ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း ပထမဆုံး ခွေးရူးပြန်ရောဂါဖြင့် မြန်မာလုပ်သားတစ်ဦး သေဆုံး

126

ALynn (NP news)- ဖေဖော်ဝါရီ ၁၄
ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပထမဆုံး ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူမှာ ရယောင်းခရိုင်မှ အသက် (၃၆) နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Bangkok Post က ဖော်ပြထားသည်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Montien Kanasawat ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အဆိုပါအမျိုးသား၏ ညာဘက်လက်ကို ခွေးပေါက်လေးတစ်ကောင်က ကိုက်ခဲ့ကြောင်း သိရသည်။ သို့သော် ၎င်းသည် ဒဏ်ရာကို ဆေးကြောသန့်စင်ခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီ (၂၃) ရက်တွင် ရေသောက်ပြီးနောက် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ခေါင်းမူးခြင်းစသည့် လက္ခဏာများ စတင်ပြသခဲ့ကြောင်း သိရသည်။ ထိုသို့ လက္ခဏာပြပြီး နှစ်ရက်အကြာ ဇန်နဝါရီ (၂၅) ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းကို ကိုက်ခဲ့သည့် ခွေးပေါက်လေးကို ပြန်ရှာမတွေ့တော့သဖြင့် ထိုခွေးတွင် ရောဂါရှိမရှိကို အတည်မပြုနိုင်ခဲ့ကြောင်းကိုလည်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
DDC ၏ အချက်အလက်များအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ချောင်ဘူရီ၊ တာ့ခ်၊ စီစကတ်၊ နခွန်ရက်ချာစီမာ၊ ချာချိုအန်းဆောင်နှင့် ရယောင်းခရိုင်တို့၌ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ (၇) ဦးအထိ ရှိခဲ့သည်။
သေဆုံးသူအားလုံးသည် တိရစ္ဆာန်ကိုက်ခံရပြီးနောက် ဆေးကုသမှု ခံယူရန် မေ့လျော့ခဲ့ကြသူများ ဖြစ်သည်။ ထို့ပြင် သေဆုံးသူ ထက်ဝက်ကျော်သည် မိမိတို့အိမ်တွင် မွေးထားသော အိမ်မွေးတိရစ္ဆာန်များထံမှ ပိုးကူးစက်ခံရခြင်းဖြစ်သည်။
ကျန်းမာရေးဌာနကမူ တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်ခံရပါက ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် ချက်ချင်းဆေးကြောရန်နှင့် ဆေးကုသမှုကို အမြန်ဆုံးခံယူရန် တိုက်တွန်းထားသည်။ ခွေးရူးပြန်ရောဂါသည် လက္ခဏာစတင်ပြသသည်နှင့် သေဆုံးရန် ရာနှုန်းပြည့်နီးပါး သေချာသလောက် ရှိနေသောကြောင့် ဖြစ်သည်။
ခွေးရူးပြန်ရောဂါသည် ရောဂါပိုးရှိသောသတ္တဝါများ၏ တံတွေး မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်။ အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာဟောင်းများကို လျက်ခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်။
ခွေးနှင့် ကြောင်များသည် လူကို ရောဂါကူးစက်စေနိုင်သည့် အဓိက သတ္တဝါများဖြစ်သည်။ ပုံမှန်အားဖြင့် ရောဂါပိုးဝင်ပြီး (၂) ပတ်မှ (၂) လအတွင်း လက္ခဏာပြတတ်သော်လည်း အချို့ဖြစ်စဉ်များတွင် တစ်နှစ်အထိ ကြာမြင့်နိုင်ပါသည်။

Zawgyi version;
ယခုႏွစ္အတြင္း ထိုင္းႏိုင္ငံ၏ ပထမဆုံး ေခြး႐ူးျပန္ေရာဂါျဖင့္ ေသဆုံးသူမွာ ရေယာင္းခ႐ိုင္မွ အသက္ (၃၆) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသားတစ္ဦးျဖစ္ေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးဦးစီးဌာန (DDC) ၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ Bangkok Post က ေဖာ္ျပထားသည္။
ေရာဂါထိန္းခ်ဳပ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Montien Kanasawat ၏ ေျပာၾကားခ်က္အရ ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းက အဆိုပါအမ်ိဳးသား၏ ညာဘက္လက္ကို ေခြးေပါက္ေလးတစ္ေကာင္က ကိုက္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ၎သည္ ဒဏ္ရာကို ေဆးေၾကာသန႔္စင္ျခင္း သို႔မဟုတ္ ကာကြယ္ေဆးထိုးျခင္းမ်ား ျပဳလုပ္ခဲ့ျခင္း မရွိေၾကာင္း သိရသည္။
ထို႔ေနာက္ ဇန္နဝါရီ (၂၃) ရက္တြင္ ေရေသာက္ၿပီးေနာက္ ရင္ဘတ္ေအာင့္ျခင္း၊ အသက္ရႉရခက္ခဲျခင္းႏွင့္ ေခါင္းမူးျခင္းစသည့္ လကၡဏာမ်ား စတင္ျပသခဲ့ေၾကာင္း သိရသည္။ ထိုသို႔ လကၡဏာျပၿပီး ႏွစ္ရက္အၾကာ ဇန္နဝါရီ (၂၅) ရက္တြင္ ေသဆုံးခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ ၎ကို ကိုက္ခဲ့သည့္ ေခြးေပါက္ေလးကို ျပန္ရွာမေတြ႕ေတာ့သျဖင့္ ထိုေခြးတြင္ ေရာဂါရွိမရွိကို အတည္မျပဳႏိုင္ခဲ့ေၾကာင္းကိုလည္း ၫႊန္ၾကားေရးမႉးခ်ဳပ္က ဆိုသည္။
DDC ၏ အခ်က္အလက္မ်ားအရ ထိုင္းႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္က ေခ်ာင္ဘူရီ၊ တာ့ခ္၊ စီစကတ္၊ နခြန္ရက္ခ်ာစီမာ၊ ခ်ာခ်ိဳအန္းေဆာင္ႏွင့္ ရေယာင္းခ႐ိုင္တို႔၌ ေခြး႐ူးျပန္ေရာဂါျဖင့္ ေသဆုံးသူ (၇) ဦးအထိ ရွိခဲ့သည္။
ေသဆုံးသူအားလုံးသည္ တိရစာၦန္ကိုက္ခံရၿပီးေနာက္ ေဆးကုသမႈ ခံယူရန္ ေမ့ေလ်ာ့ခဲ့ၾကသူမ်ား ျဖစ္သည္။ ထို႔ျပင္ ေသဆုံးသူ ထက္ဝက္ေက်ာ္သည္ မိမိတို႔အိမ္တြင္ ေမြးထားေသာ အိမ္ေမြးတိရစာၦန္မ်ားထံမွ ပိုးကူးစက္ခံရျခင္းျဖစ္သည္။
က်န္းမာေရးဌာနကမူ တိရစာၦန္တစ္ေကာင္ေကာင္ ကိုက္ခံရပါက ဒဏ္ရာကို ေရ၊ ဆပ္ျပာတို႔ျဖင့္ ခ်က္ခ်င္းေဆးေၾကာရန္ႏွင့္ ေဆးကုသမႈကို အျမန္ဆုံးခံယူရန္ တိုက္တြန္းထားသည္။ ေခြး႐ူးျပန္ေရာဂါသည္ လကၡဏာစတင္ျပသသည္ႏွင့္ ေသဆုံးရန္ ရာႏႈန္းျပည့္နီးပါး ေသခ်ာသေလာက္ ရွိေနေသာေၾကာင့္ ျဖစ္သည္။
ေခြး႐ူးျပန္ေရာဂါသည္ ေရာဂါပိုးရွိေသာသတၱဝါမ်ား၏ တံေတြး မွတစ္ဆင့္ ကူးစက္ေသာေရာဂါျဖစ္သည္။ အကိုက္ခံရျခင္း၊ အကုတ္ခံရျခင္း သို႔မဟုတ္ ဒဏ္ရာေဟာင္းမ်ားကို လ်က္ျခင္းတို႔မွတစ္ဆင့္ ကူးစက္ႏိုင္သည္။
ေခြးႏွင့္ ေၾကာင္မ်ားသည္ လူကို ေရာဂါကူးစက္ေစႏိုင္သည့္ အဓိက သတၱဝါမ်ားျဖစ္သည္။ ပုံမွန္အားျဖင့္ ေရာဂါပိုးဝင္ၿပီး (၂) ပတ္မွ (၂) လအတြင္း လကၡဏာျပတတ္ေသာ္လည္း အခ်ိဳ႕ျဖစ္စဥ္မ်ားတြင္ တစ္ႏွစ္အထိ ၾကာျမင့္ႏိုင္ပါသည္။