“အနုပညာလောကထဲက အပျော်၊ အပျက် နဲ့ ဘဝရှင်သန်ရေး”
114
အိဖြူ (NP News) - နိုဝင်ဘာ ၁၈
ပိုင်တံခွန် မင်္ဂလာသတင်းနောက်ဆက်တွဲဂယက်
ပိုင်တံခွန်က သူ့ရဲ့ချစ်သူမိန်းကလေးထံ လက်ထပ်ခွင့်တောင်းလိုက်တဲ့နောက်မှာတော့ အမျိုးသမီးထုက ပိုင်တံခွန်လို သစ္စာရှိပြီး ကတိတည်တဲ့ယောကျာ်းမျိုး လိုချင်မိကြောင်း ပြောဆိုလာကြပြီး၊ အမျိုးသားထုကတော့ (၄) နှစ်လုံး တစ်ကြိမ် တစ်ခါမှ စိတ်ဆင်းရဲအောင်မလုပ်ဖူးတဲ့ နားလည်မှုအပြည့်အဝရှိတဲ့ အမျိုးသမီးမျိုး လိုချင်မိကြောင်း လူမှုကွန်ရက် တစ်ခွင်မှာ အပြန်အလှန်ရေးသားလာကြပါတယ်။
မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာ (၂၀၂၄) ခုနှစ် နိုဝင်ဘာလ(၈)ရက်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဟန်မြစ်ဘေးမှာ ချစ်သူမိန်းကလေး မလင်းမြဖြူထံ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ လက်ထပ်ခွင့်မတောင်းခင် ပိုင်တံခွန်က “(၄) နှစ်ကျော်ကာလမှာ သဲက မောင့်ကိုတစ်ခါမှ စိတ်ညစ်အောင်မလုပ်ဖူးဘူး။ မောင်စိတ်ဆင်းရဲအောင် လည်း တစ်ခါမှ မလုပ်ဖူးဘူး။ မောင့်စိတ်ကိုနည်းနည်းလေးတောင် စိတ်ညစ်သွားအောင် သဲ မလုပ်ခဲ့ဘူး။ အဲဒီအတွက် မောင်ကကျေးဇူးအများကြီးတင်ပါတယ်” မောင် လွန်ခဲ့တဲ့ (၄) နှစ်ကျော်က ပေးထားတဲ့ကတိကို မှတ်မိလား။ မောင်အသက် (၂၈) နှစ်ပြည့်တဲ့နေ့ကျရင် လက်ထပ်ခွင့်တောင်းမယ်လို့ပြောခဲ့တယ်လေ။ အဲဒီကတိအတိုင်း သဲလေး တစ်ဘဝလုံးကို တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီ၊။ သဲကို မောင်အရမ်းချစ်တယ်။ Will you marry me..လို့ပြောရင်း ချစ်သူမိန်းကလေး ရှေ့ဒူးထောက်ကာ စိန်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကလည်း လက်ထပ်ခွင့် တောင်းတာကို သဘောတူလက်ခံခဲ့တာပါ။
ပိုင်တံခွန်က ချစ်သူမိန်းကလေးထံ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုရုပ်သံ ဆိုရှယ်ပလက်ဖောင်းထက်ဖော်ပြပြီးတာနဲ့ တစ်ပြိုင်နက် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတကာမီဒီယာတွေ အပါအဝင် ဆိုရှယ်ပလက်ဖောင်း တစ်ခွင်မှာ လူကြည့်များ ပျံ့နှံ့ခဲ့ပါတယ်။ ချစ်သူမိန်းကလေးရဲ့နာမည်အပါအဝင် မိသားစုအသိုင်းအဝိုင်း၊ ချမ်းသာကြွယ်ဝမှု တွေကို စုံစမ်းခဲ့ကြပြီးတခြားသောလူပုဂ္ဂိုလ်တွေရဲ့ငွေကြေးချမ်းသာမှုနဲ့ခိုင်းနှိုင်းကာ ပုံစံမျိုးစုံရေးသားဖော်ပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ပိုင်တံခွန်ကလည်း ၎င်းမှာ ချစ်သူရှိကြောင်း ဖုံးကွယ်ခဲ့ခြင်းမျိုးမရှိခဲ့ဘဲ တရားဝင် အသိပေးထား သူဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းရဲ့ချစ်သူမိန်းကလေးက ဆိုရှယ်မီဒီယာထက်မှာ အနေအထိုင်ပိရိခဲ့ရုံမက ပိုင်တံခွန် နိုင်ငံရေးပြစ်မှုနဲ့ ပြစ်ဒဏ် ကျခံနေရချိန်မှာလည်း စွန့်ခွာသွားခဲ့ခြင်းမျိုးမရှိခဲ့ဘဲ အခက်အခဲများကို အတူဖြတ်ကျော်ခဲ့ကာ သစ္စာရှိစွာ စောင့်ဆိုင်းခဲ့ သလို မိသားစုဝင်တွေအပေါ်ပါ ကူညီစောင့်ရှောက်ဖေးမခဲ့သူဖြစ်တယ်လို့ ကြားသိထားရပါတယ်။ အသက် ၂၈ နှစ်သာရှိသေးတဲ့ ပိုင်တံခွန်အတွက် မင်္ဂလာသတင်း က စောသေးတယ်လို့ဆိုနိုင်ပေမယ့်လည်း ပိုင်တံခွန်ရဲ့ပြည်တွင်း ပြည်ပပရိသတ်တွေကတော့ ၎င်းတို့ချစ်သူနှစ်ဦးရဲ့မင်္ဂလာပွဲပုံရိပ်တွေကို စောင့်မျှော်နေကြပြီပဲဖြစ်ပါတယ်။
အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့အိမ်ထောင်ရေး ဆုံးခန်းတိုင်ခြင်း
အဆိုတော် အောင်လနဲ့ ကွာရှင်းပြတ်စဲမှုပြီးစီးကြောင်း တရားရုံးအတည်ပြုကြေညာချက်ကို အဆိုတော် ဝိုင်းစုခိုင်သိန်းက (၂၀၂၄) ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်က နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထည့်သွင်းကြေညာခဲ့ပါတယ်။
“(၂၀၂၃) ခုနှစ် ဖေဖော်ဝါရီလပိုင်းထဲမှာ ရှိစဉ်ကတည်းက နှုတ်ကတိ၊ စာကတိနဲ့ ကွဲကွာခဲ့ပြီးသား ဖြစ်ပေမယ့် အခုတော့ တရားဝင်ဖြစ်သွားပါပြီ” လို့ ဝိုင်းစုခိုင်သိန်းရဲ့ မိခင်က သူ့ရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက် အကောင့်မှာ တရားဝင် အသိပေးထားပါတယ်။
ဝိုင်းစုခိုင်သိန်းက သူ့ရဲ့ခင်ပွန်းဟောင်းဖြစ်သူ ဇွဲရန်အောင်လှ(ခ)အောင်လကိုဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် တရားရုံးမှာ တရားမကြီးအမှု အမှတ်-၁၁၀/၂၀၂၃ မှာ “လင်မယားကွာရှင်း ပေးစေလိုမှု” နဲ့ စွဲဆိုခဲ့ခြင်းမျိုးဖြစ်ပါတယ်။ သူမရဲ့ရင်ဖွင့်ချက်အရ အိမ်ထောင်ရှင်အမျိုးသားဖြစ်သူ အဆိုတော် အောင်လနဲ့ အိမ်ထောင်ရေးအဆင်မပြေမှုများ ရှိခဲ့ရုံမက အိမ်ထောင်ရေးဖောက်ပြန်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုမြောက်စေတဲ့ ရိုက်နှက်နှိပ်စက် ကျူးလွန်ခံရမှုတွေနဲ့ လည်း ရင်ဆိုင်ခဲ့ရကြောင်း ကာယကံရှင်ဖြစ်သူ ဝိုင်းစုခိုင်သိန်းကိုယ်တိုင်က မီဒီယာတွေထံ ထုတ်ဖော်ပြောပြထား ချက်များအရ သိရပါတယ်။ ဒါပေမယ့် ဝိုင်းစုခိုင်သိန်းက တခြားသောပြစ်မှုများနဲ့ တရားစွဲဆိုခြင်းမျိုး လုပ်ဆောင်ခြင်း မရှိခဲ့ဘဲ နှစ်ဦးသားကြား စိတ်သဘောထားခြင်း မတိုက်ဆိုင်မှုများကြောင့် “လင်မယား ကွာရှင်းပေးစေလိုမှု” တစ်ခုတည်းနဲ့သာ တရားစွဲဆိုခဲ့ခြင်းမျိုးဖြစ်တယ်လို့လည်း ကြားသိရပါတယ်။ အဆိုတော် အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့က (၂၀၁၈) ခုနှစ် မတ်လမှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင် လက်ထပ် ထိမ်းမြားခဲ့ခြင်းဖြစ်ပြီး လက်ထပ်ပြီး ငါးနှစ်အကြာ (၂၀၂၃) ခုနှစ်မှာ အိမ်ထောင်ရေးပြဿနာတွေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
အောင်လ (ခ) ဇွဲရန်အောင်လှဟာ (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနောက်ပိုင်း တည်ဆဲနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအပေါ် စော်ကားပုန်ကန်မှု အကြမ်းဖက်အားပေး အားမြှောက်ပြုမှုတွေနဲ့ (၂၀၂၂) ခုနှစ် ဧပြီလ (၄) ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ခ)အရ ပြစ်မှု ထင်ရှားခဲ့ရာ အင်းစိန်ဗဟို အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံ စေရန် ထောင်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ ၎င်း အကျဉ်းကျ ခံနေရစဉ် ဇနီးဖြစ်သူ ဝိုင်းစုခိုင်သိန်းဘက်က သွားရောက် တွေ့ဆုံခြင်း၊ ကူညီပံ့ပိုးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ပြောပြခဲ့ဖူးပါတယ်။ ၎င်းတို့နှစ်ဦးသား အိမ်ထောင်ရေးပြဿနာ ဟာ နိုင်ငံရေးဖြစ်စဉ်များနဲ့သက်ဆိုင်မှုမရှိပေမယ့် အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့်ဖြစ်တယ်လို့လည်း အနုပညာမောင်နှမ တချို့က ဆိုကြပါတယ်။
အဆိုတော် အောင်လက (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့) မှာနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အဆို တော် အောင်လရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု လူမှုရေးအရှုပ်အထွေးများစွာ ထွက်ပေါ်ခဲ့သလို အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့အရှုပ်ထွေး ဇာတ်လမ်းများလည်း ထွက်ပေါ်ခဲ့တာပါ။ အနုပညာရှင်တွေရဲ့လူမှုရေးရာကိစ္စရပ်တွေမှာ မကောင်းသတင်းတွေ ဘယ်လောက်ပဲထွက်ပေါ်လာပါစေ ၎င်းတို့ရဲ့ပရိသတ်တွေကတော့ မျက်စိစုံမှိတ်ယုံကာ အားပေးနေကြဆဲပင်ဖြစ်ပါ တယ်။
အဆိုတော်ရေမွန် နေထိုင်ခဲ့တဲ့ တိုက်ခန်း ရောင်းချ
အဆိုတော် ရေမွန်(ခ)တွတ်ပီ နေထိုင်ခဲ့တဲ့ တိုက်ခန်းကို ကျန်ရစ်သူမိသားစုဝင်က ပြန်လည် ရောင်းချလိုကြောင်း အရောင်းပို့စ်တင်ကာ ကြော်ငြာထားပါတယ်။
ရေမွန်ရဲ့တိုက်ခန်းတည်ရှိရာနေရာမှာ မြောက်ဒဂုံမြို့နယ် (၃၀) ရပ်ကွက် ဒဂုံရွှေပြည်ဈေးနဲ့ ဦးကြင်ဥဈေးအနီး တည်ရှိပြီး တတိယထပ်(၄) လွှာ ၊ (၁၆ ထ ၅၄ ပေ) ကျယ်ဝန်းတဲ့ တိုက်ခန်းဖြစ်ပါတယ်။
အဆိုတော်ရေမွန်က (၂၀၂၁) ခုနှစ် အာဏာထိန်းမှုဖြစ်စဉ်မတိုင်ခင် တောမခိုခင်အချိန်ထိ အဆိုပါ မြောက်ဒဂုံ တိုက်ခန်းမှာနေထိုင်ခဲ့ကာ သီချင်းများစွာဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ ရေမွန်ရဲ့မိခင် ဒေါ်ခင်မြတ်မွန်က အဆိုပါတိုက်ခန်းကို သိန်းတစ်ထောင့်ခုနစ်ရာနဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း အရောင်းပိုစ့်တင်ခဲ့ပြီး အကျိုးဆောင်ထံ အပ်နှံထားကြောင်း သိရပါတယ်။ “ခုခေတ်ခုခါမှာ လူတိုင်းနီးပါး ငွေကြေးကျပ်တည်းနေကြမှာ သိပါတယ်။ ကိုယ်တွေလည်း အပါအဝင်ပါ။ ဒါပေမဲ့ ငွေပို ငွေလျှံလေး လက်ဝယ်ရှိတဲ့ Raymond ချစ်သူ စေတနာရှင် တစ်ဦးတလေက တွတ်ပီအခန်းလေး ပြန်ဝယ်ပေးနိုင်ရင်တော့ ကျေးဇူးအထူးတင်ရှိမိမှာပါ။ ပြန်ဝယ်တယ်လို့ သဘောမထားဘဲ သူ့အခက်အခဲကို ကူညီဖြေရှင်းပေးတာလို့ပဲ သတ်မှတ်မှာပါ” လို့ ဒေါ်ခင်မြတ်မွန်က အရောင်း ပိုစ့်တင်ကာ အကူအညီတောင်းခံစကားဆိုထားပါတယ်။
ဒါပေမဲ့လည်း ရေမွန်ရဲ့မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်ရဲ့အသက်အရွယ် ကျန်းမာရေးအခြေအနေအရ အထပ်မြင့်တိုက်ခန်းမှာ ဆက်လက်နေထိုင်ဖို့ အဆင်မပြေမှုတွေရှိလာတဲ့အပြင် ကျန်ရစ်သူမိသားစုဘဝ ရှင်သန်နေထိုင်ရေးအတွက် အထပ်နိမ့်၊ အခန်းကျယ်တစ်ခန်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေရခြင်းမျိုးဖြစ် ကြောင်း ပြောပြထားပါတယ်။ မိခင်ဖြစ်သူ ခင်မြတ်မွန်က အဲဒီတိုက်ခန်းကို တေးရေး၊ တေးဆို ရေမွန် အသုံးပြုခဲ့တဲ့ အမှတ်တရပစ္စည်းတွေထားရာ ပြခန်းလေးအတွက် သိမ်းဆဲထားရှိဖို့ ကနဦး ရည်ရွယ်ခဲ့ တာဖြစ်ပါတယ်။ ရေမွန်က ဂီတလောကမှာ အရည်အချင်းပြည့်ဝတဲ့အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် အနု ပညာနဲ့ နိုင်ငံရေး ရောယှက် လာတဲ့အခါ (၂၀၂၁) ခုနှစ် တပ်မတော်အာဏာထိန်းမှုဖြစ်စဉ်နောက်ပိုင်း လက် နက်ကိုင်ပုန်ကန်ရေးလမ်းစဉ်ကို ရွေးချယ်သွားခဲ့ပြီး ကရင်လက်နက်ကိုင်ထိန်းချုပ်နယ်မြေသို့ တောခိုခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်နယ်မြေထဲမှာပဲ အစာအိမ်သွေးကြော ပေါက်သွားခြင်း၊ ငှက်ဖျားရောဂါ အစရှိ တဲ့ ရောဂါနာမည် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အကြောင်းရင်းသေချာမသိ အသက် သေဆုံးခဲ့ရတာဖြစ် ပါတယ်။ တခြားတစ်ဖက်မှာတော့ လက်နက်ကိုင်နယ်မြေထဲမှာ အဖွဲ့သားအချင်းချင်းလုပ်ကြံမှု ကြောင့် သေဆုံးခဲ့ရခြင်းမျိုးဖြစ်ကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ တည်ဆဲအစိုးရက အကြမ်းဖက် အားပေး လက်နက်ကိုင်ပုန်ကန်မှုလုပ်ဆောင်ခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့နာရေးကို တိုင်းရင်းသားနယ်မြေ ထဲအထိ ၎င်းရဲ့မိသားစုဝင်များ သွားရောက်မှုကိုလည်း မျက်ကွယ်ပြုခွင့်ပြုပေးခဲ့သလို ၎င်းရဲ့ ပိုင်ဆိုင်မှုတွေ ကိုလည်း တည်ဆဲအစိုးရက သဘောထားကြီးစွာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခြင်းမျိုး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့တာ ကို တွေ့ရပါတယ်။ အဆိုတော် ရေမွန်(ခေါ်)တွတ်ပီဟာ (၂၀၂၁) ခုနှစ် ဇွန်လ (၂၃) ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းကွယ်လွန်တာ (၂၀၂၄) ခုနှစ် ဇွန်လ ၂၃ ရက်က (၃)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ နားခွင့်ပြုပါ...