ရင်သပ်ရှုမောဖွယ် တင်ဆက်မှုများဖြင့် ပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သော ပဉ္စမကြိမ်မြောက် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲ
603
သတင်းအဖွဲ့ (NP News) - ဒီဇင်ဘာ ၁ဝ
ပဉ္စမကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားမှာ ရင်သပ်ရှုမောဖွယ် တင်ဆက်မှုများဖြင့် ပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း သိရသည်။
ကစားသမား(၉၀၀၀)ကျော်ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီအချိန်က နေပြည်တော်ကောင်စီနယ်မြေရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အားကစားပွဲတော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
"လူငယ်များ၏ ပညာရေးနှင့်ကျန်းမာရေးကို အားကစားကဏ္ဍနှင့်ပေါင်းပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန် အားကစား သမားများပေါ်ထွက်ရေးအတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်အထိ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိသောကြောင့် ကျောင်းသားလူငယ်များနှင့် မသန်စွမ်းသူများ အပါအဝင် ပြည်သူတစ်ရပ်လုံးက လိုက်ပါဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏အားကစား အဆင့်အတန်းသည် ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း၊ တိုးတက်အောင်မြင်မှုအထိုက် အလျောက်ရနေပြီ လည်း ဖြစ်ကြောင်း၊ အားလုံးက ထိုအပေါ်တွင် ကျေနပ်မနေဘဲ ယခုထက် ပိုပြီးအောင်မြင်အောင်၊ အတိတ်ကကဲ့သို့ အောင်မြင်မှုမျိုးရရှိအောင်၊ နိုင်ငံတကာအလယ်တွင် မြင့်မြင့်မားမားရပ်တည်နိုင်အောင် “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဟူသည့် ရည်မှန်းချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလို ကြောင်း" လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။
ဖွင့်ပွဲတွင် အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးစစ်သည်များက အမျိုးသားအားကစားပွဲတော်အလံနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလံများကို ဝေဟင်ထက်မှ မြေပြင်သို့ ချိတ်ဆွဲသယ်ဆောင်၍ ကွင်းအတွင်းသို့ ဂုဏ်ပြုဆင်းသက်ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အလေးပြုသည့် အစီအစဥ်လည်း ပါဝင်ခဲ့ သည်။
မြန်မာ့အားကစားရွှေခေတ်ကာလ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားဟောင်းကြီးများက အမျိုးသား အားကစားပွဲတော်အလံကို ကွင်းအတွင်းသို့ သယ်ဆောင်လာပြီး အလံကို လွှင့်တင်သည့် အစီအစဥ်၊ ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် မီးရှူးတိုင်ကို မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများက လက်ဆင့်ကမ်းသယ်ဆောင်၍ အထူးတန်းပွဲကြည့်စင်ရှေ့စင်မြင့်ပေါ်ရှိ မီးရှူးတိုင်တွင် မီးထွန်းညှိ သည့် အစီစဥ်လည်း ပါဝင်သည်။
ဖျော်ဖြေရေး အစီစဥ်အတွင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အထင်အရှားရှိခဲ့သည့် ခေတ် (၆)ခေတ်ကို ကိုယ်စားပြုသည့် ယိမ်းအကများဖြင့် သရုပ်ဖော်တင်ဆက်မှုပြုလုပ်ရာ ခေတ်အလိုက်အကများကို လူအများ အားပေးသဘောကျခဲ့ကြသည်။
မြန်မာ့ရိုးရာခြင်းလုံးနှင့်ပတ်သက်၍ သမိုင်းနှင့်သရုပ်ဖော်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ အားကစားသမားများက ပူးပေါင်းတင်ဆက်ရာ လူအများအားပေးခဲ့ကြသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ အဖွဲ့ဝင်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ကျောင်းသား ကျောင်းသူများက သရုပ်ပြဖျော်ဖြေမှုများ၊ တေးသီချင်းများဖြင့် သီဆိုတင်ဆက်မှုများကိုလည်း ပြုလုပ်ခဲ့ရာ လူအင်အားအများအပြားဖြင့် စိတ်ဝင်စားဖွယ်တင်ဆက်ခဲ့သည့်အပေါ် ပရိသတ်များ စိတ်ဝင်စားခဲ့ကြသည်။
လက်ရှိကျင်းပနေသော ပဉ္စမအကြိမ်မြောက်အားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း (၄)နည်းပါဝင်ကြောင်း သိရသည်။ အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်ဖြင့် ရန်ကုန်မြို့၌ (၃)ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး နေပြည်တော်တွင်၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်နှင့် ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ်ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသားအားကစားပွဲတော်၏ ပိတ်ပွဲအခမ်းအနားကို လာမည့် (ဒီဇင်ဘာ ၂၀ ရက်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။