ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ပြီ

 1237

သုတကျော် (NP News) - ဇူလိုင် ၂၄
ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာရှလမ်းမကြီးပေါ်ရှိ အဓိက အချက်အချာကျသည့် ကော့ကရိတ်မြို့ နှင့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ထိန်းချုပ်ရန်၊ နယ်စပ်ကုန်စည် စီးဆင်းမှု နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ရည်ရွယ်၍ KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား အပြီးအပိုင် သိမ်းပိုက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်-သင်္ကန်းညီနောင်လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိ ကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာ နှင့် ကြောင်ရှာကုန်းကျေးရွာတို့မှ လည်းကောင်း၊ မြို့တောင်ဘက် လမ်းဖာ-အစွန်း- တမိုင်ကုန်းမှ လည်းကောင်း၊ စစ်ကြောင်း ၂ ကြောင်းဖြင့် ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အပြင် အဝေးမှနေ၍ လက်နက်ကြီးများဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများကြောင့် ရုံး/ဌာနအဆောက်အအုံများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ ရပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ယာယီနေရပ်စွန့်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်များ ရန်သူ့လက်သို့ ကျရောက်ခြင်းမရှိစေရေးအတွက် မိမိတို့၏ အသက်ကို မဓာနမထားဘဲ သစ္စာ(၄)ချက် ရွတ်ဆိုကြသည့် တပ်မတော်သားကောင်း ရတနာများ ပီပီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ရွပ်ရွပ်ချွံချွံဖြင့် မြို့တွင်း ခုခံစစ်မှ တန်ပြန် တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၉ ရက်မှ ၂၂ ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အထိအခိုက် အကျအဆုံးများစွာ ဖရိုဖရဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ရေးသားထားသည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွားပြီးနောက် KNU ၊ KNLA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် NCA လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက် နားလည်မှုဖြင့် ခွင့်ပြုပေးထားသည့် မြန်မာ-ထိုင်း နယ်စပ်အနီး ၎င်းတို့အဖွဲ့အစည်း နေထိုင်သည့်နေရာများ၌ ပြည်တွင်းမှ နိုင်ငံရေး အရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်အနီးသို့ ထွက်ပြေး ရောက်ရှိလာသည့် ကျောင်းသား/လူငယ်များအားလုံးအား နိုင်ငံရေး၊ စစ်ရေး မတ်လုံး များပေးလျက် သွေးကြွစေပြီး အဆိုပါလူငယ်များအား အကြမ်းဖက်သင်ခန်းစာ သင်ကြားပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းစသည့် အခွင့်အရေးများ အပြည့်အဝ ရယူအသုံးချကာ KNU ၊ KNLA အဖွဲ့၏ အင်အားတိုးပွား တောင့်တင်းခိုင်မာစေရေးနှင့် KNU ၊ KNLA အဖွဲ့၏ ရှေ့ကာတပ်အဖြစ် အသေခံ အသုံးချခြင်းစသည့် ရည်ရွယ်ချက် များဖြင့် ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ပူးပေါင်းလျက် ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်များအား ပြန်လည်အကောင်အထည်ဖော်ရန်အတွက် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ-ကျုံဒိုး-ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့အား အပြီးအပိုင် သိမ်းပိုက်နိုင်ရေး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ သာလွန်အင်အားများဖြင့် လမ်းကြောင်း ၅ ကြောင်းဖြစ်သည့် အောက်ဘိုတဲ- ရန်ကုတ်- ကော့ကရိတ် လမ်းကြောင်း၊ အောက်ဘိုတဲ- မြပတိုင်- အုန်းတပင်- အင်းကြီး- ကျုံဒိုး လမ်းကြောင်း၊ ဓိကလုံ-နောင်တမံ-တာဝါလဲ- နွားခြံကုန်း-ကျုံဒိုးလမ်းကြောင်း၊ တောင်ကြာအင်း-မြောက်ကြာအင်း ကိုးတိုင်- ငါးတိုင် လေးတိုင် လမ်းကြောင်း၊ စက္ကဝက်-အောင်လှိုင်- တမိုင်ကုန်း- ကော့ကရိတ် လမ်းကြောင်းများဖြင့် ထပ်မံဝင်ရောက်လာပြီး ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ပိတ်ဆို့ပြီး ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ တို့အား အပြင်းအထန် တိုက်ခိုက်လာခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး အဆိုပါ ဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ရင်ဆိုင် ကြုံတွေ့ခဲ့ရကာ နေထိုင်စားသောက်ရေးတို့တွင် များစွာအခက်အခဲ ဖြစ်ပေါ် ခဲ့ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ နိမ့်ကျခဲ့ရကြောင်း သိရှိရသည်ဟု ရေးသားထားသည်။
ထိုသို့ KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက် ပိတ်ဆို့ထားသည့် လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မော်တော်ယာဉ် များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ သွားလာနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ တပ်မတော်စစ်ကြောင်းများက တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ လှေခွက်ကြီးကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စိတ်ဓာတ်တို့ဖြင့် ကျုံးဒိုး-ကော့ကရိတ် ကြားတွင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ရဲရဲတက် ၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၃ လကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့ တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူခေါင်းဆောင်ပိုင်းအချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခြင်းအပါအဝင် ရန်သူထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၃၀ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက် ကျဆုံးခဲ့ပြီး ဇူလိုင်လ ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်း တစ်လျှောက်အားပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ကာ ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်ကို တပ်မတော်က အပြီးတိုင် ရိုက်ချိုး နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးစဉ် ဆောင်ရွက်နေကြဖြစ်သည့် အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ် များအား မီးရှို့ဖျက်ဆီးခြင်း၊ ကားလမ်းများပေါ်၌ သစ်ပင်သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ် ပိတ်ဆို့ခြင်း၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ ကြားရှိ ညီညာသာလင်းတံတားနှင့် ၅ တိုင် တံတားအပါအဝင် အခြားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိ ရကြောင်း ရေးသားထားသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါလမ်းမကြီး တစ်လျှောက် တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော် ယာဉ်များ၊ ခရီးသွားမော်တော်ယာဉ်များ ဘေးကင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွား လာနိုင်ရေး၊ အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတား များအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြဝတီမှတစ်ဆင့် အာရှလမ်းမကြီး ပုံမှန်ပြန်လည်ဖွင့်လှစ် နိုင်ရေး ကျန်ရှိနေသည့် လမ်းပိုင်းအချို့အား အမြန်ဆုံး ဆက်လက်ရှင်းလင်းနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ကျုံဒိုး-ကော့ကရိတ်မြို့များ၏ ဒုတိယအကြိမ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများအား တရားဉပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုလည်း တစ်ပြိုင် တည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Picture

Tha Lwin

25/07/2025 09:01

ဂုဏ်ယူပါတယ် ဖိုက်တင်းပါမြန်မာ့တပ်မတော် ရှေ့တန်းရောက်တပ်မတော်သားအပေါင်းဘေးရန်ကင်းကွာကျမ္မာချမ်းသာကြပါစေ

Related news

© 2021. All rights reserved.