ဧပြီလမှစတင်ကာ တရုတ်ပြည်သို့သစ်သီးတင်ပို့ရာ၌ ထုတ်ပိုးမှုစနစ်ပြောင်းလဲရမည်

353

NP News - မတ်လ ၂၃
မြန်မာ့ သီးသစ်ဝလံများကို တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ လာမယ့် ဧပြီ ၁ ရက်မှစတင်ကာ သစ်သီးများအား လုံးချင်း(သို့မဟုတ်)တစ်စုချင်းထုပ်ပိုး (Packing) စနစ်ဖြင့် တင်ပို့ရန် မူဝါဒပြောင်းလဲထားကြောင်း နယ်စပ် သစ်သီးဝလံကုန်သည်များ ထံမှသိရသည်။
မြန်မာ့သစ်သီးဝလံများဖြစ်သည့် ဖရဲ၊ သခွားနှင့် သရက်တို့ကို မိုင်းလားနယ်စပ်မှတဆင့် တရုတ်နိုင်ငံတာလော့ကိုတင်ပို့ရာ၌ ယခင်က ကားစီးလုံးတိုက် 1box/truck (ဝမ်းပုံစနစ်)ဖြင့်တင်သွင်းခွင့်ပြုထားရာမှ လာမယ့် ဧပြီ ၁ ရက်မှစ၍ တရုတ်နိုင်ငံတာလော့ အကောက်ခွန်ဌာနက ခွင့်မပြုတော့ကြောင်း မတ် ၁၉ ရက်နေ့က ထုတ်ပြန် အသိပေး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုကြောင့် တရုတ်နိုင်ငံဘက်မှ သစ်သီးတင်သွင်းခြင်းနှင့်ပတ်သက်သောမူဝါဒများ ပြောင်းလဲနေခြင်းကြောင့် ပို့ကုန်သမားများ၌ ကုန်ကျစရိတ် ပိုမိုတိုးလာနိုင်ပြီးအခက်အခဲများရှိနေကြောင်း နယ်စပ်ကုန်သည်တချို့က ပြောသည်။
“လက်ရှိမှာ ဖရဲနဲ့သခွားမွှေးတော့ မိုင်းလားနယ်စပ်ကနေကုန်သွယ်နေပါတယ်။ မကြာခင် သရက်သီးကိုလည်း တင်ပို့သွားဖို့ရှိနေပါတယ်။ သရက်တို့၊ သခွားမွှေးတို့ကတော့ ပါကင်နဲ့ ပို့တာတွေရှိသလို ဖာထဲစုပုံထည့်ပြီးပို့တာတွေလည်းရှိပါတယ်။ အဓိက ဖရဲကျတော့ ကားထဲမှာထည့်ပြီးဝမ်းပုံစနစ်နဲ့ ပို့တာက ကတ်ဖာဖိုးကုန်ကျစရိတ် မရှိပါဘူး။ ပါကင်ထုပ်ပိုးပြီး ပို့မယ်ဆိုရင် ပါကင်ဖာဖိုးအတွက် ကုန်ကျစရိတ်က ထပ်ပိုသွားပြီ။ အခုဆိုရင် လုပ်ကွက်ငယ် ၊ အလယ်အလတ် တောင်သူတွေအနေနဲ့ ပိုခက်ခဲသွားပြီလို့ ပြောလို့ရပါတယ်။ အခု စစ်ကိုင်း-မိုင်းလား ကားခ ကျပ်သိန်း ၁၂၀ ကျော်၊ ကားခက စရံကြိုငွေကျပ်သိန်း ၆၀ ပေးရတယ်။ ကတ်ဖာတစ်စီးစာ ကျပ်သိန်း ၅၀ ကျော်မှာရှိတယ်။ မိုင်းလား-တာလောကားချိန်း ဂျုတီအခွန် ပေါင်းယွမ် ၁၂,၀၀၀ ရှိတယ်။မြန်မာငွေဆိုရင်ကျပ် သိန်း ၇၀ ရှိပါတယ်။ တွက်ကြည့်လိုက်ရင် တောင်သူတွေရော၊ ကုန်သည်တွေရောအခက်အခဲတွေရှိနေပါတယ်”လို့ တရုတ်နယ်စပ် သစ်သီးဝလံများတင်ပို့ရောင်းချသူ ကုန်သည်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မြန်မာဘက်မှတရုတ်ဘက်သို့ ပျမ်းမျှ သခွားမွှေးကားအစီး ၁၀၀ ကျော်နှင့် ဖရဲကား ၁၀ စီးကျော် ဝင်ရောက်နေပြီး သခွားမွှေးတစ်ကီလိုလျှင်အရည်အသွေးအလိုက် တရုတ်ငွေ ၄ ယွမ် မှ ၅ ယွမ်ခန့် ဈေး ဝန်းကျင်၊ ဖရဲသီး ၁၅ တန်အောက်ကားတစ်စီးလျှင် ယွမ် ၅ သောင်းမှ ၆ သောင်းခန့် အထိ ပေါက်ဈေးရရှိနေကြောင်းသိရသည်။

Zawgyi Version:
ဧၿပီလမွစတင္ကာ တ႐ုတ္ျပည္သို႔သစ္သီးတင္ပို႔ရာ၌ ထုတ္ပိုးမႈစနစ္ေျပာင္းလဲရမည္
NP News - မတ္လ ၂၃
ျမန္မာ့ သီးသစ္ဝလံမ်ားကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ရာ၌ လာမယ့္ ဧၿပီ ၁ ရက္မွစတင္ကာ သစ္သီးမ်ားအား လုံးခ်င္း(သို႔မဟုတ္)တစ္စုခ်င္းထုပ္ပိုး (Packing) စနစ္ျဖင့္ တင္ပို႔ရန္ မူဝါဒေျပာင္းလဲထားေၾကာင္း နယ္စပ္ သစ္သီးဝလံကုန္သည္မ်ား ထံမွသိရသည္။
ျမန္မာ့သစ္သီးဝလံမ်ားျဖစ္သည့္ ဖရဲ၊ သခြားႏွင့္ သရက္တို႔ကို မိုင္းလားနယ္စပ္မွတဆင့္ တ႐ုတ္ႏိုင္ငံတာေလာ့ကိုတင္ပို႔ရာ၌ ယခင္က ကားစီးလုံးတိုက္ 1box/truck (ဝမ္းပုံစနစ္)ျဖင့္တင္သြင္းခြင့္ျပဳထားရာမွ လာမယ့္ ဧၿပီ ၁ ရက္မွစ၍ တ႐ုတ္ႏိုင္ငံတာေလာ့ အေကာက္ခြန္ဌာနက ခြင့္မျပဳေတာ့ေၾကာင္း မတ္ ၁၉ ရက္ေန႔က ထုတ္ျပန္ အသိေပး ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထိုေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္မွ သစ္သီးတင္သြင္းျခင္းႏွင့္ပတ္သက္ေသာမူဝါဒမ်ား ေျပာင္းလဲေနျခင္းေၾကာင့္ ပို႔ကုန္သမားမ်ား၌ ကုန္က်စရိတ္ ပိုမိုတိုးလာႏိုင္ၿပီးအခက္အခဲမ်ားရွိေနေၾကာင္း နယ္စပ္ကုန္သည္တခ်ိဳ႕က ေျပာသည္။
“လက္ရွိမွာ ဖရဲနဲ႔သခြားေမႊးေတာ့ မိုင္းလားနယ္စပ္ကေနကုန္သြယ္ေနပါတယ္။ မၾကာခင္ သရက္သီးကိုလည္း တင္ပို႔သြားဖို႔ရွိေနပါတယ္။ သရက္တို႔၊ သခြားေမႊးတို႔ကေတာ့ ပါကင္နဲ႔ ပို႔တာေတြရွိသလို ဖာထဲစုပုံထည့္ၿပီးပို႔တာေတြလည္းရွိပါတယ္။ အဓိက ဖရဲက်ေတာ့ ကားထဲမွာထည့္ၿပီးဝမ္းပုံစနစ္နဲ႔ ပို႔တာက ကတ္ဖာဖိုးကုန္က်စရိတ္ မရွိပါဘူး။ ပါကင္ထုပ္ပိုးၿပီး ပို႔မယ္ဆိုရင္ ပါကင္ဖာဖိုးအတြက္ ကုန္က်စရိတ္က ထပ္ပိုသြားၿပီ။ အခုဆိုရင္ လုပ္ကြက္ငယ္ ၊ အလယ္အလတ္ ေတာင္သူေတြအေနနဲ႔ ပိုခက္ခဲသြားၿပီလို႔ ေျပာလို႔ရပါတယ္။ အခု စစ္ကိုင္း-မိုင္းလား ကားခ က်ပ္သိန္း ၁၂၀ ေက်ာ္၊ ကားခက စရံႀကိဳေငြက်ပ္သိန္း ၆၀ ေပးရတယ္။ ကတ္ဖာတစ္စီးစာ က်ပ္သိန္း ၅၀ ေက်ာ္မွာရွိတယ္။ မိုင္းလား-တာေလာကားခ်ိန္း ဂ်ဳတီအခြန္ ေပါင္းယြမ္ ၁၂,၀၀၀ ရွိတယ္။ျမန္မာေငြဆိုရင္က်ပ္ သိန္း ၇၀ ရွိပါတယ္။ တြက္ၾကည့္လိုက္ရင္ ေတာင္သူေတြေရာ၊ ကုန္သည္ေတြေရာအခက္အခဲေတြရွိေနပါတယ္”လို႔ တ႐ုတ္နယ္စပ္ သစ္သီးဝလံမ်ားတင္ပို႔ေရာင္းခ်သူ ကုန္သည္လုပ္ငန္းရွင္ တစ္ဦးက ေျပာၾကားသည္။
လက္ရွိတြင္ ျမန္မာဘက္မွတ႐ုတ္ဘက္သို႔ ပ်မ္းမွ် သခြားေမႊးကားအစီး ၁၀၀ ေက်ာ္ႏွင့္ ဖရဲကား ၁၀ စီးေက်ာ္ ဝင္ေရာက္ေနၿပီး သခြားေမႊးတစ္ကီလိုလွ်င္အရည္အေသြးအလိုက္ တ႐ုတ္ေငြ ၄ ယြမ္ မွ ၅ ယြမ္ခန႔္ ေဈး ဝန္းက်င္၊ ဖရဲသီး ၁၅ တန္ေအာက္ကားတစ္စီးလွ်င္ ယြမ္ ၅ ေသာင္းမွ ၆ ေသာင္းခန႔္ အထိ ေပါက္ေဈးရရွိေနေၾကာင္းသိရသည္။