ဖားဆောင်းကိုပြန်လည်ထိန်းချုပ်ပြီနောက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ဆက်သွယ်ရေးလမ်းမကြီး မကြာမီ ပြန်ဖွင့်နိုင်တော့မည်

681

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၆
ကယားပြည်နယ်၊ ဖားဆောင်းမြို့ကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီနောက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ဆက်သွယ်ရေးလမ်းမကြီး မကြာမီ ပြန်ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖားဆောင်းမြို့ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် တပ်မတော်စစ်ကြောင်းများက အပြီးတိုင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖားဆောင်းမြို့အား ယာယီစိုးမိုးထားစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာအကွယ်ယူ၍ ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူများ နေအိမ်များ နှင့် ဈေးဆိုင်ခန်းများအားဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများနှင့် လူနေ/အိမ်အဆောက်အအုံများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့်ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် အဆောက်အအုံများနှင့် လူနေအိမ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တပ်မတော်စစ်ကြောင်းများက ဖားဆောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ဆက်သွယ်ရေးလမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းမကြီးအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို တပ်မတော်က ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။