ရေဘေးကြောင့်စိုက်ပျိုးမြေပျက်စီးခဲ့ရသောကရင်လယ်သမားများအားမျိုးစပါးတင်း(၅၀၀၀)ထောက်ပံ့ ပေးမည်

220

သက်ပိုင်(NP News)ဩဂုတ်၁၀
ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှူများကြောင့် ရေဖုံးလွှမ်းခံရမှုကြောင့် ပျက်စီးခဲ့ရသော လယ်သမားများအား မျိုးစပါးတင်းပေါင်း(၅၀၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က The Statesman ဂျာနယ်သို့ ပြောသည်။
လက်ရှိတွင် ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် လယ်မြေဧရိယာပမာဏကို စာရင်းကောက်ယူနေပြီး ရေနစ်မြုပ်ခဲ့ရသည့် လယ်မြေဧက သုံးသောင်းကျော်ခန့်ရှိပြီး ယင်းအနက် သုံးပုံ တစ်ပုံကျော်ခန့်မှာ ပျက်စီးနိုင်ကြောင်း ၎င်းက ဆိုသည်။
“ပျက်စီးမှုမှာ တစ်ဝက်တစ်ပျက် ပျက်စီးတာနဲ့ လုံးလုံးလျားလျား ထိခိုက်ပျက်စီးတာတွေကိုတော့ ခွဲပြီးစာရင်းကောက်နေတုန်း ပါပဲ။ဒါတွေကိုပြန်ကုစားဖို့အတွက် အရံမျိုးစပါး တင်း(၅၀၀၀) ရည်ရွယ်ထားပါတယ်။ အခု ပြန်စိုက်လို့ မမှီတော့ဘူး ဆိုရင်လည်း ကျဲခင်းအနေနဲ့ ပြန်လည် ကျဲပတ်ပြီးတော့ စိုက်ပျိုးဖို့ ဆောင်ရွက်ထားပါတယ်။ အနည်းငယ် ထိခိုက်ခဲ့တဲ့ စပါးတွေကို ပြန်နာလန်ထူအောင်အတွက် ယူရီယားမြေဩဇာတွေ၊ ပိုတက်တွေကို ပံ့ပိုးသွားဖို့လည်း ရှိပါတယ် ” ဟု ဦးစောခင်မောင်မြင့် က ပြောသည်။
လက်ရှိတွင် ရေဘေးသင့် လယ်သမားများအား အခမဲ့ထောက်ပံ့ရန်အတွက် ယူရီးယားဓာတ်မြေဩဇာ အိတ်ပေါင်း (၁၃၀၀) စီစဉ်ထားပြီး သက်သာနှုန်းထား(ထက်ဝက်စျေး)ဖြင့် ရောင်းချပေးနိုင်ရန် အတွက် ဓာတ်မြေဩဇာအိတ် (၇၀၀၀)ကျော် ကိုစီစဉ်ထားရှိကြောင်းနှင့် တင်ပြလာသော လယ်သမားများ အတွက် ခွဲတမ်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ထိုသို့ ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသော လယ်သမားများကို ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်ဧကလျင် လယ်ဧက (၁၀)ဧကအထိ စိုက်ပျိုးနိုင်သည့် အရံပျိုးခင်း ဧက (၂၀) ကိုလည်း ထူထောင် ထားကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စုပေါင်း (၇၃၂၇ )စုမှ လူဦးရေ (၃၂၅၃၀)ဦးရေဘေးသင့်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၅၉ ခုဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူတစ်ဦးကို တစ်ရက်လျှင် ဆန်နှစ်ဗူး၊ ကြက်ဥ တစ်လုံးနှင့် တစ်ပတ်လျှင် အိမ်ထောင်စုတစ်စုအား စားအုန်းဆီ တစ်လီတာထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version: