ပဋိဉာဉ်ကို ချိုးဖောက်သလိုလုပ်ခဲ့ခြင်းကြောင့် အာဆီယံနိုင်ငံအချို့တန်ပြန် ခံစားရနိုင်ခြေရှိသောအချက်အချို့ကို နစက ပြန်ကြားရေးခေါင်းဆောင် ထုတ်ပြော

1797

Iris (NP News) - အောက်တိုဘာ ၁၇
အာဆီယံနိုင်ငံများအနေဖြင့် မူလရှိရင်းစွဲပဋိဉာဉ်ကိုချိုးဖောက်၍ မြန်မာနိုင်ငံအပေါ် ဖိအားပေးခဲ့သည့်လုပ်ရပ်နှင့်ဆင်တူသော နိုင်ငံရေးဖိအားပေးခံရမှုမျိုးကို လာမည့်နှစ်များအတွင်း ပြန်လည်ခံစားရနိုင်ခြေရှိသည်ဟု နစကပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။
အောက်တိုဘာလ(၂၆)မှ (၂၈)အထိ ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံကို မြန်မာအိမ်စောင့်အစိုးရဘက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အား တက်ခွင့်မပြုကြောင်းဆုံးဖြတ်ချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အောက်တိုဘာ(၁၅)ရက်ညနေပိုင်းတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် အာဆီယံ၏ပဋိဉာဉ်ကို လစ်လျူရှုရာရောက်နေကြောင်းလည်း ဆိုသည်။ " ချိုးဖောက်တယ်လို့တော့ ကျွန်တော်မသုံးချင်သေးဘူး။ သေချာတာကတော့ သူတို့က အာဆီယံမှာအရေးကြီးတဲ့အချက်တွေထဲက နှစ်ချက်ဖြစ်တဲ့ တစ်နိုင်ငံရဲ့ပြည်တွင်းရေး တစ်နိုင်ငံက ဝင်မစွက်ဖက်ရဘူးဆိုတဲ့အချက်ကို လစ်လျူရှုလိုက်တယ်။ ပြီးတော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုခုကို နိုင်ငံတစ်ခုခုက သဘောမတူရင်တောင် မှတ်တမ်းတင်ထားပြီး မဆွေးနွေးဘဲနေရမယ်ဆိုတာကိုလည်း ပစ်ပယ်လိုက်တယ် " ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို ဝင်ရောက်ဖြေရှင်းပေးမည့်အစား မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပိုမိုသက်ရောက်စေရန် ထပ်မံဖိအားပေးသောလုပ်ရပ်မျိုးကို အာဆီယံနိုင်ငံအချို့က ကျုးလွန်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနှင့် နိုင်ငံအချို့က ကန့်ကွက်နေသည့်တိုင် မြန်မာကိုယ်စားလှယ်ခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့် ချန်လှပ်ခြင်းက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သည်ဟု ရှုမြင်ကြောင်းလည်း ဆိုသည်။
" အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က ဖိအားပေးတယ်။ ဒီလိုဆုံးဖြတ်မယ်ပေ့ါ။ ဒီတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်ကလည်း ဒီလိုဆုံးဖြတ်တာကို သဘောမတူတဲ့နိုင်ငံ ရှိသလားပေ့ါ။ ဒီလိုမေးတော့ ကျန်တဲ့နိုင်ငံတွေက သဘောမတူချင်တာတောင် နိုင်ငံတကာဖိအားအရ ခေါင်းညိမ့်ပေးလိုက်တဲ့သဘောမျိုးဖြစ်သွားတာ " ဟု နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အထူးသဖြင့် အောက်တိုဘာ(၁၅)ရက်က အစည်းအဝေးမတိုင်မီ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းဒုဝန်ကြီး အီရီဝန်ယူဆော့ဖ်ထံ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဖုန်းဆက်၍ တွန်းအားပေးမှုအချို့လုပ်ဆောင်ခဲ့ခြင်းနှင့် ဥရောပနိုင်ငံအချို့က အီရီဝန်ယူဆော့ဖ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း စကားဦးသန်းခဲ့ခြင်းများက အာဆီယံအစည်းအဝေးအပေါ် သက်ရောက်မှုရှိခဲ့ပုံရကြောင်းလည်း ဆိုသည်။ " အာဆီယံပဋိဉာဉ်ကို နိုင်ငံအချို့က လစ်လျူရှုခဲ့တာက တစ်ချိန်မှာသူတို့ဆီကိုလည်း လစ်လျူရှုခံရတာမျိုး ပြန်လည်သွားတတ်ပါတယ်။ အထူးသဖြင့် အာဆီယံက ပဋိဉာဉ်နဲ့ညီညွတ်မှုကို ထိန်းချုပ်ထားတာ။ အာဆီယံမြေပေါ်မှာ ကစားမယ့်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေကျရင် ပဋိဉာဉ်နဲ့အလုပ်မလုပ်တော့ဘဲ အားကောင်းတဲ့နှစ်နိုင်ငံသုံးနိုင်ငံက နိုင်ငံတကာဖိအားကိုယူပြီး သဘောတူမယ်လုပ်ရင်တောင် ကစားခံရမယ့်နိုင်ငံက အာဆီယံရဲ့အကာအကွယ်ကိုမရနိုင်ဘဲ ဖြစ်သွားလိမ့်မယ် " ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိအချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာဘက်မှ နိုင်ငံရေးရာထူးမဟုတ်သောကိုယ်စားလှယ်တစ်ဦးကို တက်ရောက်ခွင့်ပေးမည်ဖြစ်သည့်အတွက် နစကဘက်ကလည်း စဉ်းစားနေကြောင်း ဆိုသည်။ အာဆီယံ၏လက်ရှိဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အောက်တိုဘာ(၁၆)ရက်၌ ပြင်းပြင်းထန်ထန်ကန့်ကွက်ထားသည်ဆိုသော်လည်း အာဆီယံအဖွဲ့ထဲမှ နှုတ်ထွက်သွားမည်မဟုတ်သေးကြောင်း အတိအလင်းပြောကြားထားသည်။