ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် နိုင်ငံရေးနယ်ပယ်က သူတို့စကား (အင်တာဗျူး)
1166
မြူနစ် ၊ သုတကျော် (NP News) ဖေဖော်ဝါရီလ ၂ဝ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့ စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်ရမည်ဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီကကြေညာလိုက်သည့်အတွက် အဆိုပါဥပဒေနှင့်ပတ်သက်၍ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်အချို့ထံ NP News က မေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
ဒေါက်တာ အေးမောင် (ဥက္ကဋ္ဌ)ရခိုင့်ဦးဆောင်ပါတီ
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းတာနဲ့ နိုင်ငံတကာမှာ ကြုံနေရတာနဲ့ ပြန်နှိုင်းယှဉ်ကြည့်ရင် စင်္ကာပူမှာ စစ်သား (၂)နှစ်လုပ်တယ်ပေါ့ဗျာ။ တောင်ကိုရီးယားမှာ (၂)နှစ်လုပ်တယ်။ ဒါပေမဲ့ ပြည်ပရန် မရှိတဲ့အခါကျတော့ မသေဘူးဗျ။ စစ်မှုထမ်းလိုက်ပါ ဆိုတဲ့ Record မှတ်တမ်းရသွားတာပေါ့။ အလေ့အကျင့် ရသွားတာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာကျတော့ အချင်းချင်းပေါ့ဗျာ။ လက်နက်ကိုင်အဖွဲ့အစည်းကလည်း လူစုတယ်။ ဒီဘက်ကလည်း လူစုတယ်။ အချင်းချင်းပြန်တိုက်ကြ ခိုက်ကြမယ်ဆိုတော့ ကိုယ်တို့ အချင်းချင်းဆိုတဲ့ ဆိုးကျိုးသံသရာထဲမှာ လည်ဖို့အတွက် အားပေးလိုခြင်း၊ အားမပေးလိုခြင်း ဆိုတဲ့ ဟာတွေက ပါလာပြီလေ။ အဲဒီတော့ လက်ရှိ နစကအနေနဲ့ အဲဒါကို သတိပြုထားဖို့ လိုအပ်တာပေါ့။ လိုတဲ့အခါမှာ ပြည်ပရန် ဆိုတာမျိုး၊ နိုင်ငံရဲ့လက်ရှိ အနေအထားအရ ဆိုတာမျိုးနဲ့အတူ ပြည်တွင်းစစ်ကို မဖြစ်အောင် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ မရ ရအောင်လုပ်မယ်ဆိုတာမျိုးနဲ့ အဲဒီနှစ်ခုက အပြိုင် သွားဖို့လိုတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ဥပမာ - ရှမ်းမြောက်မှာ တစ်ချက်လေးရိုက်လိုက်တာနဲ့ နိုင်ငံပဲ့ပါသွားနိုင်တဲ့ အယူအဆ၊ တစ်နည်းအားဖြင့် အချုပ်အခြာအာဏာထိခိုက်နိုင်တယ်။ ပြည်ထောင် စုပြိုကွဲသွားနိုင်တယ် အဲဒါကြောင့် ပြည်ပရန် ရှိလာနိုင်တယ်။ ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ နိုင်ငံဖြစ်လာတာကို။ အဲဒါကြောင့် နိုင်ငံသားတိုင်း စစ်မှုထမ်းရတော့မယ်ဆိုတဲ့အခါမှာ ပြည်တွင်းစစ်ကို ရပ်အောင်လုပ်ဖို့ကတော့ တာဝန်တစ်ခု ထပ်တူကျလာ တယ်ဗျ။ အဲဒါကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ တိုင်းရင်းသားချင်း ပြန်ပြီးတော့ အမျိုးသားပြန်လည် ရင်ကြားစေ့အောင် ဘယ်လိုလုပ်မယ်ဆိုတဲ့အစီအ စဉ်မျိုး၊ ပြည်တွင်းစစ်ကို မရပ်ရပ်အောင် လုပ်မယ်။ တို့အချင်းချင်း နှစ်ပေါင်း (၇၀)ကျော်ကြာ သွေးမြေ ကျတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးပြဿနာကို မရရအောင် ဖြေရှင်းမယ်ဆိုတဲ့ ဦးတည်ချက်တစ်ခုနဲ့ ကြိုးစားဖို့ လိုမယ်။ အဲဒါတွေကို SAC ဘက်က တစ်ပြိုင်တည်း ကြေညာဖို့ လိုတယ်။ အဲဒါမှပဲ ပြည်သူ့စစ်မှုထမ်း ဥပဒေရဲ့ပြဋ္ဌာန်းမှုဟာ အောင်မြင်မယ်။ ဥပဒေပါ အတိုင်း ဆောင်ရွက်ရတဲ့ အသက်အရွယ်အလိုက် လူထုဘက်ကလည်း ဝမ်းပန်းတသာနဲ့ လက်ခံကြို ဆိုကြမယ်လို့ထင်တယ်။ အဲဒီ နှစ်ခုကို ပြိုင်တူရွေ့စေ ချင်တယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကတော့ အာဏာ သက်ဝင်တဲ့ရက်ကို သတ်မှတ်ပြီးပြီလေ။ ဆိုတော့ အခုနက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အပစ် အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပေါ့၊ ပြည်ထောင်စု မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက် ညှိနှိုင်းတာ၊ တိုင်ပင်တာ လုပ်ပြီးကာမှ ရပိုင်ခွင့်တွေနဲ့ ဘယ်လို ပြဋ္ဌာန်းသတ်မှတ်ပေးမလဲဆိုတဲ့ ဆောင်ရွက် မယ့် လုပ်ငန်းစဉ်တွေကို တစ်ပြိုင်တည်း SAC ဘက် က စနစ်တကျ ရှေ့လုပ်ငန်းစဉ်များထဲမှာ ချမှတ်ပြီးတော့ အခုကာလလေးမှာ စပြီး လှုပ်ရှားပြီးတော့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေရဲ့အောင်မြင်မှုက ပိုရနိုင် မယ်လို့ ထင်တယ်။
ဦးခိုင်မင်း (ဒုတိယဥက္ကဋ္ဌ) အမျိုးသား ဒီမိုကရေစီပါတီသစ် ပါတီ
ဒီဥပဒေက စတင်ပြဋ္ဌာန်းခဲ့တာက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး(နအဖ)ခေတ်မှာ ပြဋ္ဌာန်းခဲ့တာပေါ့နော်။ ဒါပေမဲ့ ရှေ့အစိုးရ တွေလက်ထက်မှာတော့ ဦးသိန်းစိန်အစိုးရရော၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရရော အစိုးရ လက်ထက်(၂)ခုလုံးမှာ ဒီဥပဒေကို အသက်မသွင်းခဲ့ ဘူး။ ခုအချိန်မှာ ပြန်အသက်သွင်း တယ် ပေါ့နော်။ ဒီဟာက ဘာပဲဖြစ်ဖြစ် ခုလိုတိုင်းပြည်အရေးပေါ် ဖြစ်နေတဲ့အချိန်မှာ အသက်သွင်းသင့်တဲ့ ဥပဒေ ပေါ့နော်။ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အနေအထား တွေမှာလည်း ကမ္ဘာ့အနေအထားအရ မသေချာမှုတွေ က အများကြီးပေါ့လေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်က ကာကွယ်ရေးအင်အား တောင့်တင်းတာပေါ့။ နောက်ပြီးတော့ ဒီဥပဒေကို တချို့ တွေက တအားကြီးစိုးရိမ်နေကြတယ်။ တအားကြီး စိုးရိမ်တာက ခုချက်ချင်း ဒီအသက်အရွယ်ရှိတဲ့ လူငယ်တွေကို တစ်ခါတည်း စစ်တပ်ထဲ ထည့်မှာမှ မဟုတ်တာ။ ဒါက အချိန်အတိုင်းအတာ တစ်ခုမှပေါ့။ လိုအပ်တဲ့အချိန်မှ စုဆောင်းပြီး လုပ်မယ့်ဟာလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဥပဒေက တိုင်းပြည်အတွက် လိုအပ်တဲ့ ဥပဒေတစ်ခုပဲ။ အဲဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဥပဒေကိုတော့ ကြိုဆိုရမှာပဲလေ။
ဒေါ်စန္ဒာမင်း လွှတ်တော်အမတ်ဟောင်း
ကျွန်မရဲ့ သဘောထားကတော့ အခုချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့အမိန့် ထုတ်လိုက်တယ်။ ဒါပေမဲ့ ဒီဥပဒေကို ထုတ်ပြီးရင် နည်းဥပဒေကို ထပ်ထုတ်ရသေးတာပေါ့။ ဥပဒေကတော့ အာဏာတည် သွားပြီးပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံမှာလည်း ပါထားပြီးသားဆိုတော့ ဥပဒေက ရေးဆွဲလို့ရတယ်။ ဒီဥပဒေကိုလည်း အာဏာတည်တဲ့အမိန့်ထုတ်လိုက်ပြီ။ လူတွေက ဒီဥပဒေအမိန့်ထုတ်လိုက်တော့ ကျွန်မ မြင်တာက အရမ်းကြောက်သွားတယ်။ မနက်ဖြန်၊ သန်ဘက်ခါပဲ စစ်တပ်က လာဆွဲတော့မလိုလိုပေါ့၊ စစ်မှုထမ်းရတော့ မလိုလိုဆိုတဲ့ဟာမျိုးတွေက အရမ်းကြောက်နေကြတယ်။ ဘာလို့လဲဆိုတော့ လူတွေအားလုံးမှာ အခုဟာက အရှင်းဆုံးပြောရရင် စစ်မှုထမ်းတာတွေရော၊ စစ် တိုက်ရမှာတွေရော ကြောက်တဲ့သူတွေ အများကြီး ရှိတယ်ပေါ့နော်။ အဲဒီအချိန်မှာ ဒီလိုအမိန့်ကို ထုတ်လိုက်တဲ့အခါကျတော့ လူတွေကို ပိုမိုပြီးတော့ ကြောက်ရွံ့သွားစေတယ်လို့ မြင်တယ်။ နောက်တစ်ခု က ကိုယ့်ရဲ့သားသမီးတွေအတွက်ကို ပိုမိုပြီးတော့ စိုးရိမ်မှုတွေဖြစ်သွားတယ်။ ဒါတွေကို ကျွန်မ တွေ့ရတယ်။
ဒါပေမဲ့ နိုင်ငံတစ်ခုမှာ မလိုအပ်ဘူးလားဆိုတဲ့ ဟာကတော့ National Service ဆိုတဲ့ဟာက လိုကို လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ နိုင်ငံသည် ဘေးနားမှာ နိုင်ငံကြီးတွေ အများကြီး ဝန်းရံထားတယ်။ နောက်ပြီး တော့ နိုင်ငံသည် Globalization ဖြစ်နေတာဖြစ်တဲ့အတွက် နိုင်ငံကြီး တွေရဲ့ Impact ကလည်း နိုင်ငံငယ်လေး တွေအားလုံးကို Proxy war အဖြစ်နဲ့ အခုဆို ကျွန်မတို့ တိုင်းပြည်မှာ ဖြစ်နေတာသည် Proxy war အဖြစ်နဲ့လည်း ဆက်ခံ နေရတာ။ ဒါကြောင့်မိုလို့ ကျွန်မတို့နိုင်ငံမှာ တစ်ချိန်မှာ National Service ဆိုတာ မဖြစ်သင့်ဘူးလားပေါ့။ ဖြစ်ကိုဖြစ်သင့်တဲ့ကိစ္စလို့တော့ မြင်တယ်။ သို့သော် အခု လိုမျိုး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အုပ် ချုပ်နေတဲ့အချိန်ထက် ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရတစ်ရပ်တက်လာတဲ့အချိန်မှာ ဖွဲ့လိုက်ရင် ပိုမကောင်းဘူးလားလို့ ကျွန်မက ပြောချင်တယ်။
အဲဒီတော့ အခုဟာက အာဏာတည်တဲ့အမိန့် တွေပဲ ထုတ်ထားပါ။ ကျွန်မက ပြည်သူတွေကိုထပ်ပြီး တော့ မေတ္တာရပ်ခံချင်တာက အခုဟာက အာဏာ တည်တဲ့အမိန့်ပဲ ထုတ်သေးတာပါ။ အာဏာတည်တဲ့ အမိန့်ထုတ်ပြီးပြီဆိုရင်တော့ မနက်ဖြန်၊ သန်ဘက်ခါ တပ်ထဲဝင်ဖို့ လိုက်ဆွဲတာမျိုးမဟုတ်ပါဘူး။ အမိန့် ထုတ်ပြီးရင် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေ ရှိသေးတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်း ဖွဲ့စည်းရမယ့် အဆင့်ဆင့်တွေလည်း ရှိတယ်။ ကျွန်မသိသလောက် ကတော့ နောက်နှစ်လောက်မှ ပြန်ပြီးတော့ အသက်ဝင်နိုင်တယ်လို့ ထင်တယ်ပေါ့နော်။ လူတွေ က အခုကြောက်လန့်ပြီးတော့ ကောလာဟလတွေ အများကြီးထွက်လာတယ်။ အထူးသဖြင့် နယ်ခြား ဘက်ကနေ ကောလာဟလတွေ ထိုးသွင်းတာတွေရှိ တယ်။ တပ်က ခေါ်တယ်။ တပ်ထဲကိုတော့ မထည့်နဲ့။ PDF လုပ်ကြပါလို့ ပြောနေတယ်။ အဲဒီတော့ PDF ထဲကို ဝင်ဖို့ ဆိုတဲ့ဟာမျိုးတွေကို မြှောက်ထိုးပင့်ကော် သတင်းစကားတွေကိုလည်း တွေ့ရတယ်။ တချို့ တွေက အကြောက်လွန်ပြီးတော့ နိုင်ငံခြားကို ထွက် ပြေးဖို့ ကြိုးစားလာတာတွေကိုလည်း တွေ့တယ်။ အဲဒါ တွေက တကယ်တမ်းတော့ အဆင်မပြေဘူးလို့ ကျွန်မပြောချင်တယ်။ ဒီလိုမျိုးလုပ်တာတွေက အဆင်မပြေပါဘူး။ အကြမ်းဖက်လို့ သတ်မှတ်ထား တဲ့အဖွဲ့အစည်းထဲကို ဝင်လိုက်လို့ရှိရင် တိုင်းရင်း သားလက်နက်ကိုင်တွေ အောက်ကို ဝင်သွားတဲ့ PDF တွေရဲ့ အခြေအနေတွေကို သိဖို့လိုပါတယ်။ သိ အောင်အရင်ကြိုးစားပါလို့ PDF ထဲကိုဝင်မယ်လို့ ဆုံးဖြတ်တဲ့လူငယ်တွေကို ကျွန်မ ပြောချင်တယ်။ နောက်တစ်ခုကတော့ နိုင်ငံခြားကို ထွက်ပြေးမယ်ဆို တဲ့ လူတွေကိုလည်း ကျွန်မက ပြောချင်တယ်။ ဒီနေ့ဆိုရင်တော့ တကယ်ကို ဖြစ်နေတာပေါ့နော်။ ဖေဖော်ဝါရီလ ၁၃ ရက်မှာပဲ ထိုင်းသံရုံးမှာ အလည်ဗီဇာနဲ့ လျှောက်တဲ့သူတွေ ကြိတ်ကြိတ်တိုး ပြီးတော့ စည်ကားကြတယ်။ နှစ်လဗီဇာတွေကို လျှောက်ကြတယ်။ အဲဒီတော့ သတ်မှတ်ထားတဲ့ အသက်ဟာ ယောကျာ်းလေးဆိုရင် ၄၅ နှစ်အထိ တောင် ပါတာလေ။ ထိုင်းမှာ အသက်(၄၅)နှစ်အထိ သွားနေနိုင်ဖို့ ဖြစ်နိုင်လားပေါ့။ နောက်တစ်ခုက ဒီဥပဒေဟာ မနက်ဖြန်၊ သန်ဘက်ခါမှာပဲ ထပ်ပြော ရရင် စတင်ကျင့်သုံးမယ်လို့ ကြေညာထားတာလည်း မဟုတ်ပါဘူး။ ဒါကြောင့်မိုလို့ တအားအကြောက် လွန်ပြီးတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို မလုပ်မိဖို့ လိုတယ်။ မိဘတွေလည်း မလုပ်မိဖို့ လို တယ်။ အဲဒီလိုပဲ လူငယ်တွေကလည်း မဆုံးဖြတ်မိဖို့ လိုတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီကို ကျွန်မ အကြံပြုတင်ပြချင်တာ ကတော့ အခုလိုမျိုး အာဏာတည်တဲ့အမိန့်ကို သက်ဝင်ပြီးတော့ စတင်တဲ့အချိန်ကတော့ အခုနလို မျိုး ရွေးကောက်ပွဲပြီးတော့ အရပ်သားအစိုးရဖြစ် လာတဲ့အချိန်ဆိုရင် ပိုမကောင်းဘူးလား လို့ တင်ပြချင် တယ်။
ဦးဘိုဘိုကျော်ငြိမ်း နိုင်ငံရေး လေ့လာသုံးသပ်သူ
ကျွန်တော်ကတော့ ဒါကို မလိုဘူးလို့ ထင်တယ်။ ဒီစစ်မှုထမ်း ဥပဒေလုပ်ရင် ပိုက်ဆံ သိပ်ကုန်တယ် ဒါက တစ်အချက်။ ဒီဟာကို နိုင်ငံတိုင်း မလုပ်ဘူး။ အမေရိကန်တောင်မှ ဒီဟာကို လုပ်တာ ဗီယက်နမ်မှာ ဝင်တိုက်တော့ ဝိုင်းကန့်ကွက်ကြတာနဲ့ ဒါကို ဖျက်လိုက်ရတယ်။ ဒီလို ဥပဒေမျိုးကို ဘယ်လို နိုင်ငံတွေ ကပဲ ကျင့်ကြံနိုင် သလဲဆိုရင် စစ်ဖြစ်နိုင်စရာရှိတဲ့ နိုင်ငံတွေပေါ့။ ဥပမာ - အစ္စရေးတို့လို၊ အစ္စရေးဆိုရင် သူ့ကို အာရပ်တွေက ဝိုင်းထားတဲ့အတွက်ကြောင့် သူတို့ ရှင်သန်မှုအတွက် လိုအပ်ရင် စစ်မှုမထမ်းမနေ ရဆိုတာ လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ စီးပွား ရေးကိုလည်း လာထိတယ်။ ဥပမာ - ၁၆ နှစ်ကနေ ၁၉ နှစ် ဆိုပါတော့။ ယောကျာ်လေးဆိုရင် စစ်မှုထမ်း ရမယ်ဆိုတော့ နှစ်နှစ်ပဲ ဖြစ်စေ ဒီလူတွေဟာ စစ်မှုထမ်း ကာလမှာ စီးပွားရေး အလုပ်မလုပ်နိုင်ဘူး။ စီးပွားရေးကို အများကြီး ထိခိုက်စေတယ်။ အရွယ် ရောက်တဲ့လူတိုင်းကို စစ်ပညာသင်ပေးရတာ ပိုက်ဆံ သိပ်ကုန်တယ်။ သူက ပစ်တတ်၊ ခတ်တတ်ရုံ သင်လို့ မရဘူး။ ဒီဟာကို ကျွမ်းကျွမ်းကျင်ကျင် စစ်သားဖြစ် အောင် လုပ်ပေးရတယ်ဆိုတဲ့ ကုန်ကျစရိတ်က သိပ်များတယ်။ အဲဒါကြောင့် ဥပမာ- အစ္စရေးလိုဟာ မျိုးက လုပ်ရတယ်။ သူတို့က စစ်ဖြစ်မှ စစ်သားတွေကို သွားသင်ပေးလို့ မရဘူး။ ဒါအဓိကပဲ။ စစ်မှုမထမ်း မနေရဆိုတာက စစ်ဖြစ်လာရင် စစ်သားတွေ အဆင် သင့် ဖြစ်နေအောင် ဒီဟာကို လုပ်ဆောင်တာ။ ဆိုတော့ ဥပမာ - ကိုရီးယားလို နိုင်ငံမျိုးမှာ လုပ်ရ တယ်။ ကိုရီးယားလို နိုင်ငံမျိုးကျ တောင်၊ မြောက် ရန်ဖြစ်နေကြတာ။ ငြိမ်းချမ်းတဲ့ နိုင်ငံတွေထဲမှာတော့ စင်္ကာပူလို နိုင်ငံမျိုး လုပ်တယ်။ စင်္ကာပူလို နိုင်ငံမျိုးက နိုင်ငံသေးဖြစ်တဲ့အတွက် သူက ငြိမ်းချမ်းပေမယ့် ကာကွယ်တဲ့ သဘောဖြစ်တယ်။ ပြီးတော့ စင်္ကာပူနိုင်ငံဟာ မြို့ပေါ်တိုင်းပြည်ဖြစ်နေတာ သူက ဒီလောက် (လူ) မများဘူး။ သူ့ရဲ့ ကုန်ကျစရိတ်က လူ ဒီလောက် မရှိဘူး။ မြန်မာပြည်လို နိုင်ငံမျိုးကျတော့ ကုန်ကျ စရိတ်သိပ်များတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ စစ်ဖြစ်နေတာလည်း မဟုတ်ဘူး အိန္ဒိယနဲ့ စစ်ဖြစ် နေတာလည်း မဟုတ်ဘူး။ စစ်ဖြစ်စရာ အကြောင်း လည်းမရှိဘူး။ ဒါကိုလုပ်ရင် ကုန်ကျစရိတ်နဲ့ ရတဲ့အကျိုးက မကာမိဘူး။ ဒါကြောင့် ကျွန်တော်က သဘောမတူတာပါ။ အစိုးရက မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတာက သူပုန်နဲ့ပဲ ဖြစ်နေတာ။ နိုင်ငံခြား စစ်တပ်လို မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ သူ့စစ်တပ်က အများအားဖြင့် နိုင်အောင်တိုက်နိုင်တယ်။ သူ့ရဲ့ စစ်အင်အားနဲ့ အဆင်သင့်ဖြစ်မှုက သူပုန်ဆိုတာက သောင်းနဲ့ သိန်းနဲ့ ချီတာမဟုတ်ဘူး။ သူပုန်ကို တိုက်ဖို့ အတွက်ကို စစ်မှုထမ်းဥပဒေကို မလုပ်ကြဘူး။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်အန္တရာယ်ရှိမှသာ စစ်မှုထမ်းဥပဒေကို လုပ်ကြတာ။ စစ်မှုထမ်းလုပ်တာ ကို ကမ္ဘာမှာ လက်ချိုးရေလို့ ရတယ်။ အဓိက သဘော မတူတာက ကုန်ကျစရိတ် သိပ်များတယ်။
ဒေါက်တာ အောင်မျိုး စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ
ပြည်သူ့စစ်ပဲ ဖြစ်ဖြစ် Citizen army ခေါ်တဲ့ အရန်တပ်ပေါ့။ Citizen army မှာဆိုရင် ကမ္ဘာမှာ အကောင်းဆုံးက အစ္စရေးပေါ့။ သူတို့က လူတိုင်း စစ်မှုထမ်းပေမယ့် ကိုယ့်အလုပ်ကိုယ် လုပ်နေကြ တယ်။ ဖွဲ့စည်းပုံကလည်း ရှိပြီးသားကိုး။ ရောက်ရာက နေပြန်လာပြီး သူ့ယူနီဖောင်းဝတ်ပြီး ဝင်တာ။ နောက် တစ်ခုကတော့ လုံးလုံးပြည်သူ့စစ်ပေါ့။ သူကလည်း ပြည်သူ့စစ်တပ်ရင်းကြီးတွေ ဖွဲ့ထားတယ်။ အစ္စရေး ကျတော့ ပုံမှန်တပ်ရှိတယ်။ ပြီးတော့မှ အရန်တပ်သွား တယ်။ ဆွစ်ဇာလန်ကျတော့ တပ်ရင်း တပ်ဖွဲ့အကုန် လုံးက ပြည်သူ့စစ် တပ်ရင်းတပ်ဖွဲ့ချည်းပဲ။ အမြဲတမ်း တပ် ဆိုတာက လေ့ကျင့်ရေး တပ်မကြီးပဲ ရှိတယ်။ ဆွီဒင်ကလည်း မဝင်မနေရ စစ်မှုထမ်းစနစ် ဖြစ်တယ်။ နောက် တောင်ကိုရီးယားကလည်း မဝင်မနေရ စစ်မှုထမ်းစနစ် ဖြစ်တယ်။ အဲဒါတွေ လိုက်ကြည့်လိုက် တဲ့အခါ အကုန်လုံးက သေးငယ်ပြီးတော့ ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံတွေ ဖြစ်နေတယ်။ စစ်ပညာ ဂျာနယ် မှာ ၁၉၆၀ ပြည့်နှစ်မတိုင်မီက ပြည်သူ့စစ်နဲ့ ပတ်သက်တဲ့ ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ဖတ်ခဲ့ ရတယ်။ သူကသေးငယ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ မဝင်မနေရစနစ်က အဆင်ပြေတယ်။ နောက်တစ်ခုက ပြည်တွင်းမှာ နိုင်ငံရေးအားဖြင့် ဝိဝါဒ ကွဲပြားမှု လုံးဝမရှိရဘူး။ တောင်ကိုရီးယား ဆိုရင် မရှိဘူးလေ။ အားလုံးက မြောက်ကိုရီးယားကို ရန်သူအဖြစ် သဘောထားတယ်။ တညီတညွတ်တည်း တုံ့ပြန်မယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ နောက်တစ်ခုက အစ္စရေးဆိုရင်လည်း လုံးဝကွဲပြားမှုမရှိဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကျတော့ လက်ရှိအနေ အထားမှာ တပ်မတော်နဲ့ တပ်မတော်ထောက်ခံသူ ရှိတယ်။ တပ်မတော်ကို မထောက်ခံသူ ရှိတယ်။ အဲဒီတော့ နိုင်ငံရေးအရ သဘောထားကွဲပြီး ကွဲတဲ့သူ တွေက အပိုင်းလိုက်မနေဘူး။ ဥပမာ - မေးစရာရှိ တယ်။ နိုင်ငံရေးအရ သဘောထားကွဲတယ်ဆိုရင် မဝင်မနေရ စစ်မှုထမ်းစနစ်နဲ့ အမေရိကန် ပြည်တွင်း စစ်ကြီးမှာ သုံးခဲ့တာပဲ ကျွန်တော့်ကို မေးခွန်းထုတ်စရာ ရှိတာပေါ့။ အမေရိကန် ပြည်တွင်းစစ်ကြီးမှာကျတော့ ပြည်ထောင်စုဘက်မှာ နေမယ်ဆိုတဲ့ ပြည်နယ်တွေက တစ်စိတ်တစ်ဝမ်းတည်းချည်းပဲ။ သဘောထားကွဲတဲ့သူ က နည်းနည်းလေးပဲ။ ကွဲတဲ့သူကလည်း တောင်ပိုင်း သွားပေါ့။ ထိုနည်းတူစွာပဲ တောင်ပိုင်းပြည်နယ်တွေ ကလည်း ငါတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ရ မယ်။ နိုင်ငံရေးအတွက် ဝိဝါဒ မရှိဘူး။ နှစ်ဖက်စလုံးက မဝင်မနေရ စစ်မှုထမ်းစနစ်လုပ်တယ်။ လူတွေခေါ် တယ်ပေါ့နော် နောက်ဆုံးပြောချင်တဲ့ အဖြေထွက်တာ က နိုင်ငံရေးအရ ဝိဝါဒမကွဲတဲ့ နိုင်ငံတွေမှာ အသုံးချ လို့ရတယ်။ မြန်မာပြည်မှာလို နယ်နိမိတ်လည်း မကွဲ ဘူး မိသားစုတစ်စုတည်းမှာကို ကြံ့ခိုင်ရေး ထောက်ခံ သူနဲ့ တပ်မတော် ထောက်ခံသူနဲ့ NLD ထောက်ခံသူနဲ့ ဖြစ်နေတယ်။ ရပ်ကွက်ထဲမှာလည်းပဲ စစ်သားတွေက လည်း ၁၉၄၈ ခုနှစ်တည်းက ယနေ့အထိက စစ်သား အရေအတွက်က သန်းဂဏန်းဖြစ်နေပြီ။ အဲဒီ ထောက်ခံတဲ့အုပ်စုနဲ့ ဆန့်ကျင်ဘက်က အုပ်စုက လည်း တစ်ရပ်ကွက်တည်း ဖြစ်နေတော့ အန္တရာယ် ကြီးတယ်။ ဘယ်သူ ရှုံးတာ၊ နိုင်တာကို မပြောဘူး အဓိက လက်ထဲကို သေနတ်တွေရောက်သွားရင် သတ်ကြ၊ ဖြတ်ကြ ကိန်းဂဏန်းက တအား ကြီးသွား မယ်။ ဒါက တချက်ပေါ့။ တချို့ကပြောတယ်။ တချို့ တပ်မတော်ထောက်ခံသူကပေါ့။ နီပိတ်တွေ အစွန်း ရောက်တွေ အထဲရောက်လာရင် ငါတို့က ဘယ်လို လေ့ကျင့်ခန်းမှာ ကိုင်လိုက်မယ်ပေါ့။ ကျွန်တော်တို့မှာ အားနည်းချက်က ဒီဥပဒေပေါ့ ထိန်းချုပ်မှုကို အရမ်း အားပြုတာ။ လူတွေရဲ့ စိတ်ကို အားမပြုဘူး။ အစိုးရ တကယ်လုပ်ရမှာက ပြည်သူ့စစ်ကို ကျယ်ကျယ်ပြန့် ပြန့်ဖွဲ့စည်းရမယ်။ ပါတီကို အခြေပြုပြီး ဖွဲ့စည်းရမယ်။ ဒီလိုပဲ ဖြစ်ဖို့ရှိတယ်။
ဦးလှဌေး နိုင်ငံရေး လေ့လာသုံးသပ်သူ
စစ်မှုမထမ်းမနေရစနစ်က နိုင်ငံတကာမှာ ကျင့်သုံးနေတာက ကိုယ့်နိုင်ငံကို ပြည်ပနိုင်ငံတွေက လာပြီး ကျူးကျော်လာမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား တွေက မျိုးချစ်စိတ်နဲ့ တာဝန်ယူရတယ်။ တာဝန်ထမ်း ဆောင်ဖို့ဆိုပြီး ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော်တို့ဆီက ပြည်ပရန် မရှိဘူးဗျ။ ပြည်ပကနေ ကျူးကျော်လာတာ မရှိဘူး။ မရှိဘဲနဲ့ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေသည် ထွက်ပေါ်လာတဲ့ အနေအထား ဖြစ်တယ်။ လူထုကြားမှာ ကြုံတွေ့နေရတာက မိဘတွေ၊ လူငယ်တွေ တုန်လှုပ်ချောက်ချားသွားကြ တယ်။ ယောက်ယက်ခတ်တယ်။ ဘယ်ကို သွားရမယ်၊ ဘယ်ကိုလှမ်းရမယ်ဆိုတာ ရည်ရွယ်တာတွေ၊ မေးတာ မြန်းတာ ပြင်ဆင်တာတွေကို ကျွန်တော်တို့က လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့လာရတယ်။ လူငယ်တွေ လမ်းမှားရောက်သွားမှာကို စိုးရိမ်တယ်။ အဲဒီတော့ ဥပဒေနဲ့ပတ်သက်ပြီးတော့ အဓိက က ဘာကို ရည်ရွယ်တာလဲ၊ ဘာကို လုပ်ချင်တာလဲ ဆိုတာကို တိတိကျကျ စနစ်တကျ သေသေချာချာ ရှင်းပြဖို့လိုတယ်ဗျ။ ဒီစာလေးတစ်ခုကို ဖတ်ပြီး လူငယ်တွေက ငါတို့ စစ်မှုထမ်းရမယ်၊ ငါတို့ စစ်မှုထမ်းရင်တော့ ဒုက္ခတွေ ရောက်တော့မှာပဲ၊ အန္တရာယ်တွေ ဖြစ်တော့ မှာပဲ၊ ဟိုနေရာ မသွားချင်ဘူး ဘယ်နေရာသွားရင် ကောင်းမလဲဆိုတဲ့ အတွေးတွေ ဝင်တာကို စိုးရိမ်ဖွယ်ရာတွေ့ရတယ်။ ဒါကြောင့် စစ်မှု ထမ်းဥပဒေက ဘာကြောင့် ထုတ်ပြန်တာလဲ၊ ဘယ်လို တွေ စစ်မှုထမ်းရမှာလဲ၊ ဘယ်လိုဆောင်ရွက်ရ မှာလဲဆိုတာကို အမြန်ဆုံး အသေအချာလေး ရှင်းပြ သင့်တယ်လို့ ကျွန်တော်မှတ်ချက်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်က လူငယ်တွေ ဒုက္ခရောက်မှာ စိုးလို့ပါ။ ပထမဆုံးက ဘဏ္ဍာငွေပေါ့နော်။ ဒီအချိန်အခါမှာ ဒီလို စစ်မှုထမ်းရ မယ်ဆိုတာက ဘယ်လောက်အထိ တကယ်လိုအပ် နေလို့လဲ။ ကျွန်တော်တို့ဆီမှာ ပြည်ပရန်မရှိပါဘူးဗျာ။ ပြည်တွင်း တိုက်ခိုက်နေရတာပဲ ရှိပါတယ်။ အဲဒီ ပြည်တွင်းရေးကိစ္စအတွက် ဒီလောက်အထိပဲ လုပ်ဖို့လုပ်နေသလား။ နိုင်ငံတော်ဘတ်ဂျက်ကို ဘယ်က သုံးမှာလဲ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း နည်းပါးနေတယ်၊ ရှိတဲ့ဘတ်ဂျက်ကလေးနဲ့ မနည်းရုန်းကန်ပြီး လူးသာလိမ့်သာသွားနေတဲ့အချိန် မှာ ဒီဘတ်ဂျက်က မနည်းဘူးသုံးရမယ့် အခြေအနေ။ ဘယ်က ငွေတွေကို သုံးမှာလဲ။ ဒါတွေကိုပဲ ဦးတည် သွားပြီး သုံးနေတယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ တိုင်းပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း ဆုတ်ယုတ်သွားဖို့ပဲ ရှိတယ်။ ၁၈ နှစ်ပြည့် ပြီးသား လူငယ်တွေက တော်တော်လေးစိုးရိမ်ပြီး တုန် လှုပ်ချောက်ခြားနေတာကို တွေ့ရတယ်။ ကျွန်တော် တို့ဆီကိုလည်း ဆက်သွယ်ပြီး မေးတာမြန်းတာ ရှိလာတယ်။ လူငယ်တွေ လမ်းမှားရောက်သွားမှာ၊ လမ်းမှားထွက်သွားမှာ စိုးရိမ်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းသိမ်းပေးဖို့၊ စနစ်တကျ ပြုလုပ်ပေးဖို့ လိုတယ်ဗျ။