မန်ယူအသင်း အရှုံးကနေ ရုန်းထပြီး ပြန်လာမယ်လို့ ကွင်းလယ်လူမာတစ်ပြော
512
မိုးတိမ် (NP News) - အောက်တိုဘာ ၁၇
မန်ယူအသင်းဟာ လက်စတာကို လေးဂိုးအထိပေးပြီး ရှုံးခဲ့ပေမယ့် ဖြစ်ရပ်ဆိုးထဲကနေ ပြန်လည်ရုန်းထနိုင်စွမ်း ရှိတယ်လို့ ကွင်းလယ်လူ မာတစ်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ(၁၆)ရက်ညပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ လက်စတာအသင်းကို မန်ယူအသင်းက လေးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ကမ္ဘာတစ်လွှားက မန်ယူပရိသတ်တွေကို မခံချိမခံသာဖြစ်စေခဲ့ပါတယ်။ ဒီရလဒ်နဲ့ပတ်သက်ပြီး နည်းပြဆိုးရှားကိုရော အသင်းက ကစားသမားတွေကိုပါ ပရိသတ်တွေက ဝိုင်းဝန်းအပြစ်တင်နေကြသလို အသင်းရဲ့ဂန္တဝင်တွေကပါ ဝေဖန်ထိုးနှက်မှုတွေလုပ်ဆောင်နေကြတာပါ။ “ လူတိုင်းလိုလို စိတ်မကောင်းဖြစ်နေကြပါတယ်။ အားလုံးက ဒီပွဲအပြီးမှာ ခေါင်းငိုက်စိုက်နေကြရတာပါ။ ဒါက နာကျင်စရာကောင်းတယ်ဆိုတာကို နားလည်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း စိတ်ပျက်နေရပေမယ့် အနာဂတ်ကိုပဲ စဉ်းစားချင်ပါတယ်။ ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လာနိုင်မယ်ဆိုတာ ယုံကြည်ထားပါတယ် ” လို့ ကွင်းလယ်လူ မာတစ်က ပြောပါတယ်။ လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်ပိုင်းက ညံ့ခဲ့တယ်ဆိုတာကို နည်းပြဖြစ်သူ ဆိုးရှားကိုယ်တိုင်က ဝန်ခံခဲ့ပေမယ့် တကယ်တော့ ကွင်းလယ်တင်မဟုတ်ဘဲ အားလုံးက ညံ့ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ လက်စတာနဲ့ပွဲက မန်ယူအသင်းရဲ့ကွင်းလယ်ကိုတော့ မာတစ်နဲ့ ပေ့ါဘာတို့က တာဝန်ယူခဲ့တာဖြစ်ပြီး တစ်သင်းလုံးဟာ ဘောလုံးပိုင်ဆိုင်မှု(၄၅)ရာခိုင်နှုန်းသာသာပဲ ရှိခဲ့ပါတယ်။ လက်စတာအသင်းကတော့ အပေါ်အသင်းဆန်ဆန်ပဲ မန်ယူကိုဖိပြီးကစားသွားခဲ့သလို မထင်မှတ်တဲ့အခြေအနေတွေကနေ သွင်းဂိုးလေးဂိုးအထိ ရယူနိုင်ခဲ့ကြပါတယ်။ “ နောက်ပွဲတွေက ပိုပြီးအရေးကြီးသလို ပိုပြီးတော့လည်း စိန်ခေါ်မှုတွေများပါတယ်။ ကျွန်တော်တို့ဟာ ဒီရှုံးပွဲအတွက် တာဝန်ယူပြီး နောက်ပွဲတွေမှာ ကျွန်တော်တို့ရဲ့အရည်အသွေးကို ပြရပါမယ် ” လို့ မာတစ်က အသင်းပိုင်မီဒီယာနဲ့ အင်တာဗျုးမှာ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ်သုံးပွဲမှာ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရလဒ်မျိုးကို ပိုင်ဆိုင်ထားသလို သရေပွဲနဲ့ ရှုံးပွဲဟာလည်း အိမ်ကွင်းမှာ နှစ်ပွဲရှိခဲ့ပါတယ်။ ကြားရက် အောက်တိုဘာ(၂၁)၊ ဗုဒ္ဓဟူးနေ့မှာတော့ အတ္တလန်တာနဲ့ ချျန်ပီယံလိဂ်ကစားရမှာဖြစ်သလို အဲဒါပြီးရင်တော့ ခြေစွမ်းစွာနေတဲ့ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပဲ ဖြစ်ပါတယ်။