မုံရွာမြို့၊ ကျောက္ကာ(မ)ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏အမွှာအကိုဖြစ်သူတို့နှစ်ဦး လက်ဖက်ရည်ဆိုင်တွင် သေနတ်ဖြင့်ပစ်သတ်ခံရ

791

NP News - အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာ(မ) ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်၎င်း၏ အမွှာအကိုဖြစ်သူတို့ အောက်တိုဘာလ(၁၇)ရက် နံနက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်အတွင်းသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။
ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းမှပြုလုပ်ကြောင်းမသိရဘဲ လုပ်ကြံခံရသည့် အုပ်ချုပ်ရေးမှူးသည် CDMသဘောမျိုး ပြုလုပ်နေသည့်အတွက် စစ်ကောင်စီမှ ၎င်းအားရာထူးမှနှုတ်ထွက်ရန် စာတင်ခိုင်းထားသူဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းများထွက်ပေါ်လျက်ရှိသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးသို့ မေးမြန်းရာတွင် မုံရွာမြို့၊ ကျောက္ကာ(မ) ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီဝင်း (၄၈) နှစ်နှင့် အမွှာအကိုဖြစ်သူဉီးကိုကိုဝင်း (၄၈) နှစ် တို့သည် ရွှေဂူနီဘုရား အရှေ့မြောက်ထောင့်ရှိ အင်ကြင်းဖြူ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် လက်နက်ကိုင် အကြမ်းဖက်သမား (၃)ဦးမှ Cyclone အမျိုးအစား မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ ပစ္စတိုသေနတ်များဖြင့် ပစ်ခတ်ခဲ့ကာ ဦးညီညီဝင်း၏ Click အမျိုးအစား မော်တော်ဆိုင်ကယ်အား ယူဆောင်ထွက်ပြေးခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဦးညီညီဝင်း နှင့် ဉီးကိုကိုဝင်းတို့ ညီအစ် ကို (၂)ဦးသည် သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကာ ၎င်းတို့အနီးတွင် ပစ္စတို ကျည်ဆံ (၁၂) ခု၊ ပစ္စတိုကျည်ဖူး (၃) ခု နှင့် ပစ္စတိုကျည်ဆန် (၁) တောင့်တို့ကို သိမ်းဆည်းရမိကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် အစ်ကိုဖြစ်သူတို့အား လူမဆန်စွာ ရက်ရက်စက်စက် ပစ် ခတ်သတ်ဖြတ်သွားသည့် လက်နက်ကိုင်အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် စစ်ကောင်စီမှလှည့်ကင်းများဖြင့် ပိတ်ဆိုရှာဖွေစစ်ဆေးလျက်ရှိကြောင်းသိရသည်။
#NPNews