေါ်ထွန်းခဲ့ဖူးသည့် Panama Papers (ပနားမားပေပါ)တွင် စူးစမ်းဖော်ပြခဲ့သည့် ပေါက်ကြားမှုအတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်ကြောင်း The Washington Post ကဖော်ပြသည်။

ကမ္ဘာတဝန်းရှိ အခွန်အာဏာပိုင်များ၊ မြီရှင်များ၊ ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူများနှင့် နိုင်ငံသားတို့၏ ပင်လယ်ရပ်ခြား၌ လျှို့ဝှက်မှတ်ပုံတင်စံနစ်ကို အသုံးပြုလျှက် အမေရိကန်ဒေါ်လာဘီလျံနှင့်ချီကာ ဖုံးကွယ်ထားသည့် ဘဏ္ဍာရေးမှတ်တမ်းများကို ကျယ်ပြန့်စွာ ထိုးဖောက်မွှေနှောက်ထားသည်။ ဖွင့်ချထားသော အချက်အလက်များတွင် ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာ၏ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးနှင့် အခြားနယ်မြေများတွင် ဇိမ်ခံအိမ်များအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် အသုံးပြုခြင်းများ ပါဝင်သည်။ ချက်သမ္မတနိုင်ငံ၊ ကင်ညာ၊ အီကွေဒေါနှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်ကြီးတို့ ပိုင်ဆိုင်သော လျို့ဝှက်ငွေကြေးများကို ဖော်ပြထားရာ မိုနာကိုကမ်းခြေရှိ နေအိမ်တစ်လုံးကို ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ကလေးတစ်ယောက် ရရှိခဲ့ပြီးသည့်နောက် မယုံကြည်နိုင်ဖွယ် ကျိကျိတက်ချမ်းသာသွားခဲ့သည့် ရုရှားအမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သွားခဲ့ပုံကိုလည်း ပါဝင်သည်။ ရုရှားသမ္မတပူတင်၏“ တရားမဝင်ဝါဒဖြန့်ချိရေးဝန်ကြီး”နှင့် အိန္ဒိယ၊ ရုရှား၊ အမေရိကန်၊ မက္ကဆီကိုအပြင် အခြားနိုင်ငံများမှ ဘီလျံနာသူဋ္ဌေး ၁၃၀ ကျော်တို့၏ ဘဏ္ဍာရေးလုပ်ဆောင်ချက်များကို အသေးစိတ်ဖော်ပြထားသည်။

ပန်ဒိုရာပေပါက ဖွင့်ချရာတွင် ယူကရိန်း၊ ကင်ညာနှင့် အီကွေဒေါနိုင်ငံတို့၏ သမ္မတများ၊ ချက်သမ္မတနိုင်ငံနှင့် ယခင်ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲတို့၏ ငွေပေးချေမှုများကို ရေးသားထားသည်။ ကိုယ်ပိုင်အီးမေးလ်များ၊ လျှို့ဝှက်စာရင်းဇယားများ၊ လူသိမခံသောစာချုပ်များ၊ ခြေပုန်းခုတ်ကန်ထရိုက်စာချုပ်များနှင့် အခြားမှတ်တမ်းများပါဝင်သော ငွေကြေးအစီအစဉ်များကို ဖော်ထုတ်ပြီး ၎င်းတို့နောက်ကွယ်မှ ပုဂ္ဂိုလ်များကို ခွဲခြားရွေးထုတ်ခဲ့သည်။ ကမ္ဘာတစ်ဝန်း ပင်လယ်ကမ်းလွန်ဟန်ပြ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ၁၄ ခုမှ ပေါက်ကြားစာရွက်စာတမ်းကို ခြေရာခံ စူးစမ်းထားရာ လက်ရှိနှင့် ယခင်နိုင်ငံခေါင်းဆောင်ကြီးများ၏ ငွေကြေးလွှဲပြောင်းမှုများကို ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ်တွင် ICIဲJ က ဖွင့်ချခဲ့သည့် ပနားမားပေပါ ပေါက်ကြားမှုထက် ၃ ဆနီးပါးမျှ အချက်အလက်များ ပါဝင်သည်။ အာဏာရှင်စနစ်နှင့် မညီမျှမှုကျယ်ပြန့်လာသော ၂၁ ရာစုခေတ်တွင် ငွေနှင့် အာဏာတို့ မည်သို့လည်ပတ်လျှက်ရှိပုံကို ပန်ဒိုရာပေပါက မတူညီသော ရှုထောင့်မှ သုံးသပ်ခြင်းဖြစ်သည်။ အမေရိကန်နှင့် အခြားချမ်းသာသော နိုင်ငံများက ဖွင့်လှစ်ထားသည့် ငွေကြေးလျို့ဝှက်ချက်စနစ်၌ ကမ္ဘာတစ်ဝန်းလုံးတွင် တရားဥပဒေစိုးမိုးရေးက ကွေးညွှတ်ကျိုးပေါက်သွားရပုံတို့ကို ဖော်ပြနေသည်။

လျှို့ဝှက်ဘဏ္ဍာငွေကြေးပေးချေမှုများမှာ ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး၌ မည်မျှအထိ နက်ရှိုင်းစွာ စိမ့်ဝင်နေသည်ကို ယခုတွေ့ရှိချက်အသစ်များက မီးမောင်းထိုးပြထားပြီး ကမ်းလွန်ဟန်ပြကုမ္ပဏီများ၏ ငွေကြေးအလွဲသုံးစားမှုများကို အဆုံးသတ်ရေး၌ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရတို့က မည်သည့်အတွက် အားနည်းချက်ရှိနေသည်ကို ထောက်ပြပြီး အဖြေရှာလိုရင်းဖြစ်ကြောင်း ICIJ က တင်ပြထားသည်။

Related news

© 2021. All rights reserved.