“တိုင်းပြည်တည်ငြိမ်မှုလေးရသွားလို့ရှိရင် ကာလတိုအတွင်းမှာ မူလအခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်” (အင်တာဗျူး)

 2762

ဖူးပြည့် (NP News) - အောက်တိုဘာ ၁၄
ကိုဗစ်ကပ်ရောဂါကြီး၏ ထိုးနှက်ချက်အပြင် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းများကျဆင်းလာခဲ့ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကလည်း ကျဆင်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံ့စီးပွားရေးရဲ့ Front Line မှာနေရတဲ့ ဝန်ကြီးဌာနတစ်ခုအနေနဲ့ စီးပွားရေးကောင်းဖို့အတွက် ဘာတွေကြိုးစားဆောင်ရွက်ပေးနေလည်းဆိုတာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးသက်ရောက်မှုအပေါ်ကုစားရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်နိုင်ဦးကို NP News သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ကုန်သွယ်မှုအပိုင်းမှာ ဘယ်လိုအခြေအနေရှိနေလည်း သိချင်ပါတယ်။
ဖြေ ။ ။ ကိုဗစ်စဖြစ်တော့ မြန်မာနိုင်ငံမှာ ၂ဝ၂ဝ မှာစပြီးတော့ဖြစ်ခဲ့တာပေါ့။ စဖြစ်ကတည်းက ကျွန်တော်တို့တိုင်းပြည်တင်မကဘူး တစ်ကမ္ဘာလုံးမှာဖြစ်နေတာပေါ့။ စီးပွားရေးရှုထောင့်ကပြန်ပြောမယ်ဆိုရင် ကမ္ဘာကြီးကဘာဖြစ်လည်းဆိုတော့ အမေရိကန်နဲ့တရုတ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကလည်း ပြင်းပြင်းထန်ထန်ဖြစ်တယ်။ အဲ့ဒီတော့ တစ်ကမ္ဘာလုံးရဲ့ အနေအထားက ကျန်းမာရေးကြောင့်ဖြစ်တဲ့ စီးပွားရေးထိ ခိုက်သွားတဲ့အနေအထားရယ်။ ကုန်သွယ်ရေးစစ်ပွဲတွေကြောင့်ဖြစ်သွားတဲ့ စီးပွားရေးထိခိုက်မှုအနေအထားဆိုတော့ တစ်ကမ္ဘာလုံးစီးပွားရေးထိခိုက်တာပေါ့။ တစ်ကမ္ဘာလုံးပြန်ကြည့်လို့ရှိရင် ၂ဝ၂ဝ ပြည့်နှစ်မှာ တစ်ကမ္ဘာလုံးရဲ့ FDI က (၃၂) ရာခိုင်နှုန်းလောက်ကျတယ်။ တစ်ကမ္ဘာလုံးရဲ့ ကုန်သွယ်မှုကလည်း (၁ဝ) ရာခိုင်နှုန်းနီးနီးလောက်ကျတယ်။
အာဆီယံရဲ့ဂျီဒီပီက (-)ပြတယ်။ ၂ဝ၂ဝမှာ (-၃.၃) လောက်ပြသွားတယ်။ အာဆီယံရဲ့ကုန်သွယ်မှု ကလည်း (၅.၅)ရာခိုင်နှုန်းလောက်ကျဆင်းခဲ့တယ်။ အာဆီယံမှာဝင်လာတဲ့ FDI သည် (၂၄) ရာခိုင် နှုန်းလောက်ကျသွားခဲ့တယ်။ မြန်မာနိုင်ငံရဲ့ FDI ကလည်း (၃၃) ရာခိုင်နှုန်းလောက်ကျသွားခဲ့တယ်။ လုပ်ငန်းတွေရပ်ရတယ်။ ခြုံပြောရရင်တော့ တစ်ကမ္ဘာလုံးထိသလို မြန်မာနိုင်ငံလည်းထိတယ်။ တကယ်တော့ ၂ဝ၂ဝ ကတည်းက တိုင်းပြည်စီးပွားရေးက စပြီးထိနေပြီး ပထမ လှိုင်းမှာ သိပ်မသိသာပေမယ့် ဒုတိယလှိုင်း နဲ့ တတိယလှိုင်းထပ်ဖြစ်တာဆိုတော့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုလည်းထိတယ်။

မေး ။ ။ လက်ရှိကာလမှာ ကိုဗစ်ချေးငွေကို ဘယ်လိုပုံစံမျိုးနဲ့ထုတ်ပေးနေလဲသိချင်ပါတယ်။
ဖြေ ။ ။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်တဲ့စီးပွားရေးလုပ်ငန်းကို ပြန်လည်ကုစားမယ်ဆိုတာကို ရှေ့လုပ်ငန်းစဉ်မှာ ထည့်ထားသလို စီးပွားရေးဦးတည်ချက်ထဲမှာလည်း ဒါကို ကုစားဖို့အတွက် ဘယ်လိုသွားမယ်ဆိုတဲ့ စီးပွားရေးဦးတည်ချက်တွေထားခဲ့တယ်။ စိုက်ပျိုးမွေးမြူရေးကို ပြန်လည်မြှင့်တင်လုပ်မယ်။ ကုန်ထုတ်လုပ်မှုတွေမြှင့်တင်မယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေဖော်ဆောင်မယ်လို့ ကုစားဖို့ပြန်ပြင်တယ်။ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်နေသည့် စီးပွားရေးလုပ်ငန်းများအပေါ် ကုစားရေးကော်မတီကို ထပ်ဖွဲ့တယ်။ ဝန်ကြီးဌာနအသီးသီးကအဖွဲ့ဝင် (၉)ယောက်ပါတယ်။ တစ်လကို အနည်းဆုံးတစ်ခါလောက်၊ အဆင် ပြေရင်နှစ်ခါထိုင်တယ်။ ပြီးရင်ဖြစ်နေတဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့အနေအထားမှာ ကျွန်တော်တို့ ကော် မတီအနေနဲ့ဘာတွေလုပ်သင့်သလဲဆိုတာကို လုပ်ကြတယ်။ နိုင်ငံတော်အစိုးရဘက်ကလည်း ကိုဗစ် ကုစားခွင့်နဲ့ပတ်သက်ပြီးတော့ မျိုးစုံလုပ်ပေးပါတယ်။ ဥပမာအားဖြင့် လုပ်ထုံးလုပ် နည်းတွေ ဖြေလျော့ ပေးတယ်။ လိုအပ်တဲ့ချေးငွေတွေထုတ်ပေးတဲ့ကိစ္စမျိုးလုပ်ပေးသလို၊ တစ်ဖက်ကလည်း ဥပမာအားဖြင့် နိုင်ငံတော်က မြေတွေငှားပြီးလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေရှိတယ်။ နိုင်ငံတော်က ဟိုတယ်တွေ ငှားပြီးတော့လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေရှိတယ်။ ဒီလိုလုပ်ငန်းတွေမှာဆိုရင် ငှားရမ်းခတွေချပေး လိုက်တယ်။ တစ်ချို့ဆိုကင်းလွတ်ခွင့်ပေးလိုက်တယ်။ တစ်ချို့ဆိုလည်း တစ်ဝက်လောက်ချပေးလိုက် တယ်။ ဖြစ်နေတဲ့ဝန်ထုပ်ဝန်ပိုးတွေတတ်နိုင်သမျှလျော့သွားအောင် ဒီနိုင်ငံတော်ဘက်က စဉ်းစားပြီး တော့မှ ဖြေလျော့မှုတွေလုပ်ပေးတယ်။
စီးပွားရေးလုပ်ငန်းတွေကို ချေးငွေတွေထုတ်ပေးတယ်။ ယခင်အစိုးရကာလထုတ်ပေးတာနဲ့ယခုအစိုးရ ကာလထုတ်ပေးတာ နည်းနည်းလေးတော့ ကွဲပြားမှုရှိတယ်။ ယခင်အစိုးရကာလမှာတော့ ပထမလှိုင်း စဖြစ်တဲ့အချိန်ကစပြီး ထုတ်ပေးတဲ့အခါမှာ ကဏ္ဍသတ်မှတ်လိုက်တယ်။ ဟိုတယ်ခရီးကဏ္ဍ၊ CMP တွေ ပေးမယ်။ SME တွေပေးမယ် စသဖြင့်ပေါ့။ ဒီနယ်ပယ်မှာရှိတဲ့လူတွေအားလုံးကို ထုတ်ပေးတယ်။ ရည် ရွယ်ချက်ကဘာလည်းဆိုတော့ ကဏ္ဍအသီးသီးမှာရှိတဲ့ လုပ်သားတွေလစာပေးနိုင်ဖို့။ အနည်းဆုံး (၆)လစာလောက်ပေးနိုင်အောင် ဘယ်လောက်လိုမလဲ။ နောက်သူတို့ရဲ့စီးပွားရေးလုပ်ငန်းလည်ပတ်တဲ့ အခါမှာ ကုန်ကျစရိတ်တွေကို ဘယ်လောက်ပံ့ပိုးနိုင်မလဲဆိုပြီးတော့ (၆)လစာလောက်တွက်ချက်ပြီး တော့အကုန်လုံးကိုငွေထုတ်ပေးလိုက်တယ်။ အဓိကတော့ လုပ်ငန်းတွေပြန်လည်ရပ်တည်နိုင်ဖို့အတွက် ကို ၊ ရှင်သန်ဖို့အတွက်ကို ဝင်ကူပေးတဲ့သဘောပေါ့။ ဒီဘက်ကျတော့ ထုတ်ပေးတာက အဲ့ဒီလိုသိပ်ဦး မတည်တော့ဘူး ပေးလိုက်တဲ့ချေးငွေက ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးမှာ ဘယ်လောက်သက် ရောက်မှုကောင်းမလဲပေါ့။ ဒါကိုစဉ်းစားတယ်။ ကျွန်တော်တို့အခုသွားတဲ့နည်းက ထုတ်လုပ်မှုကွင်းဆက်(supply chain) တစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိဖို့နဲ့ ကုန်ထုတ်လုပ်မှုမြှင့် တင်နိုင်ဖို့ ဒါမျိုးကိုဦးစားပေးပြီးတော့ အဲ့ဒီအမြင်နဲ့ချေးပေးတယ်။
အရင်အစိုးရလက်ထက်တုန်းကတော့ လုပ်ငန်းတွေရှင်သန်ဖို့အတွက်ကို လုပ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ လုပ်ငန်းတွေပြန်လည်လည်ပတ်ပြီးတော့မှ supply chain တစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိအောင် ဒီလိုစဉ်းစားပြီးတော့ လုပ်ပေးနေတာရှိတယ်။ အခုဆိုရင်လည်းချေးငွေ တွေပေးနေတယ်။ supply chain တစ်ခုလုံးသက်ရောက်အောင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍကငွေ ကြေးလိုအပ်နေတယ်။ သူတို့ပုံမှန်လေးပြန်ဖြစ်လာဖို့အတွက် ကျွန်တော်တို့အစိုးရဝင်ကူဖို့လိုနေတယ် ဆိုပြီးမှ တွက်ဆပြီးတော့ ဒီလိုလေးတွေလုပ်တာဆိုတော့ လုပ်နည်းလုပ်ဟန်ပြောင်းပါတယ်။ သို့သော် စိန်ခေါ်မှုကတော်တော်ကြီးပါတယ်။ တတိယလှိုင်းဖြစ်တော့ ကန့်သတ်မှုတွေလုပ်တဲ့အခါမှာ လုပ်ငန်း တွေပိတ်ရ၊ ပြုရဖြစ်တယ်။ ခရီးသွားလုပ်ငန်းဆိုရင် အခုထိကို နလံမထူသေးဘူး။ နိုင်ငံတကာ ပညာရှင်တွေ ခန့်မှန်းတွက်ဆမှုတွေအရ နောက်နှစ်နှစ်လောက်ကို နလန်ထူဖို့ နေရအုံးမယ်ဆိုတော့ ဒါမျိုးတွေ ဖြစ်တော့ ကြားထဲမှာကျွန်တော်တို့ ပြန်ရုန်းထနိုင်အောင်လုပ်တယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့စီးပွားရေးပြန်လည်ဦးမော့ရေးအတွက်ရော ဘယ်လိုတွေလုပ်ဆောင်နေ တာရှိလဲသိချင်ပါတယ်။
ဖြေ ။ ။ တစ်ဖက်ကလည်း ဒီလိုသွားတဲ့အပိုင်းမှာ ပိုပြီးတော့ထိထိရောက်ရောက်ဖြစ်အောင် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့ရေးစီမံချက်ဆိုတာလေး ဆိုတာဆွဲနေတယ်။ ကျွန်တော်တို့လုပ်ငန်းကော်မတီကပေါ့။ စီမံချက်ကတော့ နစက တာဝန်ယူထားတဲ့ ကာလလတ်အတွင်းမှာ အကောင်အထည်ဖော်နိုင်မယ့်လုပ်ငန်းတွေကို ဘာတွေလုပ်သင့်တယ် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ဝိုင်းဝန်းဆွေးနွေးပြီးတော့ ရေးဆွဲနေတာရှိတယ်။ ဒီစီမံချက်ကိုအတည်ပြုပြီးလို့ရှိရင် ဝန်ကြီးဌာနအားလုံးက ဒီစီမံချက်အပေါ်အခြေခံပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးပြန်ဦးမော့လာအောင် ဆက်လုပ်ကြမယ်။ စီမံချက်ကလည်း မူကြမ်းပြုစုတာ မူကြမ်းကလည်း ဘာကိုအခြေခံလည်းဆိုတော့ ယခင်အစိုးရလက်ထက်မှာဆွဲသွားခဲ့တဲ့ MSDP (Myanmar Sustainable Development Plan) ကို အခြေခံရေးဆွဲထားတယ်။ MSDP ရဲ့အခြေခံကဘာလည်းဆိုတော့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက်တွေကို အခြေခံပြီးတော့ အရင်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တယ်။ MSDP ကတော့ Logn Term ပေါ့။ သူက (၂ဝ၃ဝ) နှစ်ကုန်အထိဆွဲထားတယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီလောက်ရေ ရှည်ကြီးဆွဲထားတာမဟုတ်ဘူး။ နစကတာဝန်ယူတဲ့ကာလလေးမှာပဲ အကောင် အထည်ဖော်နိုင်မယ့်လုပ်ငန်းစဉ်ကို ရေးဆွဲနေတယ်။ မကြာမီ အတည်ပြုပြီးရင် ဆက်ပြီးအကောင်အထည်ဖော်မယ်။ ဆွဲတဲ့စီမံချက်ထဲမှာ အာဆီယံတစ်ခုလုံး ကြီးရဲ့ စီးပွားရေးပြန်ဦးမော့လာရေးအတွက်ကို အာဆီယံကဆွဲထားတဲ့ ACRF (ASEAN Comprehensive Recovery Framework) နဲ့လည်း ကိုက်အောင်ဆွဲထားတယ်။ မဟာမဲခေါင်ဒေသ (GMS) ရဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ respond & revovery plan အဲ့ဒါနဲ့လည်း ခြုံငုံမိအောင်ဆွဲထားတယ်။ ကျွန်တော်တို့က private sector နဲ့လည်း ဆွေးနွေးနေတယ်။ သူတို့ပေးတဲ့အကြံပြုချက်ကိုလည်း လက်ခံတယ်။ ဆွဲနေတာပြီးသလောက်ရှိနေပြီ။ ဒါလည်းဆက်ပြီးတော့ တိုင်းပြည်ရဲ့စီးပွားရေးပြန်လည်ဦးမော့လာဖို့ အားလုံးဝိုင်းပြီးစုပေါင်းပြီးအကောင်အထည် ဖော်ကြမယ်။

မေး ။ ။ ချေးငွေထုတ်ပေးခဲ့မှုနဲ့ပတ်သက်ပြီး ထိရောက်မှုအပိုင်းကဘယ်လိုရှိလဲ။ ဘာတွေပြန်ပြီးတော့ ရလဲသိချင်ပါတယ်။
ဖြေ ။ ။ ယခင်အစိုးရကာလမှာ ချေးထားတဲ့ချေးငွေက လုပ်ငန်းတွေကို အသက် ဆက်ရှူနိုင်အောင်ပေးခဲ့တာမဟုတ်လို့ အခုထိချေးငွေတွေပြန်ဆပ်ဖို့လုပ်ငန်းတွေ အခက်အခဲပေါ်ကြတယ်။ ၂ဝ၂ဝ ဧပြီလမှာစချေးတာကို တကယ်တော့ တစ်နှစ်ကို အတိုးနှုန်း (၁)ရာခိုင်နှုန်းနဲ့ချေးတာ။ ၂ဝ၂၁ ခုနှစ် ဧပြီလဆိုရင် ချေးငွေတွေက သက်တမ်းပြည့်ပြီ။ ဒါပေမယ့် ဘယ်သူ့မှဆပ်နိုင်မယ့်အနေအထားမရှိ ဘူး။ မရှိတဲ့အတွက် နစက ဥက္ကဋ္ဌကို တင်ပြပြီးတော့ ဒါလေးကတော့ လုပ်ငန်းတွေနည်းနည်းအခက်အခဲ ပေါ်နေတယ်။ ဒါလေးကို သက်တမ်းတိုးမြှင့်ပေးပါပြောတော့ တိုးပါလို့ပြောတယ်။ ကျွန်တော်ကော်မတီ မှာ စဉ်းစားပြီးတော့ နောက် (၆)လတိုးပေးခဲ့တယ်။ အောက်တိုဘာလဆိုရင် တစ်ချို့က သက်တမ်းတိုး (၆) လလည်းပြည့်ကြပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ လလယ်လောက်အထိပြန်သုံးသပ်တဲ့အခါကျတော့ တတိယလှိုင်းကလည်းဖြစ်ထားတာဆိုတော့ ဘယ်သူမှဆပ်နိုင်မယ့်အနေအထားမှာမရှိဘူး။ မရှိတော့ ဒုတိယအကြိမ် နစက ဥက္ကဋ္ဌကို သွားတွေ့ပြီးတော့ ထပ်ပြီး (၆)လလောက်သက်တမ်းတိုးပေးဖို့ပြော တော့ သူကလည်း သဘောတူတဲ့အတွက် ထပ်ပြီးတော့ နောက်ထပ် (၆)လတိုးပေးထားတယ်။ ဆိုလို တာကတော့ ယခင်ကာလမှာထုတ်ပေးထားတဲ့ ငွေတွေကအခုထိပြန်ဆပ်နိုင်ဖို့ရုန်းကန်နေရဆဲ ဒီလို လေးသွားပြီးတော့ တွေ့ရတယ်။
ဥပမာ- နွေစပါးပေါ်တဲ့အချိန်မှာ စပါးဈေးကျမလိုဖြစ်တဲ့အနေအထားဖြစ်တယ်။ အဲ့ဒီအချိန်မှာမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဘင်္ဂးလားဒေ့ရှ်နိုင်ငံကို့ ဆန်တန်ချိန်တစ်သိန်းလောက် G to G ကျွန်တော်တို့ကပို့ချင်တယ်လို့ပြောတယ်။ ဆန်စပါးအသင်းချုပ်မှာလည်း ပို့မယ့်အပိုင်းမှာ ငွေရေးကြေးရေးဆိုင်ရာလိုအပ် ချက်တွေရှိလာတယ်။ တစ်ဖက်မှာလည်း စပါးဈေးက ကျရိပ်ကလေးတွေရှိလာတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ကို ဘီလျံ (၃ဝ) လောက်ချေးငွေထုတ်ပေးလိုက်တယ်။ အတိုးနှုန်း (၁) ရာခိုင်နှုန်းပဲယူတယ်။ အသင်းချုပ်အနေနဲ့ ဆန်ပို့တဲ့နေရာမှာ ဒီငွေကိုသုံးပြီးတော့ အောင်မြင်အောင်ဆက်လုပ်ပါဆိုပြီးတော့ ဘီလျံ (၃ဝ) ထုတ်ချေးလိုက်တဲ့အတွက်ကြောင့်မို့ ဆန်စက်တွေပြန်လည်ပတ်သွားတယ်။ တောင်သူတွေလည်း စပါးဈေး ကျရိပ်ပြရာကနေ ပြန်ပြီးတက်လာတယ်။ အဲ့ဒီငွေက ရက်ပေါင်း (၉ဝ)အတွင်း မှာအကုန်ပြန်ဆပ်သွားပြီ။ နောက်ထပ်နိုင်ငံတစ်ခုကို ထပ်ပြီးတော့ ဆန်ထပ်ပို့ဖို့ဖြစ်လာတော့ ထပ်ပြီးမေတ္တာရပ်ခံလာတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နောက်ထပ် (၁၅) ဘီလျံလောက်ထပ်ချေးပါအုံး။ ရက်ပေါင်း (၆ဝ) ချေးပါဆိုလို့ ထုတ်ချေးထားတယ်။ ဒီဘက်ကာလမှာ ချေးလိုက်တဲ့ ဘီလျံ (၃ဝ)သည် ရက်ပေါင်း ၉ဝ အတွင်းမှာအကုန်ပြန်ဝင်လာတယ်။ ဒုတိယအသုတ်က ရက်ပေါင်း (၆ဝ) မှာအကုန်ပြန်ဝင်လာတယ်။ ဆန်စပါးကဏ္ဍမှာလည်း အတော်လေးအသက်ရှုချောင်သွားတယ်။ လယ်သမားလည်း စပါးဈေးမကျဘဲနဲ့ ရသင့်ရထိုက်တဲ့စပါးဈေးလေးရသွားတယ်။ အဲ့ဒီလိုလေးကွဲပြားမှုတော့ရှိတယ်။

မေး ။ ။ ထုတ်ပေးထားတဲ့ချေးတွေနဲ့ပတ်သက်ပြီး ဘယ်လိုခွဲခြမ်းစိတ်ဖြာသုံးသပ် ထားတာရှိ လဲ သိလိုပါတယ်။
ဖြေ ။ ။ ချေးငွေစချေးကတည်းက စိစစ်မှုအဆင့်သုံးဆင့်ဖြင့်လုပ်တယ်။ လျှောက်လွှာစတင်တဲ့ အခါ သတ်မှတ်တဲ့အထောက်အထား ပြည့်စုံလားစစ်တယ်။ ဒုတိယအဆင့်မှာ UMFCCI က ဒုတိယဥက္ကဋ္ဌတစ်ဦး ဦးဆောင်ပြီးတော့မှ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိက ကဏ္ဍကပါတ့အဖွဲ့နဲ့စစ်တယ်။ တတိယအဆင့်ကျတော့ စစ်ပြီးသားကို လက်မှတ်ရစာရင်းကိုင်များ အသင်းက စာရင်းစစ်ရှုထောင့်ကနေထပ်ကြည့်ပြီးတော့မှ ချေးပေးတာပေါ့။ ချေးပြီးတဲ့နောက်ပိုင်း ဒီဘက်ကာလမှာ ကျတော့ ချေးငွေကို သူတို့ဘယ်လိုတွေသုံးနေကြလဲ။ ဘယ်လိုအနေအထားရှိလဲ။ ထိရောက်မှုရော ရှိလားပြန်ပြီး review လုပ်ဖို့လိုလာတယ်။ အဲ့ဒီ တော့ဒီဘက်ကာလမှာ ဘာလုပ်လိုက်လဲဆိုတော့ တိုင်းဒေသကြီးအားလုံးမှာ ယခင်ချေးထားတဲ့ချေးငွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုသုံးစွဲနေတယ်ဆို တာကို စိစစ်တဲ့အဖွဲ့တွေ ဖွဲ့လိုက်တယ်။ တိုင်းအလိုက် ပြည်နယ်အလိုက်ရှိတယ်။ အဲ့ဒီအဖွဲ့တွေမှာ ဌာနပေါင်းစုံပါတယ်။ အဲ့ဒီအဖွဲ့တွေက ချေးထားတဲ့လူ တွေကို ခေါ်တွေ့တယ်။ တစ်ခါတလေသူတို့ဆီကိုသွားတွေ့တယ်။ လုပ်ငန်းတွေတကယ်လည်ပတ်ရဲ့လား လိုအပ်ရင် ကွင်းဆင်းကြည့်တယ်။ ပုံမှန်အားဖြင့်တော့ ခေါ်တွေ့ ပြီးတော့ သူတို့အနေအထားလေးကိုမေးတယ်။
ဘာကြောင့် (၆)သက်တမ်းတိုးဖို့ဖြစ်လာလည်းဆိုတော့ သူတို့ကိုကွင်းဆင်းကြည့်လိုက်တဲ့အခါမှာ အများစုက အခြေအနေမကောင်းကြသေးဘူး။ သတင်းပို့ချက်တွေကို တိုင်းဒေသကြီးပြည်နယ်အလိုက်ချကြည့်တဲ့အခါမှာ ရာခိုင်နှုန်း (၈ဝ)လောက်က ပြန်ဆပ်နိုင်မယ့်အနေ အထားကို မရှိကြသေးဘူး။ (၂ဝ) ရာခိုင်နှုန်းလောက်ကတော့ မဆိုးဘူးပေါ့။ လုပ်ငန်းလေးတွေဝင်ငွေပြန်ရနေပြီ။ လုပ်ငန်းလေးတွေက ပုံမှန်မဟုတ်သေးသော်လည်းပဲ ယခင်လောက်နီးနီးပြန်လည်လည်ပတ်နေပြီ။ ရာခိုင်နှုန်း (၈ဝ) လောက်ကဘာဖြစ်လည်းဆိုတော့ လုပ်ငန်းတွေလည်ပတ်ဖို့ကို ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့အနေအထားမျိုးတွေသွားတွေ့ရတယ်။ ဒါ ကြောင့်မို့လည်း သက်တမ်းတိုးရတဲ့အနေအထားဖြစ်လာရတယ်။ ပြီးခဲ့တဲ့လ(စက်တင်ဘာလ) လာက်အထိဆန်းစစ်ကြည့်လိုက်တော့ ဇွန်လလောက်အထိက မဆိုးဘူး။ (၂ဝ)ရာခိုင်နှုန်းကနေ နည်း နည်းတိုးလာတဲ့အခြေအနေမှာ တတိယလှိုင်းထပ်ဖြစ်လိုက်တဲ့အခါကျတော့ ပြီးခဲ့တဲ့လ (စက်တင်ဘာလ) report တွေပြန်ကြည့်တဲ့အခါကျတော့ အားလုံးနီးနီးကပြန်ပြီးတော့ အခက်အခဲတွေဖြစ်လာတယ်။ သေးတာနဲ့ကြီးတာပဲကွာတယ်။ ဒါကြောင့်မို့ကျွန်တော်တို့က ထပ်ပြီးတော့ သက်တမ်းတိုးဖို့ဆောင်ရွက်ပေးလိုက်တာဖြစ်တယ်။
(၈ဝ) ရာခိုင်နှုန်းကလုပ်ငန်းတွေမလည်ပတ်သေးတာပေါ့။ ပြန်ဆပ်နိုင်မယ့်အနေအထားမရှိ သေးတာပေါ့။ စောင့်ကြည့်ရမှာပေါ့။ အခုကိုဗစ်လှိုင်းလည်းငြိမ်သွားပြီဆိုတော့ လုပ်ငန်းတွေလည်း ပြန် လည်ပတ်ပြီဆိုတော့ သူတို့(၆)လကောင်းကောင်းအလုပ်လုပ်ဖို့ အချိန်ရပြီပေါ့။ ဒီကာလလေးစောင့် ကြည့်ပြီးမှ အဖြေထုတ်လို့ရမှာပေါ့။ လုပ်ငန်းတွေလည်း ဖြေလျော့ပေးထားတာမို့လို့ အောက်တိုဘာလ ကုန်ရင် စပါးလည်းစပေါ်ပြီမို့လို့ မြန်မာပြည်ရဲ့စီးပွားရေးက ဆန်စပါးနဲ့လည်း ဆက်စပ်မှုကအတိုင်းအ တာတစ်ခုရှိတာကို သီးနှံပေါ်တဲ့အချိန်မှာ တိုင်းပြည်စီးပွားရေးပြန်ပြီးတော့ လည်မယ့်အနေအထားပေါ့။ လာမယ့် အောက်တိုဘာကနေစပြီးတော့ လာမယ့် (၆)လကတော့ ရာနှုန်းပြည့်ပုံမှန်မဟုတ်တောင်မှ အ တိုင်းအတာတစ်ခုအထိကောင်းလာမယ်လို့ ခန့်မှန်းကြည့်တာပေါ့။ (၈ဝ) ရာခိုင်နှုန်းကတော့ ၂ဝ၂၁ ခုနှစ် ဧပြီလလောက်မှာဖြစ်နေခဲ့တဲ့အနေအထားပေါ့။ ကိုဗစ်တတိယလှိုင်းထပ်ဖြစ်တယ်။ တတိယလှိုင်း ငြိမ်သွားပြီတော့ လာမယ့် (၆)လကိုပြန်စောင့်ကြည့်ရ မှာပေါ့။

မေး ။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲထွက်သွားတာလား။ ထပ်ဝင်လာတဲ့ရင်းနှီးမြှုပ် နှံမှုတွေရောရှိလား သိလိုပါတယ်။
ဖြေ ။ ။ တကယ်တော့ ထွက်တယ်ဆိုတာက ဒီလောက်မဟုတ်ဘူး။ ခဏရပ်သွားတာရှိတယ်။ လုပ်လက်စအလုပ်တွေကို ဆက်လုပ်လို့မရလို့ ခဏရပ်တာ။ အများစုက နိုင်ငံရေးကြောင့်မို့ထင်ကြ တယ်။ အများစုရပ်သွားတာက ကိုဗစ်-၁၉ ကြောင့်မို့ရပ်သွားတာ။ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေဖြစ်လာတော့ လုပ်ငန်းလည် ပတ်လို့မရတာရယ်။ ခရီးသွားလုပ်ငန်းဆိုရင် ကိုဗစ်ကြောင့်လုပ်လို့မရတော့ဘူး။ ရန်ကုန်မှာဆိုရင် Trader ဟိုတယ် ပိတ်သွားရတယ်။ နိုင်ငံရေးကြောင့် ရပ်သွားတဲ့ကိစ္စမျိုးက အခုချိန်ထိမရှိသေးဘူး။ တစ်ဖက်ကလည်း ယာယီရပ်တန့်သွားတဲ့လုပ်ငန်းတွေရှိသလို ထပ်ပြီးအဆိုပြုလာတာတွေရှိတယ်။ အပြင်မှာတော့ သတင်းတွေထွက်တယ်ပေါ့နော်။ လုပ်ငန်းတွေပိတ် ပြီးပြန်သွားပြီ။ ရေနံသဘာဝဓာတ်ငွေ့တွေထွက်သွားပြီဆိုပြီးလာတာတွေရှိတယ်။ တကယ်တော့ထွက် သွားတာမဟုတ်ဘူး။ ထွက်တယ်လို့ တစ်ယောက်မှ ကျွန်တော်တို့ဆီကိုထွက်ပြီဆိုရင် လုပ်ထုံးလုပ်နည်းအရ MIC ကို လာရတယ်။ သူ့လုပ်ငန်းပိတ်သိမ်းပါတော့မယ်။ ဒါကြောင့်မို့လို့ လုပ်ငန်း ပိတ်သိမ်းခွင့်ပြုပါဆိုပြီးတော့ တရားဝင်လျှောက်ထားပြီး ပိတ်သိမ်းတာလုပ်ရတာရှိတယ်။
နစက တာဝန်ယူပြီးနောက်ပိုင်းလုပ်ငန်းပိတ်သိမ်းမယ်ဆိုပြီးလျှောက်ထားတာမရှိသေးဘူး။ ယာယီ ရပ်တန့်တယ်ဆိုပြီး သတင်းပို့တာမျိုးတော့ရှိတယ်။ လုပ်ငန်းကို အကြောင်းအမျိုးမျိုးကြောင့် ယာယီရပ်ဆိုင်းမယ်ဆိုပြီးတော့ သတင်းပို့တာတော့ရှိတယ်။ MIC ကလည်း သတင်းပို့ချက်ကို လက်ခံထားပေးတယ်။တကယ်တော့ထွက်သွားတာမဟုတ်ဘူး။ ထွက်မယ်လို့ တရားဝင်လျှောက်ထားတာတစ်ယောက်မှ မရှိသေးဘူး။ တစ်ချို့ကလုပ်ငန်းကိုလွှဲသွားတာရှိတယ်။ သူဆက်မလုပ်တော့ဘူး နောက်တစ် ယောက်ဝင်လာမယ်။ ဒါမျိုးတော့ တင်ပြတာရှိတယ်။ ထွက်သွားတာတော့ မရှိသေးပါဘူး။

မေး ။ ။ အထည်ချုပ်လုပ်ငန်းကဏ္ဍကလည်း အခြေအနေသိပ်မကောင်းတဲ့အတွက် အလုပ်သ မားတွေက အခြားနိုင်ငံကိုတောင်ထွက်ပြီး အလုပ်လုပ်ဖို့ပြင်နေတယ်ဆိုတာတွေလည်း ကြားသိနေရပါတယ်။ လက်ရှိအထည်ချုပ်လုပ်ငန်းတွေရဲ့ အနေအ ထားရောဘယ်လိုမျိုးရှိလဲ သိချင်ပါတယ်။
ဖြေ ။ ။ အထည်ချုပ်ရဲ့အနေအထားက တိုင်းပြည်မှာအခြေအနေကောင်းတွေအ များကြီးရှိတယ်။ တိုင်းပြည်ကထွက်တဲ့အထည်တွေက ဥရောပဈေးကွက်မှာအ ကောက်ခွန်ပေးစရာမလိုဘူး။ သူတို့မှာ ကိုတာသတ်မှတ်ထားတာရှိတယ်။ ဘယ်နိုင်ငံဆိုရင် အထည်ဘယ်လောက်ပဲပို့ရမယ်ဆိုတဲ့ ကိုတာလည်းမရှိဘူး။ ထုတ်နိုင်သလောက်ဥရောပဈေးကွက်ကို ပို့လို့ရတယ်။ အဲ့ဒီအခွင့်အလမ်းတွေက ရှိတယ်။ အဲ့ဒီအခွင့်အလမ်းက ထိုင်းနိုင်ငံမှာမရှိဘူး။ ကမ္ဘာဒီးယားဆိုရင်လည်း ကျွန်တော်တို့လောက်အခွင့်အလမ်းမရဘူး။ ဒီအခွင့်အလမ်းကြောင့်မို့ အထည်ချုပ်တွေက သမ္မကြီးဦးသိန်းစိန်လက်ထက်မှာရော၊ ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာရော ဒါကိုအခြေခံပြီးတော့ လာကြတာများတယ်။ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံရဲ့ လုပ်ခနှုန်းထား။ ဒါကြောင့် စွဲဆောင်မှုကောင်းနေဆဲအနေအထားဘဲရှိတယ်။
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာက ပြီးခဲ့တဲ့ မတ်လ (၁၄) ရက် လှိုင်သာယာ ရွှေပြည်သာမှာရှိတဲ့အထည်ချုပ်စက်ရုံတွေကို မီးရှို့တာတွေ လုပ်တာက တိုင်းပြည်ရဲ့ ပုံရိပ်ကို တော်တော်လေးထိခိုက်သွားတယ်။ တိုင်းပြည်မှာ အထည်ချုပ်လုပ်ငန်းနဲ့ပတ် သက်လာရင် စွဲဆောင်မှုအရ လာဖို့ပြင်ဆင်နေကြတဲ့လူတွေရှိတယ်။ လာဖို့ စုံစမ်းနေတဲ့လူတွေရှိတယ်။ အဲ့လိုလုပ်နေတဲ့ အချိန်မှာ ဒီဖြစ်စဉ်တွေဖြစ်သွားတော့ တော်တော်လေး စိုးရိမ်စိတ်များသွားတယ်။ တစ်ချို့လူတွေက မဖြစ်သေးဘူးဆိုတာ မျိုးတွေ ဖြစ်သွားတယ်။ ဒီဖြစ်စဉ်က နိုင်ငံသားတွေအတွက် တော်တော်လေးထိခိုက်သွားတယ်။ အထည်ချုပ်စက်ရုံတစ်ရုံထူ ထောင်ရင် လူ (၁ဝဝဝ) လာက်အလုပ်ရတယ်။ အဲ့အချိန်မှာ လာဖို့ပြင်ဆင်ပြီး စုံစမ်းနေတဲ့ အထည်ချုပ်စက်ရုံက (၁ဝ) ဂဏန်းရှိတယ်။ အဲ့ဒီစက်ရုံတွေက နည်းနည်းလေးလာဖို့ ဒီဖြစ်စဉ်ပေါ်မူတည်ပြီးတော့ စိုးရိမ်စိတ်တွေ များသွားပြီးတော့ နည်းနည်းတန့်သွားတာရှိတယ်။ သို့သော်လည်းပဲ သူတို့ရဲ့ စိတ်ဝင်စားမှုအခုထိမလျော့ဘူး။ အထူးသဖြင့် အထည်ချုပ်နဲ့ပတ်သက်ရင် တိုင်းပြည်မှာအဓိကလာတာက ဟောင်ကောင်လိုနိုင်ငံမျိုး၊ ကိုရီးယားလိုမျိုးက စိတ်ဝင်စားမှုမကျဘူး။ လက်ရှိတိုင်းပြည်ရဲ့မငြိမ်မသက်ဖြစ်နေတဲ့အနေအထားကြောင့် သူတို့လာမယ်လို့ ယတိပြတ်မပြောနိုင်သေးဘူးပေါ့။ တိုင်းပြည် တည်ငြိမ်မှုရောက်လာရင် သေချာပေါက်ပြန်ဝင်လာမယ်။ ကျွန်တော်တို့အခွင့်အလမ်းတွေ ပြန်ပေါ်လာမယ်။ တစ်ချို့စက်ရုံတွေလာဖို့ တန့်လာတာကတော့ မြန်မာပြည်ကိုအထည်ချုပ်တွေမလာတော့ဘူးဆိုတာကတော့ မဟုတ်ဘူး။ ထွက်သွားတာကတော့ အပြီးပိတ်သိမ်းတာက အနည်းအကျဉ်းပဲရှိတယ်။ ဒါကအခုမှပိတ်တာမဟုတ်ဘူး ၂ဝ၂ဝ လောက်စပြီးတော့ ကိုဗစ်စဖြစ်ကတည်းက စပြီးပိတ်ပိတ်လာတာအဲ့ဒီလိုတော့ရှိတယ်။ လုံးဝကြီး မြန်မာပြည်ကိုအထည်ချုပ်တွေမလာတော့ဘူးဆိုတာကတော့ မဟုတ်ပါဘူး။

မေး ။ ။ နောက်တစ်ခုအနေနဲ့ကတော့ နိုင်ငံခြားနဲ့ဆက်သွယ်တဲ့အခါမှာ ကျွန်တော်တို့နိုင်ငံက အခုဆို အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှုတွေက စတင်နေပြီဆိုတော့ နိုင်ငံခြားနဲ့ဆက်ဆံရတဲ့ အနေအထားနဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ဆက်သွယ်ရတဲ့အနေအထားတွေက ဘယ်လိုရှိပါသလဲ။ Online ပေါ်မှာကတော့ မြန်မာက အသိအမှတ်ပြုမခံရဘူးဆိုတာတွေကတော့ ရှိတာပေါ့။ အဲဒီတော့ တကယ်တမ်းလုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝန်ကြီးအနေနဲ့က ဘယ်လိုရင်ဆိုင်ကြုံတွေ့နေရလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ကတော့ စီးပွားရေးကို တာဝန်ယူရတဲ့ နိုင်ငံရေးစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဆိုတော့ ပုံမှန်အားဖြင့်ကတော့ ဆက်ဆံမှုတွေက ရှိနေသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို တရားဝင်ကြေညာပြီး အဆက်အသွယ်မလုပ်တော့တာကတော့ ကမ္ဘာဘဏ်တို့၊ IMF တို့ပေါ့နော်။ အမေရိကဆိုရင် ကျွန်တော့်ကိုပါ ဆန်ရှင်ထဲ ထည့်ထားတာဆိုတော့။ ဒီလိုနိုင်ငံတွေကတော့ ကျွန်တော်တို့နဲ့ပုံမှန်ဆက်ဆံမှု မရှိဘူး။ နောက်တစ်ခု ကတော့ နိုင်ငံတကာအဖွဲ့အစည်းတချို့ကတော့ ကျွန်တော်တို့နဲ့ဆက်ဆံမှုက ယာယီရပ်တန့်နေတယ်။ သူတို့က နိုင်ငံရေးအခြေအနေကိုစောင့်ကြည့်နေတယ်ဆိုတာမျိုးပေါ့။ သို့သော်လည်းပဲ ဥပမာအားဖြင့် အာဆီယံ ဆိုရင် တော့ ကျွန်တော်တို့က ပုံမှန်သွားနေတာပဲ။ အမြဲတမ်းထိတွေ့နေတယ်။
ပြီးခဲ့တဲ့လကတည်းကဆိုရင် ကျွန်တော်တို့ရဲ့ နစကဥက္ကဋ္ဌကြီးကိုယ်တိုင်က မဲခေါင်ဒေသထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့တယ်။ ဆိုတော့ ကျွန်တော်တို့က ဆက်ဆံမှုတော့ ရှိနေဆဲပါ။ အာဆီယံ အစည်းအဝေးဆိုရင် ပြီးခဲ့တဲ့စက်တင်ဘာလောက်က (၆) ရက် ဆက်တိုက်ကျင်းပခဲ့တယ်။ အာဆီယံရဲ့ထိပ်သီး အစည်းအဝေးပွဲမှာ အာဆီယံရဲ့ပါတနာနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ အီးယူ၊ ယူကေ၊ အမေရိက တို့အားလုံးနဲ့ ပြီးခဲ့တဲ့(၆)ရက်တာ ကာလအတွင်းမှာ အကုန်လုံးဆွေးနွေး ခဲ့ကြတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ဆွေးနွေးဆက်ဆံမှုတွေရှိနေတယ်။ စီးပွားရေးပိုင်းဆိုင်ရာ ဆက်ဆံမှုတွေကတော့ တချို့သော ပြောင်းလဲမှုတွေက သိပ်တော့မရှိဘူး။ သို့သော်လည်း တချို့နိုင်ငံတွေနဲ့ ဆက်ဆံမှုတွေကတော့ ရပ်တန့်သွားတယ်။ အထူးသဖြင့်ကတော့ အနောက်နိုင်ငံတွေနဲ့ပေါ့။ ဥပမာ- ဂျာမနီဆိုရင် ကျွန်တော်တို့ကိုပေးတဲ့အထောက်အပံ့တွေကို ရပ်တန့်ထားတယ်။ သို့သော်လည်းပဲ နိုင်ငံတကာစီးပွားဆက်ဆံ ရေးပိုင်းမှာ ကျွန်တော်တို့ကို မဆက်ဆံဘူးဆိုပြီး လုံးဝအပြတ်ပြောထားတာမျိုးတော့ မရှိသေးပါဘူး။ ပုံမှန်အား ဖြင့် ကျွန်တော်တို့စီးပွားရေးပိုင်း ဆက်ဆံမှုလေးတွေတော့ ရှိပါသေးတယ်။

မေး ။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင်းနဲ့ပတ်သက်ရင် နိုင်ငံခြားလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံအ ပေါ်မှာ ယုံကြည်မှု ရှိနေသေးတာကို မြင်တွေ့ရတာမျိုးလား။
ဖြေ ။ ။ ယုံကြည်မှုကတော့ ဘယ်လိုမျိုးလဲဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုပိုင်းနဲ့ပတ်သက်လာ ရင်တော့ တချို့နိုင်ငံ တွေမှာက ကန့်သတ်ချက်တွေရှိတယ်။ ဥပမာအားဖြင့် အနောက်နိုင်ငံကလုပ်ငန်းရှင်က မြန်မာနိုင်ငံကိုလာလုပ်ဖို့ ဆိုရင် သူတို့အစိုးရတွေကိုယ်တိုင်ကိုက အားမပေးဘူးဆိုတဲ့သဘောမျိုးတွေ ရှိတယ်။ တချို့နိုင်ငံတွေကတော့ ပုံမှန်အတိုင်းရှိနေတယ်။ အဲဒီတော့ ခြုံပြောမယ်ဆိုရင် ရာနှုန်းပြည့်ကြီးတော့ ကျွန်တော်တို့ပုံမှန်ဆက်ဆံမှုကြီး တော့မရှိဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ရာခိုင်နှုန်းအများစုတော့ ပုံမှန်ဆက်ဆံမှုတွေလည်းရှိနေသလို စိတ်ဝင်စားမှုတွေလည်း ပြနေတယ်။ တကယ်တမ်းပြောရရင် တချို့နိုင်ငံတွေကလည်း ကျွန်တော်တို့တိုင်းပြည်ရဲ့ တည်ငြိမ်မှုကိုစောင့်ကြည့်နေကြတာ။ သူတို့အနေနဲ့က လာချင်တယ်။ ကျွန်တော်တို့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတင် မြန်မာပြည်မှာ လုပ်ကိုင်ချင်တယ်ဆိုပြီး တစ်ဖွဲ့က လာပြီးဆွေးနွေးသွားတယ်။ အောက်တိုဘာလ (၁) ရက်မှာလည်း တစ်ဖွဲ့လာဖို့ရှိနေတယ်။ ဆိုလိုတာကတော့ လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ဝင်စားမှုရှိနေတယ်။ ဒါပေမယ့် သူတို့က ဘာကိုစောင့်ကြည့်လဲဆိုရင်တော့ Stability ပေါ့။ Stability ဆိုတာကလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူတွေအားလုံး စိတ်ပူတာက အချက်နှစ်ချက်ပဲ ရှိတယ်။ နံပါတ်(၁) နိုင်ငံရေးတည်ငြိမ်မှု၊ နံပါတ်(၂) က မူဝါဒတွေတည်ငြိမ်မှု။ ဒီနှစ်ခုက သူတို့စိတ်အပူဆုံးကိစ္စဖြစ်တယ်။ မူဝါဒတည်ငြိမ်မှုအတွက်က ကျွန်တော်တို့က အာမခံထားလို့ရတယ်။ မင်းတို့အနေနဲ့ရဲရဲတင်းတင်းလာလုပ်လို့ရတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတက်ကတည်းကိုက ပြောထားပြီးသားရှိတယ်။ အရင်လုပ်ခဲ့တဲ့ မူဝါဒတွေကို ပြောင်းလဲပစ်ဖို့မရှိဘူးဆိုတာကို သူ့အနေနဲ့ကလည်း အတိအလင်းပြောထား ပြီးသားဖြစ်တယ်။ အရင်လုပ်ခဲ့တဲ့လုပ်ငန်းတွေကို ဆက်ပြီးအကောင်အထည်ဖော်မယ်။ အရင်ကတိကဝတ်တွေကိုလည်း ဆက်ပြီးအကောင်အထည်ဖော်နေတယ်။ ယခင်က သဘော တူထားတဲ့ကိစ္စတွေကိုလည်း ဆက်ပြီးတော့ သွားနေတယ်။ မူဝါဒပိုင်းဆိုင်ရာက ကျွန်တော်တို့ဘက်က အပြောင်းအလဲကြီးကြီးမားမားဘာမှမရှိဘူး တည်ငြိမ်တယ်။ သို့သော် နိုင်ငံရေးတည်ငြိမ်မှုက ဒါ့ထက်ပိုပြီးတော့ အရေးကြီး တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့က ပထမတစ်ချက်ကိုတည်ဆောက်နေရတယ်။ တိုင်းပြည်က မတည် မငြိမ်ဖြစ်နေဦးမယ်ဆိုရင်တော့ သူတို့လာလို့ရဦးမှာ မဟုတ်သေးဘူး။ တစ်ဖက်ကလည်း သူတို့စီးပွားရေး လုပ်ငန်း တွေ လာမလုပ်နိုင်သေးဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေးကိုပြန်ပြီးဦးမော့ဖို့ကျတော့ ဘာပဲပြောပြော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ဒါတွေဝင်လာခြင်းက တိုင်းပြည်စီးပွားရေးဦးမော့ဖို့အတွက်က ကြီးစွာသောအေ ထာက်အပံ့ဖြစ်ပါတယ်။ နိုင်ငံတိုင်းနိုင်ငံတိုင်းက FDI နဲ့ တိုင်းပြည်ကရုန်းထကြတာကို။ အိမ်နီးချင်းနိုင်ငံကို ကြည့်လိုက် မလေးရှားပဲကြည့်မလား၊ ဗီယက်နမ်ကြည့်မလား၊ ထိုင်းပဲကြည့်မလား၊ တရုတ်ပဲကြည့်မလား သူတို့တိုင်းပြည်ရဲ့စီးပွားရေးတွေက FDI နဲ့ဦးမော့အောင်တည်ဆောက်ခဲ့ကြတာ။ အဲဒီတော့ ကျွန်တော်တို့တိုင်း ပြည်ရဲ့စီးပွားရေး ပြန်တည်ငြိမ်ပြီး ပြန်ဦးမော့ဖို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပြန်ဝင်လာဖို့ လိုတယ်။ အဲဒီလိုပုံမှန် အတိုင်းပြန်ဝင်လာဖို့က သူတို့စိတ်ပူတဲ့အချက်နှစ်ချက်ထဲက ပထမအချက်ဖြစ်တဲ့ နိုင်ငံရေးတည်ငြိမ်မှုကသာ အရေးကြီးတယ်။ အဲဒီတော့ ပြန်ပြောရမယ်ဆိုရင်တော့ စိတ်ဝင်စားမှုသည် ရှိနေသေးတယ်။ နိုင်ငံရေးတည်ငြိမ်မှု အခြေအနေကို ရောက်လာမယ့်အချိန်ကိုစောင့်နေကြတယ်လို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ရုရှားနိုင်ငံနဲ့ဆွေးနွေးတယ်လို့ကြားသိရပါတယ်။ သူတို့နဲ့ စိုက်ပျိုးရေး လုပ်ငန်းလုပ်မယ်လို့ကြားတယ်။ အဲဒီတော့ သူတို့ဘက်ကရော တကယ်ပဲလုပ်မှာလား။ ဘယ်လိုရင်းနှီးမြှုပ်နှံသွားမှာလဲဆိုတာနဲ့ ကျွန်တော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှုတွေလာမယ်ဆိုရင် အားလုံးစိတ်ပူကြတာက သဘာဝသယံဇာတထုတ်တာတွေ၊ မြေအောက်ရေသယံဇာတ ထုတ်တာတွေ၊ သစ်တောထုတ်တာတွေပဲများတာဆိုတော့ တကယ်တမ်း လူတွေရဲ့စီးပွားရေးကို တိုးတက်မယ့် ဟာမျိုးနည်းတော့ ရုရှားကရော ဘာကိုဦးတည်တာမျိုးလဲ သိချင်ပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ပြီးခဲ့တဲ့ရက်က ရုရှားနဲ့ဆွေးနွေးတာဟာ နယ်ပယ်တော်တော်ကို များပါ တယ်။ ကျွန်တော်တို့က ငွေကြေးနဲ့ ဘဏ်ပိုင်းဆိုင်ရာ ကိစ္စလည်းပါတယ်။ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကိစ္စတွေလည်းပါတယ်။ နောက်တစ်ခုက ကုန်သွယ်ပိုင်းဆိုင်ရာကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာကိစ္စ၊ နောက်တစ်ခုကတော့ ကဏ္ဍအလိုက်ပြောမယ်ဆိုရင်တော့ စိုက်ပျိုးရေးဏ္ဍကိစ္စမှာ အဓိက ဘာလဲဆိုရင်တော့ ကျွန်တော်တို့က တိုင်းပြည်က စိုက်ပျိုးရေးထွက်ကုန်တွေကို သူတို့ဘက်က ဝယ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတာ ပိုများတယ်။ စပါး ဏ္ဍဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းနဲ့လည်း သူတို့ လက်မှတ်တွေ ရေးထိုးဖို့ရှိတယ်။ စိတ်ဝင်စားမှုတွေကတော့ ရှိပါတယ်။ တကယ်တမ်း ရုရှားက မြန်မာနိုင်ငံမှာ လက်ရှိအနေအထားထိ ထိပ်တန်းရင်းနှီးမြှုပ်နှံမှု မဟုတ်သေး ဘူး။ သို့သော် ကမ္ဘာပေါ်မှာ ပြန်ကြည့်ရင် နိုင်ငံခြားကိုထွက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နိုင်ငံတွေ စာရင်းမှာ ရုရှားက အဆင့်(၁၂) မှာရှိတယ်။ ဆိုလိုတာကတော့ သူနိုင်ငံကနေ ပြင်ပကိုထွက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာ တော်တော်ကို အားကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်ထဲမှာ ရုရှားနိုင်ငံကို ပြန်ကြည့်လိုက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းထဲမှာ အဆင့်(၂၂) မှာပဲ ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုက မများသေးဘူးပေ့ါ။ အခု ကျွန်တော်တို့က ဘာပြောပြော နိုင်ငံတော်အကြီးအကဲ ရုရှားသွားတဲ့ခရီးစဉ်တွေ၊ နှစ်နိုင်ငံချစ်ကြည်ရေးက ပိုကောင်းနေတယ်ဆိုတော့ ကျွန်တော်တို့က နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုအပြင်ကို စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုပါ ဦးတည်လာတာပေါ့။ အဲဒီတော့ သူတို့က ကျွန်တော်တို့တိုင်းပြည်ရဲ့အလားအလာကို လည်း သူတို့သိတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ထွက်ကုန်တွေမှာ သူတို့နိုင်ငံ လိုအပ်နေတာတွေလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံလို့ရှိရင် နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် နယ်ပယ်တွေလည်းရှိမယ်။ ဒါ့ကြောင့်မို့လို့ ရုရှားဘက်ကလည်းကျွန်တော်တို့နိုင်ငံကို စိတ်ဝင်စားနေတယ်။ တကယ်တော့ ကျွန်တော်တို့ဆွေး နွေးပွဲက နေ့လည်တစ်နာရီခွဲ စပြီး ညနေ လေးနာရီခွဲ ပြီးရမှာ။ ဒါပေမယ့် ည ခုနှစ်နာရီခွဲမှ ပြီးတယ်။ သူတို့ဘက်က သိချင်တာကိုလည်း ဆက်တိုက်မေးတော့ ကျွန်တော်တို့ဘက်ကလည်း ဖြေပေးတယ်။ အပြန် အလှန်ဆွေးနွေး ကြတယ်။ ကျွန်တော်တို့ဘက်ကလည်း သိချင်တာတွေ မေးတယ်။ တောင်းဆိုသင့်တာတွေကို တောင်းဆိုကြ တယ်။ ဒီလိုမျိုးလေးတွေတော့ လုပ်ဖြစ်တယ်။ တော်တော်လေးလည်း ရလဒ်ကောင်းထွက်တယ်။ အဲဒီတော့ ဒီနှစ် မကုန်ခင်မှာ ရုရှားဘက်က ဝန်ကြီးအဆင့်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာပြီးတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ လုပ်သွားဖို့ရှိတယ်။ ရုရှားဘက်က စီးပွားရေးဝန်ကြီးလာရင် ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်အဖွဲ့ဖွဲ့ပြီး နှစ်ဦးနှစ်ဖက် ဆက်လုပ်မယ့် အစီအစဉ်တွေကို ညှိနှိုင်းသွားဖို့ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့အနာဂတ်ရင်းနှီးမြှုပ်နှံမှုနိုင်ငံထဲမှာတော့ တစ်နိုင်ငံတော့ တိုးလာတာပေါ့။ ဒါကတော့ ရုရှားနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကတော့ လမ်းဖွင့်သွားပြီပေါ့။ အရင် တုန်းကတော့ ကိုယ်ကလည်း သူ့အကြောင်းသိပ်မသိဘူး။ ကိုယ်လည်း သူ့ဆီကို ပစ္စည်းတွေကတော့ တင်ပို့နေ တာရှိပေမယ့်လည်း ဘယ်လိုပို့သင့်တယ်။ ဘယ်လိုပို့ရင် အခွင့်အရေးပိုရတယ်။ ဟိုဘက်ဈေးကွက်မှာ ဘယ်လိုကုန်စည်တွေကို ပိုလိုလားတယ်ဆိုတာ ထဲထဲဝင်ဝင်တော့ မသိဘူးပေါ့။ အခုလို ဆွေးနွေးမှုသေချာ လုပ်လိုက်တဲ့အခါမှာ တော်တော်လေး လမ်းကြောင်းတွေ ပွင့်သွားတာမျိုး ကိုတွေ့ရပါတယ်။

မေး ။ ။ မြန်မာပြည်သူတွေကျတော့ ရုရှားနဲ့ဆက်ဆံရမယ်ဆိုတော့ စစ်လက်နက်ကိုပဲ တန်းမြင်ကြတာ။ အဲဒီတော့ စစ်လက်နက်တင်ပို့ဖို့လားဆိုပြီး တန်းပြောကြတာပေါ့။ အပြစ်တင်တဲ့အဖွဲ့ကလည်းတန်းပြီး အပြစ်တင် တာပေါ့။ တကယ်တမ်းကျတော့ မြေပြင်မှာက အဲဒါမဟုတ်ဘဲနဲ့ စိုက်ပျိုးရေးလုပ်ငန်းကြီးလုပ်မယ်ဆိုတော့လေ ကျွန်တော်တို့ဆီက ဘယ်ဟာကိုစိတ်ဝင်စားတာလဲ။ ဆန်စပါးကိုပဲ ပြန်ဖြန့်မှာမျိုးလား။ သီးနှံထွက်ကုန်တွေကို စိတ်ဝင်စားတာမျိုးလား။
ဖြေ ။ ။ သူတို့ရဲ့စိတ်ဝင်စားမှုက ရုရှားက အရင်ကတည်းက ဆန်ပို့ခဲ့ဖူးတယ်။ ကျွန်တော်အရင် စီးပွားကူးသန်း မှာနေကတည်းက ဆန်ပို့တာ လုပ်ခဲ့ဖူးတယ်။ ရုရှားနိုင်ငံက ဆန်လိုအပ်ချက် တော်တော်လေး များတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ ဆန်အတွက် ဈေးကွက်တစ်ခုပေါ့နော်။ ကျန်တဲ့သီးနှံမှာ သူတို့စိတ်ဝင်စားမှုကတော့ သစ်သီးဝလံပိုင်းမှာလည်း စိတ်ဝင်စားမှုတွေက ရှိတယ်။ ရေထွက်ပစ္စည်းမှာလည်း စိတ်ဝင်စားမှုတွေက ရှိတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့အားသာချက်ကေ တာ့ ကျွန်တော်တို့တိုင်းပြည်က စိုက်ပျိုးရေးကို အခြေခံတဲ့တိုင်းပြည်ဖြစ်တော့ ဒါဟာ ကျွန်တော်တို့တိုင်းပြည်အတွက် ဈေးကွက်တစ်ခုပွင့်တယ်လို့ ပြောလို့ရတာပေါ့နော်။ မူလက ပို့နေတဲ့ ဆန် ပို့တဲ့ပမာဏဟာ ရှိသင့်တဲ့၊ ပို့နိုင်တဲ့ ပမာဏလောက်တောင် မပို့နိုင်ခဲ့ကြဘူး။ အခုကတော့ ပိုပြီးတော့ အလားအလာ ပွင့်သွားသလို ဆန်တင် မကတော့ဘဲ အခြားပို့ကုန်ပစ္စည်းတွေကိုပါ ပို့နိုင်တော့မယ့် အနေအထားဖြစ်သွားတာပေါ့။ လာမယ့်ဝန်ကြီးအဆင့်ဆွေးနွေးမှုပြီးသွား တဲ့အခါမှာတော့ ပိုမိုခိုင်မာတဲ့ရလဒ်တွေဖြစ်ပေါ်လာမယ်။ အဲဒီကျရင်တော့ ကျွန်တော်တို့က မြန်မာလုပ်ငန်းရှင်တွေနဲ့ အသေးစိတ်ဆက်လက်ဆွေးနွေးပြီးတော့ လက်မှတ်ထိုးသင့်တာတွေ ထိုးမယ်။ ဒါဟာ ကျွန်တော်တို့တိုင်းပြည်က စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အများကြီးအကျိုးရှိ ပါတယ်။ အထူးသဖြင့် ဆန်စပါးလို ကိစ္စမျိုးတွေမှာဆိုရင် လယ်သမားတွေအထိ အကျိုးရလဒ်က ရနိုင်တယ်။ ဒီလိုကိစ္စကတော့ ကျွန်တော်တို့အနေနဲ့က အခွင့်အလမ်းတစ်ခု ပွင့်သွားတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ နောက်တစ်ခုအနေနဲ့ ကျွန်တော်မေးလိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့အခြေခံ ထွက်ကုန် စားသုံးကုန်ကနေစပြီး စီးပွားရေးလုပ်ငန်းက ဒီကနေစတယ်ဆိုပေမယ့် ကျွန်တော်ကတော့ နယ်စပ်ကုန်သွယ်ရေးကို အဓိကထားပြီး ပြောကြည့်ချင်ပါတယ်။ လက်ရှိဆိုရင်တော့ နယ်စပ်မှာ ကုန်ကားတွေအကုန်ရပ်ထားရတယ်။ ဂိတ်တွေက အကုန်ပိတ်ကုန်ပြီးဆိုတော့ စီးပွားရေးက အဲဒီမှာ အကုန်ကြပ်ကုန်ပြီလို့ ကြားရတယ်။ ကျွန်တော်တို့နိုင်ငံအတွက် နယ်စပ်ကုန်သွယ်ရေးဆိုတာက စီးပွားရေးအသက်ရှုထွက်ပေါက်ကြီးဆိုတော့ အဲဒီပြဿနာနဲ့ ပတ်သက်ရင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဘက်ကရော ဘာတွေများ စဉ်းစားပြင်ဆင်နေလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်လာရင် ဝန်ကြီးဌာနနှစ်ခုက တာဝန်ယူတယ်။ အဓိ ကနယ်စပ်ကုန်သွယ်ရေးကို မောင်းနှင်တာကတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန။ သူတို့က ကုန်စည်တွေ ပို့နိုင်ဖို့ရော တင်သွင်းတာတွေရော တာဝန်ယူရတာဖြစ်တယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက ဘာကိုတာဝန်ယူလဲ ဆိုရင်တော့ စေ့စပ်ညှိနှိုင်းမှုပိုင်းတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့က တာဝန်ယူပေးရတယ်။ Bilateral နှစ်ဦးနှစ်ဖက် ညှိမယ်ဆိုရင် ကျွန်တော်တို့ဌာနက တာဝန်ယူပေးရတယ်။ အာဆီယံ၊ တရုတ်တို့နဲ့လုပ်မယ်ဆိုရင် ကျွန်တော်တို့ဌာနက တာဝန်ယူပေးရတယ်။ နယ်စပ်ကုန်သွယ်ရေးက ကျွန်တော်တို့ တိုင်းပြည်အတွက် တော်တော်လေးကို အရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ပို့ကုန်က ၂ဝ၁၉- ၂ဝ၂ဝ ဆိုရင် ကုန်သွယ်မှုပိုင်းမှာ(၃၆) ဘီလျံလောက်ထိ ရှိတယ်။ ပို့ကုန်၊ သွင်းကုန် နှစ်ခပေါင်းလိုက်ရင် (၁၂) ဘီလျံလောက်က နယ်စပ်ကုန်သွယ်ရေးပိုင်းကနေ တင်ပို့တာ၊ တင်သွင်းတာတွေ လုပ်တယ်။ အကြမ်း ဖျင်းအားဖြင့် တိုင်းပြည်ကြီးတစ်ခုလုံးရဲ့ ရာခိုင်နှုန်း(၃ဝ) ကျော်က နယ်စပ်ကုန်သွယ်ရေးဘက်ကနေပဲ သွားကြရတာ။ ပြန်ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့က မြန်မာရဲ့အဓိက ကုန်သွယ်ဖက် နိုင်ငံတွေပေါ့။ အဲဒီထဲမှာမှ တရုတ်နဲ့မြန်မာရဲ့ကုန်သွယ်မှုကလည်း (၁၂) ဘီလျံလောက်ထိ ရှိတယ်။ အဲဒီထဲမှာမှ နယ်စပ်ကုန်သွယ်ရေးက (၆) ဘီလျံလောက်ထိပါတယ်။ ထိုင်းနဲ့ မြန်မာရဲ့ကုန်သွယ်ရေးဆိုရင်(၅) ဘီလျံလောက်ရှိတယ်။ (၄) ဘီလျံလောက်က နယ်စပ်ကုန်သွယ်ရေးဘက်က သွားတယ်။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးက တော်တော်လေးကို အရေးကြီးတယ်။ ဒါပေမယ့် အခုဘာဖြစ်လဲဆိုတော့ ကိုဗစ်ဖြစ်တဲ့အခါမှာ အိန္ဒိယဆိုရင် ပိတ်ထားတာ တစ်နှစ်လောက်ရှိပြီ။ တရုတ်ဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ပိတ်ထားခဲ့တာ။ နယ်စပ်ကုန်သွယ် ရေးက ကိုဗစ်ရောဂါဖြစ်လိုက်တဲ့အတွက်ကြောင့် လုပ်ငန်းစဉ်အားလုံးက ရပ်တန့်သွားတယ်။ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့ ကျွန်တော်တို့ဆွေးနွေးကြပါတယ်။
ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ ဆွေးနွေးချက်ကတော့ နယ်စပ်ကုန်သွယ်ရေးပိုင်းနဲ့ပတ်သက်ရင် (၃) ခု ကျွန်တော်တို့ဆွေးနွေးခဲ့တယ်။ နံပါတ်တစ် ထိုင်းနဲ့ဆွေးနွေးတဲ့အခါမှာ ထိုင်းနိုင်ငံကို မြန်မာပြည်က ပြောင်းစေ့၊ ပြောင်းဖူးတွေကို တင်ပို့တဲ့အခါမှာ ရာသီကန့်သတ်ထားတာ ရှိတယ်။ သူတို့နိုင်ငံမှာ ပြောင်းစေ့ထွက်တဲ့အချိန်ကျရင် ကျွန်တော်တို့မြန်မာနိုင်ငံက ပြောင်းစေ့ကို ပေးမသွင်းဘူးပေါ့။ အဲဒါမျိုးကို ဖြေလျော့ပေးပါဆိုပြီး ကျွန်တော်တို့က ဆွေးနွေးထားတယ်။ အခုလိုမျိုး ရာသီကန့်သတ်ထားမယ့်အစား တစ်နှစ်လုံး တင်ပို့နိုင်ဖို့၊ ကျွန်တော်တို့ဆီက ပြောင်းစိုက်တဲ့တောင်သူတွေအတွက်လည်း တစ်နှစ်ပတ်လုံး တင်ပို့နိုင်မယ်ဆိုရင် ဒါဟာ ကောင်းတယ်ပေါ့။ (ဒါက ဥပမာလေး တစ်ခုပေးတာပါ။) အလားတူပဲ တရုတ်နဲ့ ကျွန်တော်တို့ဆွေးနွေးတဲ့အခါ ရောဂါတွေလည်း အခုဆိုရင် သူတို့တရုတ်ဘက်မှာတော့ ကျွန်တော်တို့ဘက်မှာလည်း ထိန်းချုပ်နိုင်တဲ့အနေအထားရောက်နေပြီ လည်းဖြစ်သလို တရုတ်ကလည်း နယ်စပ်ဒေသမှာရှိတဲ့တိုင်းရင်းသားတွေအတွက် ကိုဗစ်ကာကွယ် ထိုးဆေးတွေပို့ပေးနေပြီး ထိုးနှံပေးတာတွေလည်း စတင်နေပြီဆိုတော့ ကိုဗစ်နဲ့ပတ်သက်ရင် ထိန်းနိုင်လာပြီဆိုတော့ ဒါ့ကြောင့်မို့လို့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်ဖွင့်ဖို့အတွက် စဉ်းစားပေးပါဆိုပြီးတော့ တရုတ်အစိုးရဘက်ကို ကျွန်တော်တို့က အဆိုပြုချက်တစ်ခုကို အစည်းအဝေးမှာ တင်ခဲ့တယ်။ အိန္ဒိယကိုလည်း ထိုနည်းလည်းကောင်းပဲ။ ရောဂါတွေလည်း ထိန်းနိုင်နေပြီ နယ်စပ်ဂိတ်တွေ ပိတ်ထားတာကလည်း တစ်နှစ်လောက်ရှိနေပြီ ပြန်ဖွင့်ပေးပါဆိုပြီး ကျွန်တော်တို့ ညှိနှိုင်းခဲ့ပါတယ်။ ဒါတွေကတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်ဖွင့်နိုင်ဖို့အတွက် ကျွန်တော်တို့လုပ်နေတဲ့ ကိစ္စတွေပါ။
နောက်တစ်ချက်က ဘာဖြစ်လဲဆိုတော့ နယ်စပ်ကုန်သွယ်ရေးလို့ ပြောတိုင်းပြောတိုင်းမှာ Cross Border Transport လို့ခေါ်တာပေါ့။ ကုန်တွေ၊ ယာဉ်တွေ ဟိုဖက် ဒီဖက် သွားနိုင်လာနိုင်ဖို့။ ထိုင်းနဲ့မြန်မာရဲ့ GMS ရဲ့ အစီအစဉ်အောက်ထဲမှာ မြန်မာပြည်အတွက် ကျွန်တော့်ဝန်ကြီးဌာနက တာဝန်ယူပေးရတယ်။ GMS မှာလည်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် သွားလာခွင့်နဲ့ ယာဉ်တွေသွား လာခွင့်အတွက် ထိုင်းနဲ့လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက လက်မှတ်ထိုးပြီးသွားပြီ။ သွားလို့လည်း ရနေပြီ။ အခုကျွန်တော်တို့က တရုတ်နဲ့ဆက်ပြီးတော့ Cross Border Transport အတွက် ဆက်ပြီးတော့ ညှိနှိုင်းနေတယ်။ အဲဒါကတော့ လက်မှတ်ထိုးနိုင်တဲ့အဆင့်ကိုတော့ ရောက်နေပြီ။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်နောက်ဆုံး တွေ့ဆုံညှိနှိုင်းမှုပြီးရင်တော့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဒါကို တာဝန်ခံပြီးတော့ လက်မှတ်ထိုးတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ အဲဒီအတွက် ပို့ဆောင်ရေးပိုင်းလည်း ချော့မွေ့သွားမယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့က တရုတ်- မြန်မာ၊ ထိုင်း- မြန်မာ၊ အိန္ဒိယ- မြန်မာ ဆိုပြီးပဲ ကြည်တာထက်စာရင်(ဥပမာ- တရုတ်နဲ့ထိုင်းက ကုန်သွယ်မှုပိုင်းမှာ ဘီလျံ(၁ဝဝ) လောက်ရှိတယ်။ အဲဒီတော့ တရုတ်- ထိုင်းရဲ့ ဘီလျံ(၁ဝဝ) ကုန်သွယ်မှုက ထိုင်းနိုင်ငံအနောက်ပိုင်းက ထွက်တဲ့ ကုန်စည်တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ချင်တယ်ဆိုရင် အခုပို့နေရတာက ပင်လယ်ကြီး တစ်ပတ်ကြီး ပတ်မောင်းပြီးတော့မှ တရုတ်နိုင်ငံအရှေ့ဆိပ်ကမ်းကနေမှ ယူနန်ပြည်နယ်ထဲကို သယ်နေရတာ) အဲဒီတော့ အခုလိုနှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီးပြီဆိုရင် မြန်မာနိုင်ငံက ကုန်စည်က မြဝတီကိုဖြတ်ပြီး မူဆယ်ကနေ တရုတ်နိုင်ငံဆီ တန်းပို့လိုက်မယ်ဆိုရင် ယူနန်ပြည်နယ်ထဲကို နှစ်ရက်၊ သုံးရက် လောက်ဆိုရင် ကုန်စည်က ရောက်သွားပြီ။ အဲဒီလိုတွေဖြစ်ဖို့အတွက် ကျွန်တော်တို့က နယ်စပ်ဖြတ်သန်းခွင့်(Cross Border) လုပ်ဖို့ သဘောတူစာချုပ်တွေ လက်မှတ်ထိုးဖို့ရှိတယ်။ ထိုင်းနိုင်ငံနဲ့က လက်မှတ်ထိုးပြီးသွးပြီ။ တရုတ်နိုင်ငံနဲ့က မကြာခင် ကျွန်တော်တို့ လက်မှတ်ထိုးနိုင်ဖို့ကို မျှော်လင့်တယ်။ အဲဒါတွေပြီးသွားရင် ကျွန်တော်တို့နိုင်ငံသားတွေက ဘာအခွင့်အလမ်းရမလဲဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ သယ်ယူပို့ဆောင်ရေးလုပ်တဲ့ နိုင်ငံသားတွေရော၊ ပို့ဆောင်မှုလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ စားသောက်ဆိုင်တွေရော အကျိုးရမယ်။ အလားတူပဲ နှစ်ဖက်နိုင်ငံကုန်သွယ်မှုတွေမှာ တရုတ်နဲ့ထိုင်းက ဘီလံ(၁ဝဝ) ကျော်၊ အိန္ဒိယနဲ့ တရုတ်က တစ်နှစ်ကို ဘီလျံ(၉ဝ) ကျော်လောက်နဲ့ အိန္ဒိယ-ထိုင်း ဆိုရင်လည်း တစ်နှစ်ကို (၁ဝ) ဘီလျံလောက်ရှိတယ်။ အဲဒီတော့ အိန္ဒိယကလည်း သိပ်ကို ဆန္ဒပြင်းပြတာက မြန်မာနိုင်ငံကိုဖြတ်သန်းပြီးတော့မှ ထိုင်းနိုင်ငံနဲ့ကုန်သွယ်မှုလုပ်ဖို့ပေါ့။ AH-1(Asian Highway One) က ကျွန်တော်တို့နိုင်ငံကို အိန္ဒိယနဲ့စာရင် တမူးကနေ ဖြတ်တာပေါ့။ မြဝတီကိုဖြတ်တယ်ပေါ့။ အဲဒီကိစ္စကို အိန္ဒိယက အရမ်းကိုလုပ်ချင်နေပြီ။ လုပ်ဖြစ်လို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်က ပထဝီအနေအထားပေါ်မူတည်ပြီး နယ်စပ်ကုန်သွယ်ရေးက ရမယ့်အကျိုးအမြတ်တွေ အများကြီးရှိတယ်။ အဲဒါကြောင့် အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ဝန်ကြီးဌာနက ဆက်လက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ တကယ်တမ်း နယ်စပ်ကုန်သွယ်ရေးကို အကောင်အထည်ဖော်နေတာကတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လုပ်ဆောင်ပေးနေပါတယ်။

မေး ။ ။ အိမ်နီးချင်းနိုင်ငံတွေကဘက်က ကျွန်တော်တို့ဆီက ပို့ကုန်တွေကို လိုရင်လိုသလို မလိုရင်မလို သလိုမျိုး ကစားလာတာကိုတွေ့နေရတယ်။ အဲဒီတော့ ညှိနှိုင်းမှုတွေလုပ်ဆောင်နေ တယ်ဆိုတဲ့အပိုင်းမှာ မြန်မာပြည်ကထွက်တဲ့ ပစ္စည်းတွေကို လိုသလိုကစားနေတဲ့ ကိစ္စတွေကို ထည့်မဆွေးနွေးသင့်ဘူးလား။
ဖြေ ။ ။ အမှန်ကတော့ ဒီလိုဗျ။ ညှိနှိုင်းလို့မရတာမဟုတ်ဘူး ရတယ်။ တဖက်က မျိုးစုံကစား တယ်ဆိုတာမှာ ကျွန်တော်တို့အဓိကဖြစ်တဲ့ပြဿနာဆိုတာက အရည်အသွေးပိုင်း ပြဿနာဖြစ်တာ။ အရည်အသွေးဖြစ်တဲ့ပြဿနာမှာကလည်း နှစ်မျိုးရှိတယ်။ အဓိက ပို့ကုန်လုပ်ငန်းရှင်တွေက ၂ဝဝဝ ခုနှစ်လောက်က အနေအထားနဲ့ ၂ဝ၁ဝ လောက်က အနေအထား၊ ကျွန်တော် ၂ဝဝဝ နဲ့ ၂ဝ၁ဝ ကြား စီးပွားကူးသန်းမှာ တာဝန်ယူစဉ်တုန်းက ကျွန်တော်တို့ဆီက ပို့တဲ့ပစ္စည်းဆိုလို့ရှိရင် တရုတ်က ဘာမှချေးမများဘူး (ဥပမာ- ကျွန်တော်တို့ဆီကနေ သစ်သီးဝလံ ဟင်းသီးဟင်းရွက် ပို့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဘက်ကနေ သီးနှံမှာ ရောဂါပိုးများ ကင်းရှင်းပါတယ်ဆိုတဲ့အထောက်အထားကို ပေးရသလို၊ ဒါဟာလည်း ဘယ်နိုင်ငံကို ပို့ိပို့ ပစ္စည်းတင်သွင်းတဲ့နိုင်ငံတိုင်းက တောင်းလေ့ရှိတယ်။ ရေထွက်ပစ္စည်းတင်ပို့မယ်ဆိုရင်လည်း ဒါသည် လူစားသုံးရန် အာမခံသည်ဆိုတဲ့အထောက်အထားကို ဘယ်နိုင်ငံက ဖြစ်ဖြစ်တောင်းလေ့ရှိတယ်။ အဲဒါတွေ မပါရင် ပို့လို့ကို မရဘူး။ ဒါပေမယ့် ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁ဝ ကြားမှာဆိုရင် တရုတ်နိုင်ငံမှာက ဈေးကွက်လိုအပ်ချက်ကလည်း အင်မတန်ကြီးမားတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က ပို့တဲ့ ပို့ကုန် ကုန်ပစ္စည်းတိုင်းကို သိပ်ပြီးတော့ချေးမများဘူး။ ကျွန်တော်တို့ပို့လိုက်ရင် ဘာဖြစ်ဖြစ် ပို့လို့ရသလို ဘာအထောက်အထား လက်မှတ်မှလည်း မတောင်းဘူး။ ကျွန်တော်တစ်ခါကြုံခဲ့ဖူးတာ ၂ဝဝ၉ ခုနှစ်က နယ်စပ်ကုန်သွယ်ရေးပိုင်းကို ပုံမှန်ကုန်သွယ်ရေးကဲ့သို့ လုပ်ကြမယ်ဆိုပြီးတော့ Document တွေကို စပြီးကျင့်ဖို့လုပ်ကြည့်တဲ့အခါမှာ ဒီဘက်ကပေးလိုက်တဲ့ အဲဒီတုန်းက (သက်ရက်သီးပို့ခဲ့တာ) အာမခံချက်အထောက်အထားတွေကို ထည့်ပေးလိုက်တာကို တဖက်က တရုတ်ဝယ်လက်တွေက စာရွက်တွေကို လမ်းပေါ်လွှတ်ပစ်ခဲ့တယ်။ သူတို့က ဒါတွေမလိုဘူး သူတို့အသီးရရင် ရပြီဆိုတာမျိုးပေါ့။ ဒီလိုအနေအထားမျိုးနဲ့ကျင်လည်ခဲ့ကြတာပေါ့။ ဒါပေမယ့် ၂ဝ၁ဝ နောက်ပိုင်းကျတော့ တရုတ်နိုင်ငံက တိုင်းပြည်က ချမ်းသာလာတော့ အစားအသောက်မှာ ဘေးအန္တရာယ်ကင်းရှင်းမှု၊ အရည်အသွေးကောင်းမွန်မှုပိုင်းကို ပုံစံက ပြောင်းလာတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက ပို့ကုန်လုပ်ငန်းရှင်အများစုက တစ်ဖက်က ကုန်ဝယ်နိုင်ငံရဲ့ပြောင်းသွားတဲ့ အနေအထားကို သတိမမူမိ ဘူး။ အရင်တုန်းကလည်း ဒီလိုပို့နေတာပဲ အခုလည်း ဒီလိုပို့မယ်။ နားလည်အောင်ပြောရရင် တဖက်က ချေးများလာတယ်ပေါ့ဗျာ။ ငွေကြေးကလည်း တောင့်တင်းလာကြသလို လူတွေကလည်း ဝင်ငွေကောင်းလာကြတယ်ဆိုတော့ ကောင်းတာကို ပိုစားလာကြတယ်ပေါ့။ ဥပမာ- တရုတ်နိုင်ငံဆိုရင် ဝက်သားကို အဓိကစားကြတယ်။ ဒါပေမယ့် အခုတရုတ်က ဝက်သားကို အဓိကမစားကြတော့ဘူး။ သူတို့အဓိကစားတဲ့အသားက အမဲသားဖြစ်သွားပြီ။ နိုင်ငံခြားကနေကို သွင်းစားကြတယ်။ ဆိုလိုတာက သူတို့ရဲ့နေထိုင်မှုပုံစံတွေက တိုင်းပြည်ချမ်းသာလာတော့ တစ်ယောက်ချင်းစီရဲ့နေထိုင်မှုပုံစံက အစ ပြောင်းသွားတယ်။) ပြာရမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ပစ္စည်းတင်ပို့တဲ့ကုန်သည်တွေက ပစ္စည်းပို့တဲ့အခါမှာ အရင်လိုပဲ အရည်အသွေး(Quality) ပိုင်းကို ဟိုဘက်က ဈေးကွက်လိုလားချက်အတိုင်း လုပ်နိုင်မှရမှာ။ အချို့လည်းလုပ်နိုင်ပါတယ်။ အားလုံးက မလုပ်နိုင်ကြသေးဘူး။ ဘာတွေဖြစ်လေ့ဖြစ်ထရှိနေလဲဆိုရင် ဒီဘက်က ပို့လိုက်တဲ့ပစ္စည်းရဲ့ အရည်အသွေးက ဟိုဘက်ကိုနောက်ဆုံးပြောင်းလဲသွားတဲ့အရည်အသွေးနဲ့ သဟဇာတမဖြစ်တဲ့အခါမှာ ငြင်းပယ်ခံရတာမျိုးတွေနဲ့ကြုံတယ်ပေါ့။
နံပါတ်နှစ်အချက်ကတော့ အချို့သော ပို့ကုန်လုပ်ငန်းရှင်အနည်းစုပေါ့ သူတို့ရဲ့မရိုးသားမှုတွေ ရှိတယ်။ ဥပမာ- ဖရဲသီးပို့တယ်ဆိုရင် သတ်မှတ်တဲ့ စံချိန်စံနှုန်းမီတာကို ကားပေါ်တင်တယ်။ တခြားသိပ်မကောင်းတာတွေနဲ့ အနုတွေကိုကျတော့ ကားအောက်မှာထည့်ပြီးပို့တော့ တရုတ်ကလည်း ခံရပေါင်းများလာတော့ သူတို့ဘက်က ဒါကိုချေးများလာတာပေါ့။ မြန်မာပြည်ဘက်က ပို့လိုက်တဲ့ ပို့ကုန်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်သက်သက်ကို ညစ်မယ်ဆိုတဲ့ဟာမျိုးကတော့ တော်တော်လေးကို နည်းသွားပါပြီ။ အဲဒီတော့ ကျွန်တော်တို့က ဘာလုပ်လို့ရလဲဆိုတော့ တရုတ်ပြည်ကို ပို့ကုန် ပို့မယ်ဆိုရင် သူတို့ဘက်မှာ General Administration Custom China (GACC) ဆိုတာ ရှိတယ်။ GACC ဆိုတာက တရုတ်နိုင်ငံရဲ့အကောက်ခွန်နဲ့ ကုန်သွယ်မှုပိုင်းဆိုင်းရာအားလုံးကို ကိုင်တွယ်တဲ့ဟာဖြစ်တယ်။ (ဥပမာ- မြန်မာပြည်က ဆန်စက်တွေက တရုတ်ပြည်ကိုတင်ပို့မယ်ဆိုရင် အရင်တုန်းက ဒီအတိုင်းပဲ ပို့လို့ရတယ်။ အခုကတော့ တရုတ်ပြည်ကို တရားဝင်ပို့မယ်ဆိုရင် သူတို့အဖွဲ့က ပို့မယ့်ဆန်စက်တွေကို လာစစ်တယ်။ သူတို့လိုလာတဲ့ စံချိန်စံညွှန်းမှီအောင်ထိ ကြိတ်နိုင်တဲ့ စက်တွေလည်း ဆိုတာကို လာစစ်တယ်။ သူတို့စစ်လိုက်တဲ့ အောင်မြင်တဲ့ စက်ရုံက ဆန်ကိုပဲ တရားဝင်လမ်းကြောင်းကနေ တရုတ်နိုင်ငံကို တင်ပို့လို့ရတယ်။ အဲဒီလိုတွေဖြစ်လာတယ်။ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ပြဿနာက တဖက်နိုင်ငံ ဈေးကွက်ရဲ့လိုလားချက်ပြောင်းလဲသွားတာကို ကိုယ့်ဘက်က မသိမိတာတွေရယ်၊ ကျွန်တော်တို့ဘက်က အချို့သော အနည်းငယ်သော လူပုဂ္ဂိုလ်တွေရဲ့ မရိုးသားမှုတွေကကြောင့်လည်းဖြစ်တယ်။ ညှိနှိုင်းမှုမှာလည်း ကျွန်တော်တို့ဘက်က ဘာလုပ်ရလဲဆိုတော့ GACC နဲ့ ညှိမယ့်ကိစ္စမှာဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိကြတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနကတော့ အဆိုပြုပေးရတယ်။ ဒီလိုတွေတော့ လုပ်ပေးရပါတယ်။

မေး ။ ။ ဆိုတော့ နယ်စပ်ကုန်သွယ်ရေးပိုင်းက ကိုယ့်နိုင်ငံမှာကိုက အားနည်းချက်တွေရှိနေ ပေါ့။ ပစ္စည်းပို့တဲ့ တောင်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အသိ ပညာပေးမှုပိုင်း၊ ဖြန့်ဝေမှုပိုင်းအားနည်းနေတာမျိုးလား။
ဖြေ ။ ။ မှန်တယ်။ အဲဒီဘက်ပိုင်းမှာက အသိပညာပေးဖို့လိုတယ်။ (ဥပမာ- ကျွန် တော်ကိုယ်တွေ့ ဘာကြုံဖူးလဲ ဆိုတော့ စီးပွားကူးသန်းမှာ ရှိစဉ်တုန်းက ကြာတော့ကြာခဲ့ပါပြီ။ ကျွန်တော်တို့ဆီက ကုန်သည်တွေက ထုတ်ပိုးမှုပိုင်းကို သေချာမလုပ်ကြဘူး။ အဲဒီတော့ ပို့တဲ့လုပ်ငန်းရှင်တွေကလည်း ကားတစ်စီးမှာ သရက်သီးအလုံးများများ ပါသွားဖို့လိုတယ်ဆိုပြီး အလုံးရေများများထည့်နိုင်ဖို့အတွက်ပဲ။ ဖာတောင်းထဲကို သရက်သီးထည့်တယ်။ အပေါ်ကနေ တက်နင်းတယ်။ နောက်တစ်ဖာထပ်တင် တက်နင်းပေါ့။ များများတင်နိုင်အောင်အတွက်ပေ့ါ။ ဆိုလိုတာကတော့ ကိုယ့်ဘက်ကက အသိပညာပိုင်းတော့ ကိုယ့်ရဲ့သရက်သီးအလုံးတွေ လှဖို့၊ သပ်သပ်ရပ်ရပ်ဖြစ်ဖို့၊ ထုတ်ပိုးမှုကောင်းဖို့တွေကို ကျွန်တော်တို့ဘက်က ပို့ကုန်တင်ပို့သူတွေကို အသိပညာပေးမှုပိုင်ပေါ့။ အရင်ထက်စာရင်တော့ တော်တော်လေးလည်း သိလာပါပြီ။ သို့သော် လည်းပဲ ရာနှုန်းပြည့်က ခုချိန်ထိ Awarness မရကြသေးဘူး။ သူတို့ို အသိပညာပေးမှုပိုင်းကို အထူးလုပ်ပေးဖို့တော့ လိုနေတယ်။ အထူးအားဖြင့် တဖက်က လိုလားတဲ့အရည်အသွေးကို ဘယ်လိုဆက်လုပ်နိုင်မလဲဆိုတာကို ဆွေးနွေးဖို့လိုသလို ပညာပေးဖို့တွေကတော့ အများကြီးလိုနေပါသေး

မေး ။ ။ အကြပ်အတည်းကာလမှာ ဝန်ကြီးဌာနကို ဦးဆောင်ရတဲ့လူတစ်ယောက်အနေနဲ့ နိုင်ငံတကာကလည်း မူဝါဒမျိုးစုံရှိတဲ့အတွက် လမ်းကြောင်းရှာရတာခက်ခဲတာရှိလား။
ဖြေ ။ ။ တိုင်းပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားအရ နိုင်ငံတကာနဲ့ဆက် ဆံရတာ ပုံမှန်အနေအထားတော့မရှိဘူး။ နည်းဗျူဟာမျိုးစုံကို ပြောင်းရတာပေါ့။ နိုင် ငံတကာနဲ့ဆက်ဆံတဲ့အခါ ချောချောမွေ့မွေ့ဖြစ်အောင်လို့ အနေအထားမျိုးစုံပေါ်မူ တည်ပြီးတော့မှ နည်းဗျူဟာမျိုးစုံပြောင်းလဲကျင့်သုံးပြီးတော့ လုပ်ကိုင်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းတာကဘာလည်းဆိုတော့ ကပ်ဘိနပ်မှာ နစက ကောင်စီရဲ့ နိုင်ငံဝန်ထမ်းဘဝမျိုးစုံက ဖြတ်သန်းပြီးတော့ လုပ်ကြတာဆိုတော့ ဘာကောင်း လည်းဆိုတော့ ဝန်ကြီးဌာနတွေရဲ့ performance ကပိုပြီးတော့ ကောင်းလာတယ်။ ဝန်ကြီးအချင်းချင်းပေါင်းစပ်ညှိနှိုင်းတဲ့ကိစ္စလေးတွေကအများကြီးကောင်းတယ်။ အခုကျွန်တော်တို့အလုပ်လုပ်တာက ရုံးမဆန်ဘူးပေါ့။ ဝန်ကြီးတစ်ယောက်နဲ့တစ်ယောက်က ကိစ္စတစ်ခုခု ညှိနှိုင်းမယ်ဆိုရင် တစ်ခါတလေတယ်လီ ဖုန်းဆက်ပြီးတော့ ဒါလေးလုပ်ကိုင်ပေးပါ။ ဒီကိစ္စဒီလိုလေးပူးပေါင်းဆောင်ရွက် ပေးပါဆိုလို့ရှိရင် ဟိုဘက်ကလည်း ချက်ချင်းလုပ်ပေးတယ်။ အစိုးရအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အများကြီးကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း တစ်ယောက်ခက်ရင် တစ်ယောက်ဝိုင်း ကူဖို့ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတဲ့အပိုင်း တော်တော်ကောင်း တယ်။ နစက ဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေကြား လုပ်ကိုင်တဲ့အပိုင်းမှာလည်း ဆုံးဖြတ်ချက်ပေးတာမှာ မှန်မှန်နဲ့မြန်မြန်ပေးနိုင်တယ်။ တစ်ခုခုအခက်အခဲပေါ်လာရင် အစည်းအဝေးတွေတင်ပြ ဝိုင်းဆွေးနွေးဆုံးဖြတ်တာမျိုး မူပိုင်းဆိုင်ရာကိစ္စတွေ လုပ်တာမျိုး ၊ ချက်ချင်းလုပ်ရမယ့်ကိစ္စတွေဆို ဥက္ကဋ္ဌ သွားတင်ပြ ဆုံးဖြတ်ခိုင်းပြီး ဝန်ကြီးဌာနတွေ ပေါင်းစပ်လိုက်ရင် လုပ်ငန်းလေးက မြန်မြန်လေးပြီးသွားတယ်ပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့သည် အပြင်နဲ့ပတ်သက်လာလို့ရှိရင် ပုံမှန်အနေအထားမဟုတ်တဲ့အတွက် ကြောင့်မို့ နည်းဗျူဟာမျိုးစုံပြောင်းလဲကျင့်သုံးရသလို အတွင်းပိုင်းရဲ့ ပေါင်းစပ်ညှိနှိုင်းမှု ၊ ပူးပေါင်းဆောင် ရွက်မှုကအများကြီးကောင်းတယ်။ အဲ့ဒီတော့လုပ်ရကိုင်ရတာ ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခုပေါင်းစပ်ညှိနှိုင်း ရတာတော်တော်လေးကို ကောင်းတာတွေ့ရတယ်။ အဲ့ဒါက ကျွန်တော်တို့အတွက် အားသာချက်တစ် ခုပေါ့။ အပြင်နဲ့ဆက်ဆံတဲ့အပိုင်းမှာ ပြင်ရဆင်ရတဲ့အပိုင်းမှာ အတွင်းပိုင်းက ပူးပေါင်းဆောင်ရွက်မှုအပိုင်းက ပြန်ပြီးအထောက်အကူပေးတဲ့အနေအထားမျိုးတော့ရှိတယ်။

မေး ။ ။ အကြပ်အတည်းကာလမှာမှ ဇနီးကလည်း ဆုံးပါးသွားပြီးတော့ ဒီကာလမျိုးမှာမှ ဝန်ကြီးတာဝန်ကို ထမ်းဆောင်ရတာဆိုတော့ မိတ်ဆွေအပေါင်းများစွာရဲ့ကြားထဲ ရုတ်တရတ်ဒါကို ထမ်းဆောင်ရတဲ့အတွက် ကိုကိုယ်တိုင် စိတ်ပိုင်းဖြတ်ပြီးတော့ မဖြစ်မနေဆောင်ရွက်ပြီးတော့တာဝန် ထမ်းဆောင်တဲ့အပိုင်းကဘာများဖြစ်မလဲပေါ့။
ဖြေ ။ ။ အဓိကတော့တိုင်းပြည်အတွက်ပဲစဉ်းစားတယ်။ နစက တာဝန်ယူလိုက်တဲ့အချိန်မှာ ကျွန်တော့်ကို ဒီတာဝန်ပေးတယ်။ ဒီတာဝန်ပေးတဲ့အပိုင်းမှာ စိန်ခေါ်မှုမျိုးစုံရှိတာပေါ့။ ဇနီးဆုံးပါးပြီး ရက်ပိုင်းအတွင်းမှာ တာဝန်ပေးခံရတယ်။ သို့သော်လည်းပဲ ကျွန်တော့်ရဲ့ စိတ်ပိုင်းဖြတ်မှုကတော့ ဘာဖြစ်ဖြစ် ကိုယ်တာဝန်ယူရတဲ့အပိုင်းမှာ ကိုယ်တတ်နိုင်သမျှကြိုးစားပြီးတော့ လုပ်မယ်။ ကိုယ်လုပ်သ မျှအားလုံးသည် တိုင်းပြည်အကျိုးအတွက်ကိုပဲဦးတည်လုပ်မယ်။ လက်ရှိအစိုးရကလည်း လမ်းကြောင်း က ပွင့်ပွင့်လင်းလင်းချပြထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို ကိုယ်နိုင်သလောက် ဝိုင်းလုပ်လို့ရှိရင် တိုင်းပြည်က အကောင်းဘက်ကို သေချာပေါက်ဦးတည်မယ်ဆိုပြီးတော့မှ ကျွန်တော့ စိတ်ပိုင်းဖြတ်မှုပေါ့။ ကျွန်တော်တင်မဟုတ်ပါဘူး။ကျွန်တော့်လိုပဲ ကျန်တဲ့ပြည်ထောင်စုဝန်ကြီးအချို့ဆို ရင်လည်း ပုဂ္ဂိုလ်ရေးအရ စိန်ခေါ်မှုမျိုးစုံရှိပါတယ်။ သို့သော်လည်းပဲ ဒီစေတနာတစ်ခုတည်းနဲ့ အားလုံးဝိုင်းပြီးတော့ လုပ်နေကြတာပေါ့။ အားလုံးက ကိုယ့်စိတ်ကို အပြုသဘောဆောင်တဲ့စိတ်မွေးပြီး တော့လုပ်ကြတာပေါ့။

မေး ။ ။ အထူးသဖြင့်တော့ ဒီကာလမှာ တာဝန်ထမ်းဆောင်တဲ့ဝန်ကြီးအနေနဲ့က နာမည် ကောင်းရဖို့ခက်ပါတယ်။ ဘာအတွက် ဒီတာဝန်ကို ယူရဲတာလည်းဆိုတာကို ပြည်သူလူထုကို ဘယ်လိုပြန် ဖြေချင်ပါသလဲ။
ဖြေ ။ ။ အခုတာဝန်ပေးခံရတာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပေါ့နော်။ ဒီလုပ်ငန်းသည် သမ္မတကြီးဦးသိန်းစိန်လက်ထက်ရော၊ ပြီးခဲ့တဲ့ သမ္မတကြီးဦးဝင်းမြင့်လက် ထက်ရော ဒီတာဝန်တွေကို အဓိကထမ်းဆောင်ခဲ့တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်း တတ်နိုင် သမျှကြိုးစားပြီးတော့ လုပ်ခဲ့ရတာဆိုတော့ လုပ်ခဲ့တဲ့အတွေ့အကြုံရယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းအပေါ်ကိုယ်ထားတဲ့စေတနာရယ်၊ ကျွန်တော့်ကို ပြည်ထောင်စုဝန်ကြီးတာဝန်ပေးတဲ့အတွက်ကြောင့်မို့ ယခင်အစိုးရနှစ်ဆက်မှာလုပ်ခဲ့နိုင်တာထက်ကို တိုင်းပြည်အတွက်ပိုလုပ်နိုင်မယ် ဆိုတဲ့ခံယူချက်ပါပဲ။ ပြီးခဲ့တဲ့ နှစ်ဆက်မှာလည်း ကြိုးစားလုပ်ခဲ့တယ်။ အခုလည်း ကိုယ်ကျွမ်းကျင်ပြီးသား ကိုယ်လုပ်နေကျလုပ်ငန်းပဲ ၊ နိုင်ငံတကာနဲ့လက်တွဲလုပ်ခဲ့ဖူးတယ်။ အာဆီယံဆိုရင်လည်း ၂ဝ၁၂ တည်းက စပြီးတော့ တာဝန်မျိုးစုံယူခဲ့တယ်။ မိတ်ဆွေရင်းနှီးမှုတွေရှိတော့ ဒါကိုအသုံးချလို့ရနိုင်မယ်။ တိုင်းပြည်အတွက်ဆက်ပြီးတည်ဆောက်တဲ့အပိုင်းမှာ ဒါကလည်း ကိုယ့်အား သာချက်တစ်ခုရှိတယ်။ ဒီတာဝန်ယူကတည်းက နာမည်ရဖို့ မရှိပါဘူး။ ဆွေမျိုးအရင်းထဲကတောင် ပေါင်းသင်းဆက်ဆံမလုပ်ခဲ့တဲ့အမျိုးတွေအများကြီးရှိတယ်။ ဒါပေမယ့်ပြဿနာမရှိဘူး။ ကျွန်တော်တို့က စေတနာမှန်ဖို့ပဲလိုတယ်။ စေတနာမှန်မှန်နဲ့ပဲ ရွှေဟင်္သာဆရာတော်ကြီးဆုံးမသလို “အများအကျိုးရွက်သယ်ပိုးက ခနိုးခနဲ့ဆိုခဲ့ရဲ့လည်း၊မရွဲ့မဆောင်းကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနဲ့ချီ ရှေးရှုနေလော့” ဒါကကျွန်တော့်ရဲ့ခံယူချက်ပါပဲ။ ဒီတိုင်းဘဲသွားနေတာပါပဲ။

မေး ။ ။ ဒီကာလမျိုးမှာလူတွေအားလုံးက ငွေကြေးလိုအပ်ချက်တွေအများကြီးရှိတယ်။ ချေးငွေထုတ်ပေးဖို့ လူပေါင်းများစွာရဲ့ complain များစွာရှိနိုင်တယ်။ ဘယ်လိုကဏ္ဍတွေကနေ များစွာ ပြောကြတာရှိလဲ။
ဖြေ ။ ။ အဓိကတော့ ချေးငွေဆိုတာက အလကားပေးလိုက်တာမဟုတ်ဘူး။ ချေးငွေချေးတာ နိုင်ငံတော်ပိုင်တဲ့ငွေဖြစ်တယ်။ ဘဏ်က နေပေးရတာဖြစ်တယ်။ ဘဏ်ရဲ့စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းရှိတယ်။ စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းအပြင် နိုင်ငံတော်က ပေးတဲ့ငွေတွေကို မဆုံးရှုံးအောင် စိစစ်ရတယ်။ဒီလုပ်ငန်းကို ငွေပေးလိုက်ရင် သူ့အခြေအနေကြည့်တာဘယ်လိုမှအခြေအနေမကောင်းတာကို သွားပေးလိုက်လို့ရှိရင် ဒါက ချေးတဲ့လူရဲ့အပြစ်ဖြစ်သွားမယ်။ ချေးလိုက်ပြီဆိုတာနဲ့ နိုင်ငံတော်ငွေဆုံးရှှုံးသွားမယ်။ ချေးတဲ့လူက နိုင်ငံတော်ငွေကို ပေါ့တီး ပေါ့ဆနဲ့ပေးလိုက်လို့ဆုံးရှှုံးတာမျိုးဖြစ်သွားနိုင်တယ်။ အဲ့ဒီလိုမျိုးမဖြစ်အောင် စိစစ်ရတယ်။ လူတိုင်းကလည်း ချေးငွေဆိုတော့ လိုချင်ကြတာပေါ့။ အကုန်လုံးကလည်း သက်တောင့်သက်သာလေးဆိုတော့ လိုချင်ကြတာပေါ့။ တကယ်လည်း နိုင်ငံတော်ကလည်း ပိုက်ဆံချမ်းသာတဲ့နိုင်ငံဆိုရင် ပေးချင်တာပေါ့။
ဒါပေမယ့်လည်း ကျွန်တော်တို့မှာ အချက်အလက်တွေ သတ်မှတ်ရတယ်။ ဘယ်လိုအချက်အလက်အကျုံးဝင် မှပေးမယ်။ သတ်မှတ်တဲ့အချက်အလက်နဲ့အကျုံးဝင်သွားရင်တော့ရတာပေါ့။ တစ်ချို့လည်းမရဘူး။ လုပ်ငန်းရှင်တစ်ချို့လည်း ကုမ္ပဏီတောင် အသင့်အတင့်ကြီးပါတယ်။သူတို့ချေးငွေမရဘူး။ ဘာကြောင့်မရလည်း မကျေနပ်ဘူးပေါ့။ ကုမ္ပဏီကြီးသားဆိုသော်ငြားလည်း သူ့မှာဆွဲထားတဲ့ ငွေစာရင်းဆိုင်ရာ ကိစ္စတွေက ဘယ်လိုမှမှန်ကန်မှုတွေ၊ ယုံကြည်လက်ခံလို့မရဘူး။ ဒါကမမှန်မကန်ဆွဲထားတဲ့ငွေစာရင်းဆိုတာတွေ့ရတယ်။ ငွေတွေကလည်း အခြားဘဏ်တွေမှာ ချေးထားတာအများကြီး။ ဒီမှာလည်း ကြည့်လိုက်ရင် စာရင်းဇယားတွေက မှန်ကန်မှုက တော်တော်လေး အားနည်းတယ်ပေါ့။ အဲ့လိုလူကို ထပ်ပြီးတော့သွားချေးမိလိုက်ရင် ကျွန်တော်တို့ပြန်ရနိုင်ချေနည်းတာပေါ့။ ဒါကြောင့်လည်း အဲ့လိုအချက်တွေနဲ့ကန့်သတ်ပြီးတော့ လုပ်ရတဲ့အတွက်ကြောင့်မို့လို့ မရတဲ့လူတွေရဲ့ ဝေဖန်မှုရှိခဲ့တယ်။ ရတဲ့လူတွေကလည်း သူတို့ လုပ်ငန်းကြီးက ဒီလောက်ကြီးတာ သန်း (၁ဝဝ) လောက်လိုတာကို ချေးတော့ (၁ဝ) သန်းပဲချေးတယ်။ မစို့မပို့ ဆင့်ပါးစပ်နှမ်းနဲ့ပတ်တယ်ဆိုတဲ့ ဝေဖန်မှုလည်းရှိခဲ့တယ်။ နိုင်ငံတော်ဘက်က စဉ်းစားတဲ့အပိုင်းကျတော့ လူတစ်ယောက်တည်းကို ချေးတာထက်စာရင် သူ့လိုပဲလိုတဲ့လူတွေကို ကျွန်တော်တို့က ရှိတဲ့ငွေထဲက ဖြန့်ပြီးတော့ ချေးလိုက်တာက ပိုပြီးတော့ သဘာဝကျမယ်ပေါ့။ ဒီလိုလေးစဉ်းစားပြီးတော့ ကျွန်တော်တို့က လုပ်ပေးတာဖြစ်တယ်။
နံပါတ် (၁) ကတော့ ချေးငွေမရတဲ့လူတွေရဲ့ ဝေဖန်မှုရှိတာပေါ့။ နံပါတ် (၂) ကတော့ ချေးငွေရသော်ငြားလည်းပဲ လိုသလောက်မရတဲ့လူတွေရဲ့ ဝေဖန်မှုတွေရှိတာပေါ့။ ဒီလိုတွေရှိပေမယ့် ကိုယ်ကမှန်မှန်ကန်ကန်လေးနဲ့ပဲ နိုင်ငံတော်ငွေမဆုံးရှှုံးဖို့ ဦးတည်ပြီးတော့လုပ်ပေးတာဖြစ်တယ်။ တစ်ဖက်ကလည်း လုပ်ငန်းရှင်တွေကို ငွေကြေးအထောက်အပံ့ရစေဖို့ပေါ့။ တစ်ဖက်ကလည်း နိုင်ငံတော်မဆုံးရှုံးအောင် မျှပြီးတော့ လုပ်ရတယ်။

မေး ။ ။ စိုက်ပျိုးမွေးမြူရေးကို ချေးငွေထုတ်ပေးသလို အခြားကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေးတို့၊ ခရီးသွားတို့၊ အခြားကဏ္ဍများစွာကလည်းထိခိုက်မှုတွေရှိပေမယ့် သူတို့တွေကလည်း ဘာကြောင့် ငါတို့ ကဏ္ဍကမပါသေးတာလည်း၊ ပစ်ထားတာလည်းဆိုတာမျိုးတွေရှိနိုင်ပါတယ်။ ဒီအပေါ်ကို ဘယ်လိုများ ယူဆပါသလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက ခရီးသွားကဏ္ဍ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ SME မျိုးစုံချေးပေးတယ်။ မွေးမြူရေး၊ အထည်ချုပ်တော်တော်များများကို ချေးပေးခဲ့တယ်။ အခုကျတော့ ချေးငွေအပေါ်ပိုပြီး ထိရောက်အောင်စဉ်းစားတယ်။ မရသေးတဲ့ကဏ္ဍတွေကတော့ တစ်ချို့လည်း နည်းနည်း မကြေမလည်တော့ရှိကောင်းရှိနိုင်တာပေါ့။ ကျွန်တော်တို့က ချေးတဲ့ ချေးငွေသည် supply chain တစ်ခုလုံးကို သက်ရောက်မှုရှိတာကို ဦးစားပေးတာကြောင့်မို့လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ မူလစဉ်းစားထားတဲ့စဉ်းစားချက်အတိုင်းပဲ ဆက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ နိုင်ငံ့စီးပွားရေးရဲ့ Front Line မှာနေရတဲ့ ဝန်ကြီးဌာနတစ်ခုအနေနဲ့ စီးပွားရေးကောင်းဖို့အတွက် ဘာတွေလုပ်နေပြီဆိုတဲ့သတင်းစကား ပြည်သူတွေကို ပေးချင်ပါသလဲ။
ဖြေ ။ ။ နစကအစိုးရက စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ စဉ်းစားတယ်။ နံပါတ် (၁) က စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်တွေ သက်သာအောင်ဖန်တီးပေးမယ်။ ဘယ်လိုလုပ်ရင် သူ တို့တွေသက်တောင့်သက်သာရှိမလဲ ဒါမျိုးတွေစဉ်းစားပေးတယ်။ လုပ်ထုံးလုပ်နည်းဖြေလျော့ပေးတယ်။ နံပါတ် (၂) က စီးပွားရေးလုပ်ငန်းတစ်ခုချင်းဝင်ငွေတိုးလာအောင် ကြိုးစားပြီးတော့ လုပ်ပေးနေတယ်။ နံပါတ် (၃)အချက်က စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ပိုပွင့်လာအောင် လုပ်နေတယ်။ ဒီအခြေအနေ (၃)ခုအပေါ်စဉ်းစားပြီးတော့ လုပ်ပေးနေတယ်။
လက်ရှိတော့ကိုဗစ်ရဲ့ သက်ရောက်မှုကြောင့် တိုင်းပြည်ရဲ့စီးပွားရေးမကောင်းသေးတာတော့ အမှန်ပါပဲ။ ရုန်းထွက်ပြီးတော့ ဦးပြန်မော့လာအောင် အခြေခံအားဖြင့် စီးပွားရေးလုပ်ငန်းတွေ သက်တောင့်သက်သာဖြစ် အောင် ၊ စရိတ်သက်သက်သာသာနဲ့လည်ပတ်နိုင်အောင်၊ ဝင်ငွေတိုးတက် ဖို့ရယ်၊ အခွင့်အလမ်းတွေပေါ်လာဖို့ ဒါသုံးခုကို ကျွန်တော်တို့က ဦးစားပေးပြီးတော့စဉ်းစားနေတယ်။ မြန်မာပြည်မှာလည်း အဓိကက SME တွေများတယ်။ ကုမ္ပဏီအသေးတွေများတယ်။ ဥပမာအားဖြင့် မြန်မာပြည်မှာကုမ္ပဏီပေါင်း (၉)သောင်းနီးနီးလောက်ရှိတယ်။ အဲ့ဒီမှာ (၇)သောင်းကျော်က ကုမ္ပဏီအ သေးတွေ ၊ (၁၇ဝဝဝ)လောက်က ကုမ္ပဏီကြီးတွေပေါ့။ ရာခိုင်နှုန်း (၈ဝ)လောက်က ကုမ္ပဏီအသေးတွေ၊ အဲ့ဒီတော့ကျွန်တော်တို့အစိုးရရဲ့မူဝါဒကကျတော့ SME တွေကိုပြန်ကြည့်တယ်။ စီးပွားရေးဦးတည်ချက်ထဲမှာကိုထဲက ပြည်တွင်းလုပ်ငန်းတွေကို ဦးစားပေးမြှင့်တင်ပေးမယ်ဆိုတာပါ တယ်။
၂ဝ၁၂ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြန်ဆွဲတယ်။ ပြန်ဆွဲတဲ့အချိန်တုန်းက ကောင်းကောင်းကြီး ဝေဖန်ခံရတယ်။ နိုင်ငံခြားသားတွေကို ဖိတ်ခေါ်ထားပြီးတော့မှ နိုင်ငံခြားသားတွေဝင်လာလို့ရှိရင် ပြည် တွင်းလုပ်ငန်းရှင်တွေက ပြိုလဲတော့မယ်ပေါ့။ တစ်ချို့ကလည်းဘာပြောသလဲဆိုတော့ နိုင်ငံခြားသးနဲ့ပေါင်းလုပ်မလား၊ ကိုယ့်လုပ်ငန်းကိုပဲ အခြားလုပ်ငန်းပြောင်းလုပ်တော့မလား။ ကိုယ့်လုပ် ငန်းကို ရောင်းပြီးတော့ အေးဆေးနေတော့မလား။ တိုင်းပြည်ဒုက္ခရောက်တော့မယ်ဆိုပြီးတော့ ဝေဖန်မှု တွေရှိခဲ့တာပေါ့။
အခုတကယ်တမ်းကျတော့ တိုင်းပြည်အတွက်က အဆိုးထဲကအကောင်းပြန်တွက်ရင် အခုချိန်က ပြည် တွင်းလုပ်ငန်းရှင်ရဲ့ အခွင့်အလမ်းအကောင်းဆုံးအချိန်ပဲ။ ဘာကြောင့်လည်းဆိုတော့ FDI က တောက် လျှောက်က ကိုဗစ်သက်ရောက်မှုကြောင့် တောက်လျှောက်ကျလာတယ်။ တစ်ချို့လည်းနိုင်ငံရေးအခြေ အနေအရ ဝင်မလာသေးဘဲ စောင့်နေတာရှိတယ်ဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကလုပ်နိုင်ကိုင်နိုင် တဲ့အခွင့်အလမ်းအကောင်းဆုံးအချိန်ပေါ့။ နိုင်ငံတော်ရဲ့ မူဝါဒကလည်း ပြည်တွင်းလုပ်ငန်းတွေကို ဦး စားပေးပြီးတော့မှ ဆက်ပြီး မြှင့်တင်ပေးသွားမယ်။ ပြည်တွင်းလုပ်ငန်းတွေကြီးထွားလာဖို့အတွက်ကို တစ်ခုပြီးတစ်ခုစီမံသွားမယ်ဆိုတော့ ပြည် တွင်းလုပ်ငန်းရှင်တွေအတွက်အခွင့်အလမ်းတွေပိုကောင်း လာပါမယ်။ အစိုးရကလည်း စီးပွားရေးလုပ်ငန်းတွေပြန်လည်ဦးမော့လာအောင် ကြိုးစားနေပါတယ်။ အဲ့ဒီတော့တိုင်းပြည်ရဲ့ တည်ငြိမ်မှုလေးရသွားလို့ရှိရင် ကာလတိုအတွင်းမှာ မူလအခြေအ နေကို ပြန်ရောက်သွားပါလိမ့်မယ်လို့ပြောလိုပါတယ်။

အခုလိုပြည့်ပြည့်စုံစုံဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.